(၁၀)
သူကိုယ်တိုင်ဖန်တီးရေးခြစ်ဖြစ်သော ကဗျာစာအုပ်လေးကို ဆယ်ကျော်သက်အတွေးဖြင့် “သံယောဇဉ် ပွင့်ကြွေများ”ဟု နာမည်ပေးလိုက်သည်။ ဒုက္ခသစ္စာကို စိန်ခေါ်ချင်သောအရွယ်တွင် ထိုနာမည်လေးက သဘာဝကျပါသည်။ အင်းဝမြို့ကြီး၏ လမ်းမများပေါ် ဆွမ်းခံကြွရင်း ကဗျာအတွေးများလက်နေခဲ့ဖူးသော ကိုရင်လေးရှင်မဟာရဋ္ဌသာရကို သူလည်း အားကျခွင့်ရှိသည်မဟုတ်လား။
ကဗျာလက်ရေးစာမူလေးကို စာအုပ်အဖြစ်ဖန်တီးဖို့ ဂက်စတင်နာ(Gestetner)ဖယောင်းစက္ကူပေါ်တွင် သူရေးခြစ်ပြီးပြီ။ ဦးကဉ္စနရောက်လာတော့ သူရေးထားသည့် စာအုပ်ပုံစံလေးကို သဘောကျနေ၏။ “ကဲ ငါ့ရှင်လေးရေ ဒီမှာ ဂက်စတင်နာစာကူးစက်သုံးဆေးဗူးလည်း ၀ယ်လာပြီးပြီ၊ စာကူးစက်လည်း ဘယ်မှာ ရှိတယ်ဆိုတာ လေ့လာပြီးပြီ။ အသုံးပြုခွင့်ရဖို့ပဲ ကြိုးစားကြစို့”။
သူကတော့ ဦးကဉ္စနပြသည့် ဆေးဗူးကို ငေးစိုက်ကြည့်ရုံမှလွဲ၍ စာကူးစက်ဆိုသည်ကို မသိပါ။ သို့သော် သူက နောက်ကလိုက်ရုံသာ ဖြစ်သည်။ ဦးကဉ္စန စီစဉ်ပါလိမ့်မည်။ စားကူးစက်က အထကကျောင်းကြီးနှင့် မ၀တရုံး(ယခု မယကရုံး)မှာသာ ရှိကြောင်း ဦးကဉ္စနက ပြောပြသည်။ သေချာသော စာကူးစက်ကိုပဲ ရွေးဖြစ်သည်။ သို့နှင့် အထကကျောင်းအုပ်ကြီး၏ ရုံးခန်းသို့ သူတို့နှစ်ပါးရောက်သွားသည်။ စဉ်းစားကြည့်တော့ ကြိုတင်ပြင်ဆင်မှုမပါသော လုပ်ရပ်တစ်ခုပေပဲ။
အကယ်၍ ကျောင်းအုပ်ကြီးကသာ ခေါင်းခါပြလိုက်လျင် သူတို့အိပ်မက်လေး ပျက်သွားမှာ သေချာသည်။ ကျောင်းအုပ်ကြီးက သူတို့ပြသော ကဗျာစာမူလေးများရေးထားသည့် ဖယောင်းဖောက်စက္ကူများ ကို ကောက်ကြည့်ကာ ပြုံးပါသည်။ အော် သာသနာ့ဝန်ထမ်းမောင်ရှင်လေးများရဲ့ “သံယောဇဉ်ပွင့်ကြွေများ”ပေကိုး။ ထို့နောက် ရုံးခန်းထဲက စာကူးစက်ကိုင်သော ဆရာတစ်ယောက်ကို ခေါ်ကာ “ဆရာရေ ဟောဒီ ကဗျာစာဆို ကိုယ်တော်လေးတွေရဲ့ စာအုပ်လေး ကူးပေးလိုက်စမ်းပါ”တဲ့။ ခုထိ ထိုကျောင်းအုပ်ကြီးကို ကျေးဇူး တင်နေမိဆဲဖြစ်သည်။
(၁၁)
