01 August, 2010

မွေးနေ့အဆုံးလား ၊ မွေးနေ့အဖြုန်းလား

ဒကာ ၀ိမုတ္တိသုခအတွက် မွေးနေ့လက်ဆောင် ရေးဖြစ်ပါတယ်။ မွေးနေ့ရှင်ရဲ့ ဘလော့မှာ ဖော်ပြပြီးမှ ဓမ္မဂင်္ဂါမှာ ပြန်လည်ဖော်ပြချင်တာပါ။ ဒါပေမယ့် မွေးနေ့ရှင်အတွက် မုဒိတာပွားချင်ဇောက ရေတိုးလေတော့ ဂင်္ဂါစီးကြောင်းပေါ် လွှင့်တင်လိုက်ရပါတယ်။
မွေးနေ့ရှင် ဒကာ ၀ိမုတ္တိသုခ ကျန်းမာပျော်ရွှင် လင်းလက်အောင်မြင်ပါစေ

မုဒိတာဖြင့်


ဓမ္မဂင်္ဂါ
၃၁-၀၇-၂၀၁၀

မွေးနေ့အဆုံးလား ၊ မွေးနေ့အဖြုန်းလား

(၁)

ဒီနေ့က ၀ါဆိုလပြည့်ကျော်ငါးရက်နေ့ပါ။ ဗာရာဏသီ၊မိဂဒါဝုန် အတွက်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓသာသနာတော်ကြီး တစ်ခုလုံးအတွက်ပဲဖြစ်ဖြစ်၊ ဟောဒီဘဒ္ဒကမ္ဘာကြီးတစ်ခုလုံးအတွက်ပဲ ဖြစ်ဖြစ် ထူးမြတ်လှတဲ့ နေ့ရက် ဆိုတာကိုတော့ ဓမ္မဘလော့ဂါမိတ်ဆွေ ဒကာဝိမုတ္တိရဲ့ မွေးနေ့ပြက္ခဒိန်ကို လှန်လှောမိမှ သိလိုက်ရတာပါ။ ဒီနေ့ ဘာနေ့ပါလိမ့်ပေါ့။

ပြက္ခဒိန်ဆိုတာကလည်း စာရွက်ကြီးတွေကို လှန်လှောစရာမလိုဘူး၊ ဂျီတော့ခ်အွန်လိုင်းပေါ်က အဖြူရောင်မေတ္တာ မောင်ဖိုးသားကို “ ဒီနေ့ ၀ါဆိုလပြည့်ကျော် ဘယ်နှစ်ရက်တုန်းဟ” လို့ မေးလိုက်ရုံနဲ့ လုံလောက်သွားပါတယ်။ ၀ါဆိုလပြည့်ကျော် (၅) ရက်ပေကိုး။ တစ်နှစ်တာ ဓမ္မဂင်္ဂါစီးဆင်းမှုအတွင်း ရဟန်းမိတ်ဆွေ၊ လူပုဂ္ဂိုလ်မိတ်ဆွေအချို့နဲ့ သိကျွမ်းခွင့်ရခဲ့ပါတယ်။ အနည်းစုလေးပါ။

ဒကာ ၀ိမုတ္တိ၊ အဖြူရောင်မေတ္တာ၊ သစ္စာအလင်းနဲ့ အခြားလူပုဂ္ဂိုလ် ဘလော့ဂါအနည်းစုနဲ့ အွန်လိုင်းမှာလည်း စကားပြောဖြစ်ခဲ့ပါတယ်။ ဓမ္မဂင်္ဂါကို မောင်ဖိုးသားက ပြုပြင်လေးလိုက်၊ သူက ပြန်ဖျက်လိုက်နဲ့ ဂင်္ဂါမျက်နှာပြင်အမျိုးမျိုးပြောင်းခဲ့ပါသေးတယ်။ ခုတော့ ထေရ၀ါဒဗုဒ္ဓ ဘာသာလူငယ်များက ဒကာလေးတစ်ဦးက ဂင်္ဂါစီးကြောင်းပြင်ဖို့ အားထုတ်နေပါတယ်။

ဒကာဝိမုတ္တိကတော့ ဧဟိ သွာဂတံ နဲ့ဆိုင်တဲ့ အဖွဲ့ရေးရာ ကိစ္စရပ်မျိုးတွေမှာ ဆွေးနွေးတိုင်ပင်ရင်း အကူအညီတွေ အလှူခံဖြစ်ပါတယ်။ ဒကာ ၀ိမုတ္တိကို အကြောင်းပြုပြီး မာတာဆိုတဲ့ ဆွမ်းဟင်းချက်ကပ်မယ့် ဒကာမကြီးတစ်ဦးနဲ့လည်း သိခဲ့ရပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အရေအတွက်မများပေမယ့် မများတဲ့ အရေအတွက်လေးက ကျောရိုးခိုင်ခိုင်ရှိခဲ့ပါတယ်။

