05 July, 2010

ဒလိုင်လားမားကြီးခမျာ သက်တော် ၇၅ သာ ပြည့်ပါရော


(၁)

လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကပါ။ ရန်ကုန် သမိုင်းလမ်းဆုံ စင်္ကြန်လမ်းပေါ်က ၀ယ်နေကျဖြစ်လို့ ရင်းနှီးနေတဲ့ (တစ်ခါတစ်ရံစာအုပ်ကောင်းလေးတွေ ချန်ထားတတ်ပြီး အကြွေးနဲ့လည်း ရောင်းတတ်တဲ့) ရခိုင်လူငယ်လေး တစ်ယောက်ရဲ့ စာအုပ်အဟောင်းဆိုင်လေးမှာ အဖုံးရေစိုနေတဲ့ စာအုပ်လေးတစ်အုပ်ကို ကောက်ကိုင်ခဲ့မိတယ်။ ဒလိုင်းလားမားကြီးရဲ့ ငါ့တိုင်းပြည် ငါ့လူမျိုး ( My LAND AND My PEOPLE ) ဆိုတဲ့ စာအုပ်လေးပါ။ ဘာသာပြန်သူကို မမှတ်မိတော့တာ စိတ်မကောင်းပါ။ ဒလိုင်လားမားကြီးရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိလေးပါပဲ။ ဘာသာပြန်သူရဲ့ ကျေးဇူးကြောင့် ဒလိုင်လားမားကြီးရဲ့ ရိုးသားတဲ့အသံကို ကြားဖူးရခြင်းပါ။

လယ်သမားမိဘက မွေးဖွားလာတဲ့ ကျေးလက်တောသားလေးတစ်ယောက်၊ အသက် နှစ်နှစ်သားအရွယ်မှာ တိဘက်နိုင်ငံ၊ လာဆာမြို့တော်က ပိုတာလာနန်းတော်ကြီးရဲ့ အရှင်၊ ၁၃ ပါးမြောက်ဒလိုင်လားမားကြီးဝင်စားတဲ့ ၁၄ ပါးမြောက်ဒလိုင်လားမားလို့ အသိအမှတ်ပြုကြေငြာ ခံရတဲ့အခါ နန်းသွေးနန်းရောင် ပြောင်ပြောင် လက်လက်ထဲ ရောက်သွားတဲ့ ဘ၀တစ်ခုအကြောင်းကို ရိုးသားပွင့်လင်းစွာ ရေးထားတဲ့ စာအုပ်လေး။

အထီးကျန်တိဘက်နိုင်ငံငယ်ရဲ့ ဥသျှောင်ဖြစ်နေတဲ့ ဒလိုင်လားမားပေါက်စလေး နန်းတော်အပြင်ကို အပူဇော်ခံဖို့ ထွက်စံတော်မူရလေတိုင်း တိုင်းသားပြည်သားတွေက အုတ်အုတ်ကျက်ကျက် အဖူးမျှော်ထွက်ကြ၊ အတီးအမှုတ်တွေနဲ့ ပူဇော်ကြတဲ့အခါ ဒလိုင်းလားမားလေးကလည်း တိုင်းသားပြည်သား တွေကြားထဲမှာ သာမန်ကလေးသူငယ်တစ်ယောက်လို ပွဲလမ်းသဘင်ထဲ တိုးဝှေ့ကြည့်ချင်ခဲ့ရှာပါသတဲ့။ ပလ္လင်ထက်က ဒလိုင်လားမားကိုယ်တော်လေးကလည်း လူထဲက လူပေပဲပေါ့။

ဒလိုင်လားမားပေါက်စလေး

ကမ္ဘာအရပ်ရပ်က နယ်ချဲ့လက်အောက်ခံ ကိုလိုနီနိုင်ငံတွေ လွတ်လပ်ရေးရကြတဲ့အခါမှာမှ ဒလိုင်လားမားရဲ့ တိဘက်နိုင်ငံငယ်လေးက တရုတ်ကွန်မြူနစ် ဖိနပ်နီအောက် ရောက်သွားခဲ့ရရှာတာပါ။ ဆယ်ကျော် သက်ရွယ်မျှသာ ရှိသေးတဲ့ ဒလိုင်လားမားကိုယ်တော်လေးခမျာ အိန္ဒိယကို လက်လွတ်ထွက်ပြေးခဲ့ရရှာသပေါ့။

