02 July, 2010

ဗုဒ္ဓဘာသာ+မူစလင်ဒိုင်ယာလော့ခ်

လူသားကမ္ဘာရဲ့ ငြိမ်းချမ်းရေးလိုအပ်ချက်အတွက် ပေါ်ထွန်းလာတဲ့ ဘာသာတရားတွေကို အကြောင်းပြုပြီး ပူလောင်တဲ့ ပဋိပက္ခနဲ့ ငြင်းခုန်မှုဝိရောဓိတရားတွေ ပွားစည်းလွန်းလှတဲ့ ဒီနေ့ခေတ် ဂလိုဘယ်လ် ဒွန္နယာကြီးထဲမှာ ဒိုင်ယာလော့ခ်တွေ လိုအပ်နေပါတယ်။

ဘာသာတရားအချင်းချင်း အာဃာတနဲ့ မကျေလည်မှုတွေကို ဘာဖြစ်လို့ ဖန်တီးနေကြတော့မှာလဲ။ စစ်ပွဲတွေ ရပ်ကြစို့။

ဒိုင်ယာလော့သတင်းတစ်ပုဒ်နဲ့ မျက်နှာသစ်လိုက်ပါတယ်။ အိန္ဒိယနိုင်ငံ၊ ဂျမူကက်ရှမီးယားဒေသ လာဒက်မြို့မှာ ဗုဒ္ဓဘာသာနဲ့ မူစလင်ဘာသာတို့ရဲ့ အပြန်အလှန်နားလည်မှုစည်းချက်မြှင့်တင်ရေး အခြေခံတဲ့ စီမီနာတစ်ခုကို သုံးရက်ကြာအောင် မဟာဗောဓိဒေ၀ချန်စင်တာက ဧည့်ခံကျင်းပခဲ့ပါသတဲ့။

စီမီနာရဲ့ ရည်ရွယ်ချက်က သြဇာကြီးမားတဲ့ ဗုဒ္ဓဘာသာနဲ့ မူစလင်ဘာသာဝင်ကိုယ်စားလှယ်တော်ကြီးတွေကို စားပွဲဝိုင်းဆီ ဆွဲခေါ်လာဖို့ပါပဲ။

ဘာသာရေးပညာရှင်ကြီးတွေဟာ ဘာသာကြီးနှစ်ခုကြားမှာ အပြန်အလှန်နားလည်မှုတည်ဆောက်နိုင်တဲ့ နက်ရှိုင်းတဲ့ မိတ်ဆွေများအဖြစ် ဖန်တီးဖို့ အားထုတ်ခဲ့ကြပါတယ်။

စီမီနာရဲ့ အခြားရည်ရွယ်ချက်တစ်ခုကတော့ ငြိမ်းချမ်းရေးအခြေခံတရားများပေါ် သက်ရောက်မှုရှိနေတဲ့ စိန်ခေါ်မှုတွေကို တို့ထိဆွေးနွေးကြဖို့ပါပဲ။ ရက်ရောတဲ့ ပူပေါင်းမှုနဲ့ စစ်မှန်တဲ့ ရင်းနှီကျွမ်းဝင်မှုတွေက အားဖြည့်ပေးနိုင်ပါလိမ့်မယ်။

ဂျမူးကက်ရှမီးယားပြည်နယ်၊ ခရီးသွားနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး န၀မ် ရစ်ဂဇင်က ကိုယ်စားလှယ်တော်များကို နှုတ်ခွန်းဆက်စကားပြောရာမှာ “ဘာသာတရားဆိုတာ ငြိမ်းချမ်းတဲ့ ဘ၀ကို ကိုယ်တိုင်ဦးတည်ကျင့်သုံးပြီး သူတစ်ပါးရဲ့ ငြိမ်းချမ်းချောမွေ့တဲ့ ဘ၀ကို တည်ဆောက်ခွင့်ပြုတဲ့ လူသားအားလုံးရဲ့ကျင့်ဝတ်ဥပဒေသတစ်ခု ဖြစ်ပါတယ်” လို့ ပြောကြားသွားပါတယ်။