(၂)

ဒီနေ့(၃၁-၀၇-၂၀၁၀)က ဒကာဝိမုတ္တိရဲ့ မွေးနေ့ပါ။ ပြီးတော့ ဒီနေ့က မြန်မာ့ပြက္ခဒိန်မှာ ၀ါဆိုလပြည့်ကျော်ငါးရက်မို့ မိဂဒါဝုန်ညတစ်ညကို သတိရပါသေးတယ်။ (သူနေတဲ့ အခန်းလေးက မိဂဒါဝုန်မှာ ရှိပါတယ်)။ ဗုဒ္ဓအရှင်က ၀ါဆိုလပြည့်ညမှာ ဓမ္မစက်ကို လှည့်ပါတယ်။ ပဉ္စ၀ဂ္ဂီငါးဦး တစ်နေ့ကို တစ်ပါးနှုံး တရားတော်ကို နားလည်သွားပါတယ်။ ဘဒ္ဒကမ္ဘာရဲ့ တရားဦးပွင့်တဲ့ ဝေစုရနေ့တွေပါပဲ...။ ၀ါဆိုလပြည့်ကျော်လေးရက်နေ့မှာ နိဗ္ဗာန်လှေကားဦးမှာ ပဉ္စ၀ဂ္ဂီငါးဦး ထူးထူးမြတ်မြတ် ရပ်မိသွားပါတယ်။ သစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါး ၊မဇ္ဈိမပဋိပဒါဆိုတဲ့ စကားလုံးတွေ ပဲ့တင်ထပ်သွားတဲ့ နေရက်တွေပါပဲ။

ပရိုဂျက်တာ မလိုဘဲ သစ္စာကို လမ်းညွှန်ပြတဲ့ ဗုဒ္ဓအရှင်ရဲ့ လက်ဟန်အနေအထားကို ဖူးဖူးကြမှာပါ..။ အစပိုင်းမှာ ဗုဒ္ဓအရှင်ရဲ့ ဘုရားအဖြစ်ကို လက်မခံလိုကြတဲ့ ပဉ္စ၀ဂ္ဂီငါးဦးဟာ ခုတော့ မော့လို့ ပြုံးလို့ ကြည်လို့....။ အစွန်းနှစ်ပါးကို ပယ်လိုက်ကြပြီ၊ မဇ္ဈိမလမ်းကို လျှောက်ကြပြီ....။ သစ္စာကို သိကြပြီ။ ဒါပေမယ့် တစ်သံသရာလုံး ကူးခတ်နစ်မြုတ်ခဲ့ပြီးတဲ့ အတ္တပင်လယ်ကြီးထဲမှာ အတွေးအခေါ်တွေက ငန်နေကြတုန်းပါ။ ခန္ဓငါးပါးမှာ ဥပါဒါန်အစွဲတွေ အစွန်းထင် နေကြတုန်းပါ...။ပဉ္စ၀ဂ္ဂီတို့ရဲ့ အဇ္ဈတ္တပေါ်က အစွန်းတွေ ချွတ်ဖို့ ဗုဒ္ဓအရှင်ဟာ ဒေသနာဉာဏ်တော်ကွန့်မြူးရပါတော့တယ်။

ဝါဆိုလပြည့်ကျော် (၅)ရက်မှာ အနတ္တလက္ခဏသုတ်ဒေသနာတော် လင်းခဲ့ပါတယ်။ ဒီဒေသနာဟာ ဗုဒ္ဓအရှင်ရဲ့ အနတ္တဒေနာကြေငြာစာတမ်း( Manifesto) ဖြစ်ခဲ့ပါရောလား။ မဇ္ဈိမပဋိပဒါနဲ့ သစ္စာလေးပါးကို လွယ်လွယ်ခေါင်း ညိတ်နိုင်ပေမယ့် အနတ္တဒေသနာကတော့ ခါးပါတယ်။ ဥပါဒါန်ရောဂါမှန်သမျှ ပျောက်ကင်းစေနိုင်တဲ့ ဆေးခါးကြီးပါပဲ။ အတွင်းသားကို ထိပါတယ်၊ ရောဂါပိုးကို ဖိပါတယ်။ ပုထုဇဉ်ဆိုတဲ့ သဘောက ကိုယ်ပိုင်အတ္တလေးကို မွေးမြူနေရတာလေ။ ပိုးမွေးသလို မွေးထားရတဲ့ အတ္တလေးကိုမှ ရောဂါပိုးလုပ်ခံလိုက်ရတော့ အနတ္တဒေသနာကို လူတိုင်းမကြိုက်နိုင်ဘူးပေါ့။ ဉာဏ်ရင့်သူနဲ့ နှလုံးသားကြီး သူတွေသာ နားလည်နိုင်သော တရားပေပဲ။