အော် ခုဆို ဒလိုင်လားမားကိုယ်တော်ကြီးတောင် သက်တော် ၇၅ နှစ်ပြည့်ရှာပါပေါ့။ ကိုယ့်တိုင်းပြည်ကို ခပ်ဝေးဝေးက လက်ညှိုးထိုးပြနေရတဲ့ ကိုယ်တော်ကြီးခမျာပေပဲ။ ဘာပဲပြောပြော ဒလိုင်လားမားကြီးရဲ့ ကျေးဇူးကြောင့် ဗုဒ္ဓသာသနာအရောင်ဟာ ကမ္ဘာမှာ ထွန်းပြောင်ခဲ့ပါတယ်။ ရွှေပြည်ကြီးမှာ နေတုန်းကတော့ ထေရ၀ါဒပေတံအောက်မှာ ဒလိုင်လားမားကြီးဟာ သာမန်မှိန်မှိန်လေးမျှပဲ ထင်နေခဲ့တာပါ။

ပုပ်ဂျွန်ပေါလ်နဲ့အတူ

မဇ္ဈိမပညာသင်ထွက်လာမိကာမှ ကမ္ဘာ့မီဒီယာလောကမှာ ဒလိုင်လားမားနဲ့ တိဘက်သာသနာက ကျယ်ကျယ် လောင်လောင်ဖြစ်နေတာတွေ့ရတော့တယ်။ ထေရ၀ါဒဆိုတာကို မနည်းရှင်းပြနေရတာမျိုး ဖြစ်နေပါရောလား။ ကမ္ဘာ့ဘာသာရေးစင်မြင့်မှာ ဒလိုင်လားမားကြီးကို ရောမဗာတီကန်က ပုပ်ရဟန်းမင်းလိုမျိုး ဗုဒ္ဓဘာသာဝင် အားလုံးရဲ့ ရဟန်းမင်းကြီးလို့တောင် မြင်နေကြတာပဲကိုး။

အမြင်ကျယ်ပြောတဲ့ ဒလိုင်လားမားကြီးကိုယ်တိုင်ကတော့ ထေရ၀ါဒဗုဒ္ဓဘာသာကို လေးမြတ်မှုရှိသလို တိဘက်ပညာရေးဌာနတွေမှာ ထေရ၀ါဒဗုဒ္ဓကျမ်းစာတွေကို တိုးချဲ့လေ့လာကြဖို့ ဆော်အောနေပါတယ်။

(၂)

“ကြီးမြတ်တော်မူသော အရှင်” ”ဆရာသခင်ဂုရုကြီး” “ဒလိုင်လားမားကြီး” ဆိုတဲ့ ဂုဏ်ထူးဝိသေသတွေနဲ့ ကမ္ဘာ့စာမျက်နှာမှာ ထင်ရှားလှပေမယ့် အမြဲတမ်းကိုယ့်ကိုယ်ကို “ သာမန်ရဟန်းတစ်ပါး”အဖြစ် ရည်ညွှန်းလေ့ရှိတဲ့ တင်န်ဇင် ဂျတ်ဆို (၁၄ ပါးမြောက်ဒလိုင်လားမားကြီး)ဟာ ဒီနေ့ သက်တော် ၇၅ နှစ်ပြည့်ခဲ့ပါပြီ။

၁၉၃၅ ခု ဇူလိုင်လ ၆ ရက်နေ့မှာ တိဘက်နိုင်ငံ၊အရှေ့မြောက်ပိုင်း အမ်ဒိုပြည်နယ်၊ တက်ဆာအရပ်က ကျေးလက်ဇနပုဒ်ရွာလေးတစ်ရွာမှာ လယ်သမားမိဘက မွေးဖွားခဲ့ပါတယ်။ ငယ်နာမည်ကတော့ လာမို ဒွန်ဒွပ် ပါတဲ့။ ၁၉၃၇ ခုနှစ်၊ နှစ်နှစ်သားအရွယ်မှာ ၁၃ ပါးမြောက် ဒလိုင်လားမားကြီး သုဘ်တင် ဂျတ်ဆိုဝင်စားသူအဖြစ် အသိအမှတ်ပြုရွေချယ်ခြင်းခံခဲ့ရပါတယ်။