“ဘာသာရေးဆိုတာ လုံးဝပုဂ္ဂိုလ်ရေးကိစ္စသာ(strictly private affair) ဖြစ်သင့်ပါတယ်၊ ဘာသာရေးဟာ သင်နဲ့ သင့်ဖန်ဆင်းရှင်ကြားက အရေးသာဖြစ်ပါတယ်၊ ဘာသာရေးဟာ သင့်ကို လူကောင်းသူကောင်းဖြစ်စေရေးအတွက်သာ ဖြစ်ပါတယ်။ သူတစ်ပါးတွေရဲ့ ပျော်ရွှင်တဲ့ ဘ၀ကို တည်ဆောက်ရာမှာ ကူညီဖို့သာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ ဘာသာရေးနာမည်ခံပြီး ကျွန်တော်တို့က ပဋိပက္ခတွေဖန်တီးနေကြတာပါ။ လူမှုဘ၀ပြိုကွဲမှုကြီးရဲ့ ပင်မစီးကြောင်းကြီးဖြစ်နေပါပြီ” လို့ ထပ်ဖြည့်ပြောသွားပါသေးတယ်။

အိန္ဒိယနိုင်ငံလုံးဆိုင်ရာဗလီအီမန်ဆရာကြီးများအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ အီမန် ဥမာ အာမက် အီလျာဆီက “ဒီတွေ့ဆုံမှုဟာ ဗုဒ္ဓဘာသာနဲ့ မူစလင်များကြားမှာ ရင်းနှီးနွေးထွေးတဲ့ ရပ်ဝန်းတစ်ခုကို ဖန်တီးခြင်းပါပဲ။ ဒိုင်ယာလော့ခ်ဟာ ကွာဟချက်တွေကို တံတားထိုးပေးပြီး ကွဲပြားမှုတွေကို ကျော်လွှားဖို့ အထောက်အကူပြုနိုင်ပါတယ်။ ဘာသာတရားဆိုတာ လူတွေကို ခွဲခြားပစ်ဖို့ မဟုတ်ဘူး၊ ညီညွတ်အောင် စုစည်းဖို့သာ ဖြစ်ပါတယ်” တဲ့။

ဘာပဲဖြစ်ဖြစ် ကမ္ဘာ့အရေးတွေမှာ ဗုဒ္ဓဘာသာနဲ့ မူစလင်ဘာသာက ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့ အမြင်သစ်တွေကို ဖန်တီးဖလှယ်ကြဖို့ ဒီဒိုင်ယာလော့ခ်စီမီနာကို မိတ်ဆက်ခဲ့ပါသတဲ့။ ကောင်းလင့်တေး။

ဓမ္မဂင်္ဂါ (၀၄-၀၇-၂၀၁၀)

မူရင်းစာမျက်နှာ


1 comment:

Kaung Kin Ko said...

"ဘာသာရေးဆိုတာ လုံးဝပုဂ္ဂိုလ်ရေးကိစ္စသာ(strictly private affair) ဖြစ်သင့်ပါတယ်"၊
"ဘာသာရေးဟာ သင့်ကို လူကောင်းသူကောင်းဖြစ်စေရေးအတွက်သာ ဖြစ်ပါတယ်။ သူတစ်ပါးတွေရဲ့ ပျော်ရွှင်တဲ့ ဘ၀ကို တည်ဆောက်ရာမှာ ကူညီဖို့သာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ ဘာသာရေးနာမည်ခံပြီး ကျွန်တော်တို့က ပဋိပက္ခတွေဖန်တီးနေကြတာပါ။ လူမှုဘ၀ပြိုကွဲမှုကြီးရဲ့ ပင်မစီးကြောင်းကြီးဖြစ်နေပါပြီ” လို့ ထပ်ဖြည့်ပြောသွားပါသေးတယ်။"
မှတ်သားသွားပါတယ် ဘုရား