တန်ဆောင်မုန်းလပြည့်ညကို ဆေးပေါင်းခတဲ့ ညလို့ ပြောကြတယ်။ ၀ါဆိုလပြည့်ကျော် ငါးရက်ကတော့ စကြာဝဠာဆိုင်ရာဆေးခါးကြီးနေ့ပဲ ဖြစ်ပါတယ်။ အဒီနေ့မှာ ဒကာဝိမုတ္တိကို မွေးဖွားခဲ့ပါသတဲ့..။ အနတ္တလက္ခဏသုတ်တော်ကို ဆရာတော်ဦးဗုဓ်ကတော့ ဒီလိုမွှမ်းခဲ့ပါလေရဲ့။

(က) ဓမ္မစက္ကံ ပဝတ္တေတွာ၊ အာသဠှိယံ ဟိ ပုဏ္ဏမေ။ နဂရေ ဗာရာဏသိယံ၊ ဣသိပတနဝှယေ ဝနေ။
(ခ) ပါပေတွာဒိ ဖလံ နေသံ၊ အနုက္ကမေန ဒေသယိ။ ယံ တံ ပက္ခဿ ပဉ္စမျံ၊ ဝိမုတ္တတ္ထံ ဘဏာမ ဟေ။

(က) မြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့တွင် ဗာရဏသီပြည်၏အနီး ဣသိပတနခေါ် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီအမည်ရှိကုန်သော ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ရဟန်းငါးဦးတို့အား ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူ၍ –

(ခ) နေ့ရက်အစဉ် ထေရ်စဉ်ဝါလိုက် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်စေတော် မူပြီး၍ ဝါဆိုလပြည့်ကျော်(၅)ရက်မြောက်သောနေ့၌ ထိုပဉ္စဝဂ္ဂီငါးဦးတို့၏ အရဟတ္တဖိုလ်အကျိုးငှာ အနတ္တလက္ခဏသုတ်ကို ဆက်၍ဟောတော်မူပြီ ထိုအနတ္တလက္ခဏသုတ်ကို အို- သူတော်ကောင်းတို့ အကျွန်ုပ်တို့သည် ရွတ်ဆိုပွားများကြပါကုန်စို့။

(၃)


တကယ်တော့ အနတ္တဒေသနာဆိုတာက အတ္တကပ်ငြိစွဲလမ်းနေတဲ့ ခန္ဓာငါးပါးအတွေးအခေါ်တွေကို ပန်းဂေါ်ဖီထုပ်ကို ခွာချသလို အနှစ်အသားမရှိကြောင်း ဖွင့်ချတဲ့ တရားပါ..။ ပန်းဂေါ်ဖီထုပ်ကို ကဗျာဆရာတက္ကသိုလ်မင်းမော်က ဒီလိုလေးခွာချဖူးတာ မှတ်မိပါသေးတယ်။

သူငယ်ချင်း
မင်းသူ့မျက်နှာကြည့်
သူ့ရဲ့ရုပ်ကား
မပုပ်တပုပ် ဂေါ်ဖီထုပ်လို
ပထမအလွှာ တစ်ထပ်ခွာကြည့်
ဒုတိယအလွှာ...

ဒုတိယအလွှာ တစ်ထပ်ခွာကြည့်
တတိယအလွှာ...

တတိယအလွှာ တစ်ထပ်ခွာကြည့်
စတုတ္ထအလွှာ....
(ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ကဗျာမို့ မှားရင်ပြင်ကြကုန်)

ဂေါ်ဖီထုပ်ဆိုတာက ခွာကြည့်တော့လည်း အလွှာတွေပဲ တွေ့ရပေတာကိုး။ အနှစ်အသားတော့ မရှိဘူး၊ အတ္တနဲ့ တူတဲ့ အူတိုင်ကြီးတော့ ရှိပါရဲ့။ အသုံးမကျ...။ အော် အနတ္တပါတကား...။