ဒီနှစ်မွေးနေ့ပွဲက သက်တော် ၇၅ နှစ်ကျော်တဲ့ ဒလိုင်လားမားအဖြစ် မှတ်တမ်းဝင်ဦးမှာဖြစ်ပါသတဲ့။ ပထမဆုံးဒလိုင်လားမားကြီး ဂေဒွန် ဒရူပ ( ၁၃၉၁-၁၄၇၄)တစ်ပါးသာ သက်တော် ၇၅ နှစ်ကျော်အောင် စံမြန်းခဲ့ရပြီး သက်တော် ၈၄ မှာမှ ကွယ်လွန်ခဲ့တာပါ။ ဒုတိယဒလိုင်လားမား ဂေဒွန် ဂျတ်ဆို(၁၄၇၅-၁၅၄၂) နဲ့ ပဉ္စမမြောက်ဒလိုင်လားမား င၀န် လော့ဆန် ဂျတ်ဆို( ၁၆၁၇-၈၂)တို့ဟာ သက်တော် ၆၇ နဲ့ ၆၅ တို့မှာ အသီးသီးကွယ်လွန်ခဲ့ကြတာဖြစ်ပါတယ်။ သက်တော်အတိုဆုံးဒလိုင်လားမားကတော့ သက်တော် ၉နှစ်မျှသာ စံသွားရရှာတဲ့ န၀မမြောက်ဒလိုင်လားမား လွန်တော့ ဂျတ်ဆို ဖြစ်ပါတယ်။

အခု သက်ရှိဒလိုင်လားမားကိုယ်တော်ကြီးကတော့ အိန္ဒိယနိုင်ငံမှာပဲ ဘ၀ရဲ့ ဆယ်စုနှစ် ငါးခုကျော်ကို လွန်မြောက်ခဲ့ရရှာတာပါ။ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒလိုင်လားမားကိုယ်တော်ကြီးဟာ သူ့ရဲ့ ရိုးသားပွင့်လင်းမှု၊ ဓမ္မသုတပညာ၊ ချစ်ခင်နှစ်လိုဖွယ်ကလေးဆန်တဲ့ ဖြတ်ထိုးဥာဏ်တွေနဲ့ သာမန်လူတန်း စားတွေအပါအ၀င် ကမ္ဘာ့ခေါင်းဆောင်များရဲ့ စိတ်နှလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အားလုံးအတွက်

အဝေးရောက်တိဘက်အစိုးရပါလီမန်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကာရ်မာ ယေရှိက “ ဒလိုင်လားမားအရှင်မြတ်ကြီးရဲ့ သက်တော်၇၅ နှစ်ပြည့်မွေးနေ့အခမ်းအနားကို ကြီးကျယ်စွာ တစ်နှစ်လုံးအဆက်မပြတ်ကျင်းပကြမှာပါ။ အရှင်မြတ်ကတော့ ရိုးရိုးလေးပဲ သီတင်းသုံးစံနေချင်တာပါ” လို့ ပြောပါတယ်။

ဒလိုင်လားမား ကိုယ်တော်ကြီးစံတော်မူရာ ဓရ်မ်ဆာလာ(ဓမ္မသာလာ-တရားဇရပ်)၊ အိန္ဒိယနိုင်ငံနေရာ အသီးသီးမှာ ရှိတဲ့ တိဘက်အခြေစိုက်နေရာများနဲ့ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ဓါတ်ပုံပြပွဲနဲ့ အခြားအခမ်းအနားတွေကို ကျင်းပကြမှာဖြစ်ကြောင်းကိုလည်း အဝေးရောက်တိဘက်အစိုးရရဲ့ ပြောရေးဆိုခွင့် ရှိသူက ဆိုပါတယ်။

သက်ရှိဒလိုင်လားမားကြီးရဲ့ တရားဝင်တင်ထားတဲ့ ၀က်ဘ်ဆိုက်မှာ ဒလိုင်လားမားဆိုတာ အ၀လောကိတေ သွာရ ဘုရားလောင်းတစ်ဆူပါပဲ။ မိမိရရှိမယ့် နိဗ္ဗာန်ဆုကို ဆိုင်းငံထားပြီး သတ္တ၀ါအများရဲ့ ကောင်းကျိုးအတွက် ၀င်စားတော်မူလာရတဲ့ ကရုဏာရှင်ဗောဓိသတ္တ(အသိဉာဏ်ကြီးမြတ်သောလူသား) ဖြစ်ပါသတဲ့။