ထိုကဗျာစာအုပ်လေးက သူတို့မြို့လေး၏ ကဗျာနားလေးများတွင် ပဲ့တင်ထပ်သွားပါသည်။ သံယောဇဉ်ပွင့် ကြွေများ (၂)နှင့် (၃)သို့ပင် ရောက်သွားခဲ့သည်။ နောက်ထုတ်သော စာအုပ်လေးများတွင်တော့ ပိုမိုတက်ကြွ သောကာရန်များနှင့် အရောင်စိုသောကောက်ကြောင်းပန်းချီလေးများဖြင့် ဝေဆာခဲ့ပါသည်။ အမှန်တကယ်ရေး တတ်သည့် ပန်းချီဒီဇိုင်းနားလည်သည့် ကဗျာချစ်သူများကိုယ်တိုင် သူတို့အုပ်စုထဲ ၀င်ရောက်လာ သောကြောင့်ဖြစ်သည်။ ကဗျာဝါသနာပါသူများပေါင်းစည်းမိသွားသောအခါ သူ့အချိန်များသည် စာပေ ယောင်ခြောက်ဆယ်ထဲတွင် နစ်သွားခဲ့၏။
ဆရာဘုန်းတော်ကြီးသည်လည်း ရိပ်သာကြီးတစ်ခု၏ ခေါင်းစဉ်အရိပ်ကို မှီ၍ ကမ္မဋ္ဌာန်းဝိပဿနာတရားများကို ကိုယ်တိုင်လည်း အားထုတ်၊ ရိပ်သာစခန်းပွဲများလည်း ဖွင့်လှစ်ဟောပြောပြသနေသည့်အတွက် သူ့ကို စောင့်မကြည့်နိုင်တော့ပါ။ သူကလည်း ကျောင်းဝေယျာဝစ္စများကို တာဝန်ကြေအောင် ဆောင်ရွက်ပြီးသည်နှင့် မြို့လေး၏ ဘုန်းတော်ကြီး ကျောင်းများသို့ တစ်ကျောင်းဝင် တစ်ကျောင်းထွက် သွားနေခဲ့တော့သည်။ သူက စာကျက်ပျင်းသော်လည်း စာဝါတော့ ပုံမပျက်အောင် တက်ခဲ့သည်။
ခန္တီးစာသင်တိုက်မှ စာဝါများသာ မက၊ မှန်ကျောင်းဆရာတော်၏ စာဝါကိုလည်း ၀င်ရောက် တက်လိုက်သေး သည်။ အမှန်တကယ်တော့ မြို့လေး၏ ကျောင်းထိုင်ဆရာတော်များက တစ်ပါးနှင့်တစ်ပါး ရင်းနှီးကျွမ်း ၀င်ကြသည်မို့ သူစာဝါပုံမှန်တက်သည့် သတင်းက ဆရာဘုန်းတော်ကြီး၏ နားသို့တော့ ရောက်နေပါလိမ့်မည်။ ဗောဓိကျောင်းမှ မိတ်ဆွေရဟန်းတော်များဆီလည်း မှတ်စုစာအုပ်အပြန် အလှန်လှဲလှယ်ရေး အစီအစဉ်အရ သူရောက်သည်။ အစပထမတွင် စာဝါမှတ်စုများဖြစ်သော်လည်း နောက်ပိုင်းတွင်တော့ ကဗျာအတိုအစများ၊ ထို့ထက်အလွန် သီချင်းစာသားများ၊ စိုင်းထီးဆိုင်၏ ရတနာနှင့် ခင်မောင်တိုးကြီး၏ မဟာဆန်သူ။
မည်သို့ဆိုစေ သူ၏ ပရိယတ္တိစာမျက်နှာများ မှိန်သွားခဲ့ပါသည်။ ထိုနှစ်က သူ စာမေးပွဲကျခဲ့သည်။ ဆရာဘုန်းတော်ကြီး၏ ချီးမွမ်းသံများလည်း တိုးတိတ်သွားခဲ့လေတော့သည်။

No comments:
Post a Comment