အနတ္တဒေသနာကို နာယူရင်း ဉာဏ်အလင်းပွင့်သွားတဲ့ ပဉ္စ၀ဂ္ဂီရဟန်းမြတ်တွေကို ဗုဒ္ဓအရှင်က ဒီလို ဂုဏ်ပြုစကားဆိုပါတယ်။ ဓမ္မစကြာတရားကို နာယူရလို့ သောတာပန်အရိယာဖြစ်ပြီးသားကိုယ်တော်ကြီးတွေ အခု အနတ္တကို သိမြင်ပြီး ရဟန္တာအစစ်တွေ ဖြစ်ကုန်တာကလား။

“ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ။ ဝိရာဂါ ဝိမုစ္စတိ။ ဝိမုတ္တသ္မိံ ဝိမုတ္တမီတိ ဉာဏံ ဟောတိ။ ခီဏာ ဇာတိ။ ၀ုသိတံ ဗြဟ္မစရိယံ။ ကတံ ကရဏီယံ။ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတိ။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှုကင်း၏၊ စွဲမက်မှုကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) လွတ်မြောက်ပြီဟု အသိဉာဏ်ဖြစ်ပေါ်၏၊ ပဋိသန္ဓေ နေမှုကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်(မဂ်)ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှာ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ဟောတော်မူ၏။

So seen, Bhikkhus, the well taught noble disciple is disgusted with matter, disgusted with feeling, disgusted with perception, disgusted with mental formation, disgusted with consciousness. So being disgusted, he is dispassionate. Through dispassion, he is free from craving. When he is freed, he knows that it is freedom. Further he knows that birth is ended. The Holy life has been lived. What was to be done has been done. Nothing further has to be done for this noble path.”

ဗုဒ္ဓအရှင်ရဲ့ စကားတော်ထဲမှာ ခန္ဓာငါးပါးကို ငြီးငွေ့ရင် အစွဲအလမ်းကင်းသွားမယ်၊ အစွဲလမ်းကင်းရင် ကိလေသာက လွတ်မြောက်မယ်၊ ကိလေသာက လွတ်မြောက်ရင်တော့
၁-ခီဏာ ဇာတိ (မွေးနေ့ဆုံးပြီ)(ပဋိသန္ဓေနေမှု ကုန်မှတော့ မွေးနေ့တွေ ကျင်းပဖို့မလိုပြီ)
၂-၀ုသိတံ ဗြဟ္မစရိယံ( သူတော်ကောင်း စာမေးပွဲအောင်ပြီ)
၃-ကတံ ကရဏီယံ (အလုပ်စခန်းသိမ်းပြီ)
၎-နာပရံ ဣတ္ထတ္ထာယ (အချိန်ပို အလုပ်ဆင်းစရာ မလိုတော့ပြီ) (No OT တဲ့...။)

ဒကာ ၀ိမုတ္တိကတော့ နာမည်အလိုအရ လွတ်မြောက်ပြီးသားမို့ မွေးနေ့ တွေ အဆုံးသတ်မှာလား...
သံသရာထဲမှာ ပေါပေါလောလော မွေးနေ့တွေ ဖြုန်းတီးဦးမှာလား လို့ပဲ ခပ်စပ်စပ်လေး မေးလိုက်ပါတော့တယ်။

ဓမ္မဂင်္ဂါ
၃၁-၀၇-၂၀၁၀

အထူးစာကြွင်း၊ ရှင်မဟာနမ် သောတာပန်ဖြစ်တဲ့ နေ့မှာ မွေးဖွားတဲ့ မာတာ့ကိုလည်း ရည်ညွှန်းလိုက်ပါကြောင်း။ မွေးနေ့များ ငြိမ်းကြစေသတည်း။

2 comments:

The Bliss Of Emancipation said...

ဘုန်းဘုန်းက ခပ်စပ်စပ်မေးတော့ တပည့်တော်ကလည်း ခပ်ပြတ်ပြတ်ပဲ ဖြေရရင်ဖြင့် “စဉ်းစားနေတုန်း”။
ဘုန်းဘုန်းရေ....တကယ်တန်ဖိုးရှိတဲ့ မွေးနေ့ လက်ဆောင်အတွက် ကျေးဇူးအထူးတင်ပါတယ်ဘုရား။

ရိုသေစွာဖြင့်
ဝိမုတ္တိသုခ

Ashin Lokapala said...

အရေးအသား အလွန်ညက်ညောပြီး အသားပါလှပါကြောင်း ချီးမွမ်း ထောမနာ ပြုလိုက်ပါတယ်ဘုရား။ ကျန်းမာချမ်းသာ၍ စာပေကောင်းများ ဆက်လက် ရေးသားနိုင်ပါစေ...