၁၉၄၉ တရုတ်ကျူးကျော်မှုအပြီး ၁၉၅၀ ခုနှစ်မှာ ဒလိုင်လားမားဟာ ရင်ခွင်ပိုင်အုပ်ချုပ်နေရာက နိုင်ငံအာဏာကို လွှဲပြောင်းယူခဲ့ရပါတယ်။ ၁၉၅၄ ခုနှစ်မှာ မော်စီတုန်းနဲ့ အခြားတိန့်ရှောင်ဖိန်၊ ချူအင်လိုင်းတို့ပါဝင်တဲ့ တရုတ်ခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး စကားပြောဖို့ ဘီဂျင်းကို သွားခဲ့ပါသေးတယ်။

မော်စီတုန်းကြီးနဲ့

ဒါပေမယ့် ဆေးမမီတော့ပါဘူး။ တရုတ်စစ်တပ်တွေက လာဆာမြို့တော်နဲ့ တိဘက်နိုင်ငံနယ်ပယ်အသီးသီးကို ၀င်ရောက်စီးနင်းချိန် ၁၉၅၉ ခုနှစ်မှာ ဒလိုင်လားမားဟာ လာဆာမြို့တော်၊ပိုတာလာနန်းက ခွာခဲ့ရ ပါတော့တယ်။ နီပေါလ်နိုင်ငံကို ဖြတ်ပြီး အိန္ဒိယမှာ ကွန်းခိုခဲ့ရတော့တာပါ။ အဲဒီအချိန်ကတည်းက ဒလိုင်လားမားအခြေချနေထိုင်စံပျော်ခဲ့တဲ့ အိန္ဒိယနိုင်ငံ၊ အရုဏာချယ်လ်ပြည်နယ်၊ ဓရ်မ်ဆာလာ( ဓမ္မသာလာ) ဟာ အဝေးရောက်တိဘက်အစိုးရရဲ့ ရုံးစိုက်ရာတောင်ပေါ်မြို့လေးလည်း ဖြစ်ပါတယ်။

၁၄ပါးမြောက် ဒလိုင်လားမားဟာ တိဘက်နိုင်ငံရဲ့ ဥသျှောင်လည်း ဖြစ်သလို တိဘက်သာသနာပိုင် ရဟန်းမင်းလည်းဖြစ်ပါတယ်။ ဒလိုင်လားမားတိဘက်နိုင်ငံကို ပြန်ပြီး မပြေလည်တဲ့ နိုင်ငံရေးလူမှုရေးပြဿနာ တွေ ဖြေရှင်းချင်ပေမယ့် တရုတ်အစိုးရကတော့ စိတ်ဝင်စားမှုမပြခဲ့ပါဘူး။ ၁၉၈၉ ခုနှစ်မှာ တိဘက်အရေးအကြမ်းမဖက်ဆောင်ရွက်မှုကြောင့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုချီးမြှင့်ခံခဲ့ရပါတယ်။ ၂၀၀၇ ခုနှစ် အောက်တိုဘာလမှာ အမေရိကန်ကွန်ဂရက်ရွှေတံဆိပ်ဆု နှင်းအပ်ခံရပြန်ပါတယ်။

အိုဘားမားနဲ့

သက်ရွယ်တော်ရလာပေမယ့် ဒလိုင်လားမားအရှင်မြတ်ကတော့ နိုင်ငံအရပ်ရပ်ကို ခရီးမပြတ်သွားနေဆဲပါပဲ။ သမ္မတကြီးတွေ ၀န်ကြီးချုပ်တွေ၊နိုင်ငံဥသျှောင်တွေနဲ့ တွေ့ဆုံနေဆဲ။ ရောက်လေရာရာ ကမ္ဘာ့နေရာအနှံ့ အပြားမှာ သာသနာပြုတော်မူဆဲဖြစ်ပါတယ်။ နိုင်ငံပေါင်း ခြောက်ဆယ့်ငါးနိုင်ငံ ခရီးထွက်ခဲ့ပြီးပါပြီ။ ဒလိုင်လားမားကြီးရဲ့ တပည့်သာဝကတွေများစွာထဲမှာ Pretty Woman ဇာတ်ကားရဲ့ သရုပ်ဆောင် ရစ်ချတ်ဂီယာအပါအ၀င် ဟောလိဝုဒ်အကျော်အမော်တွေလည်း ပါဝင်ကြပါတယ်။

အိန္ဒိယနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်နဲ့ စံမြန်းနေရတဲ့ ဒလိုင်လားမားကိုယ်တော်ကြီးဟာ နိုင်ငံအသီးသီးက ဆက်ကပ်ထားထဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဆုများ၊ ပဲရစ်၊ဗင်းနစ်နဲ့ ရောမမြို့သားဆုတွေကိုလည်း လက်ခံရရှိထားတော်မူပါတယ်။
ခပ်ရိုးရိုးပဲ

ငြိမ်းချမ်းမှု၊အကြမ်းမဖက်ရေး၊ဘာသာတရားအချင်းချင်း နားလည်မှုရှိရေး၊ လောကလုံးဆိုင်ရာ တာဝန်သိမှုနဲ့ ကရုဏာတရားအကြောင်းတွေကို ဒလိုင်လားမားကြီးက ဟောကြားနေဆဲ၊ ရေးသားလမ်းပြနေဆဲပါပဲ။ ပြုစုရေးသားတော်မူတဲ့ စာအုပ်ပေါင်း ၇၀ ကျော်ရှိပါပြီ။ ဒလိုင်လားမားအရှင်မြတ်ကြီး သက်တော်ရှည်စွာ ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်ပါစေသော်။

(၃)

မဇ္ဈိမပညာသင်ခရီးနှစ်ကာလတွေမှာ တိဘက်ဘုန်းတော်ကြီးတွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ရဖူးပါတယ်။ သူက မိတ်ဆွေတိဘက်ဘုန်းတော်ကြီးတွေကို “လားမားကြီး”လို့ခေါ်လေ့ရှိသလို သူ့ကိုလည်း မိတ်ဆွေတိဘက် ဘုန်းတော်ကြီးများက “ဘန္တေကြီး”လို့ အာလုပ်ပြုလေ့ရှိပါတယ်။ စပ်မိစပ်ရာ ဓမ္မသာကစ္ဆာချိန်များမှာ အဝေးက မျှော်ငေးလွမ်းဆွတ်ရတဲ့ တိဘက်လွင်ပြင်နဲ့ ပုဂံမြို့ဟောင်းတစ်နေရာ အကြောင်းကို ရောက်သွား တတ်ကြပါသေးတယ်။ “ဘန္တေကြီးတို့က ပြန်စရာအိမ်ရှိပါသေးတယ်”လို့ ခပ်ညီးညီးပြောလေ့ရှိတဲ့ မိတ်ဆွေတိဘက် ဘုန်းကြီးလေးတစ်ပါးရဲ့ စကားကို ကြားရတဲ့အခါမျိုးမှာ ဇင်ဗုဒ္ဓဘာသာပုံပြင်လေးကို အမှတ်ရမိတတ်ပါတယ်။

တောရကျောင်းမှာသီတင်းသုံးနေတဲ့ ရဟန်းတစ်ပါးဟာ ညနေရီချိန် တောစပ်လမ်းလေးက စင်္ကြန်လျှောက်ပြီး ကျောင်းပြန်ရောက်တော့ အသုံးအဆောင်ပစ္စည်းတွေ အားလုံးမရှိတော့ပါဘူးတဲ့၊ သူခိုး ခိုးသွားခဲ့ပါပြီ။ ရဟန်းက စိတ်ပျက်ပျက်နဲ့ ကျောင်းအပြင်ဘက်ထွက်လိုက်တော့ ညချမ်းမှာ လရောင်လေးဆမ်းထားတဲ့ တောရ ကျောင်းရှေ့ကွင်းပြင်လေးက ဖမ်းစားလိုက်ပါတယ်။ အဲဒီမှာ ရဟန်းတော်ရေရွတ်တဲ့ စကားလေးက သုတိသာပါတယ်။“ အော် သူခိုးခမျာ ငါ့အတွက် လရောင်လေးကိုတော့ ချန်ထားခဲ့သေးသားပဲ” တဲ့။

ဘာပဲဖြစ်ဖြစ် တိဘက်ကိုယ်တော်လေးတွေနဲ့ နှိုင်းယှဉ်ရင် သူ့မှာ လက်ညှိုးထိုးစရာ နိုင်ငံ-လရောင်လေးတော့ သာပေသေးသကိုး။ ကျေးဇူးကြီးပါပေ့။

ဓမ္မဂင်္ဂါ
၆-၇-၂၀၁၀

မူရင်းစာမျက်နှာ

No comments: