10 September, 2010

ရဟန်းနှင့် တာရာမင်းဝေအက္ခရာများ

ဟိုး အဝေးမှာ မြူဝေမှိုင်းပျလို့ အရာရာ ကဝေဆန်အောင် လှပနေရင်တောင် ကျွန်တော်နာခံယူရမှာက ဓမ္မတေး တစ်ပိုင်းတစ်စရယ်ပါ။
တာရာမင်းဝေ
ကျွန်တော်နှင့် မြူနှင်းဝေသောညများ

(၁)
နန်းတော်ရှေ့ဈေးကို သွားတဲ့ လမ်းကြားလေးထဲက မို့မို့စာပေဆိုတဲ့ စာအုပ်အငှါးဆိုင်လေးကို သတိရနေမိဆဲ။ ကဗျာတွေကို စိတ်ကူးမွေးမြူရင်း မိတ်ဆွေရဟန်းတော်များနဲ့ အတူ ၉၆ အလွန် မန္တလေး ၆၂ လမ်းမကြီးပေါ် လျှောက်ခဲ့မိတဲ့ နေ့တွေကိုလည်း ထုပ်ပိုးသိမ်းဆည်းထားမိဆဲပါပဲ။ သာသနာတက္ကသိုလ်ရဲ့ လေးနှစ်တာ ခပ်သော့သော့စာမျက်နှာများထဲ ငွေဇင်ရော်ကဖေးနဲ့ ထနှောင်းရိပ်လက်ဘက်ရည်ဆိုင်လေးလည်း ရှိနေခဲ့ဖူး ပါတယ်။ အဲဒီမှာ ၀ါသနာတူမိတ်ဆွေ ရဟန်းတော်တစ်ပါးနဲ့ လက်ဘက်ရည်တစ်ခွက်ကို ခွဲဝေသောက်ခဲ့ဖူးသလို ကဗျာတစ်ပုဒ်ကို တစ်ပိုဒ်စီလည်း ဖတ်ခဲ့ဖူးပါတယ်။

သူနဲ့ သူ့မိတ်ဆွေရဟန်းတို့က ကဗျာဖတ်တဲ့သူတွေချင်းမို့ လေးနှစ်တာလုံး တွဲခဲ့မိကြပါတယ်။ တစ်နှစ်တစ်ခါ အဆောင်ပြောင်းတိုင်းလည်း တစ်ဆောင်တည်းပဲ အတူတူတွဲကျတာက များပါတယ်။ သာသနာ့တက္ကသိုလ်မှာက တစ်နှစ်တစ်ခါ အဆောင်ပြောင်းရပါတယ်။ စာမေးပွဲကျကျ အောင်အောင် ပြောင်းကြရတာပါ။ (တစ်နှစ်တည်း ငါးဘာသာကျသူနဲ့ နှစ်နှစ်ကျသူတွေကတော့ တက္ကသိုလ်က ထွက်ပေးရသလို နောက်ထပ် စာမေးပွဲဖြေဖို့ အခွင့်အလမ်းလည်း မရှိတော့ပါဘူး။ ကျောင်းတက်မမှန်တဲ့ သူ့အတွက် ဆရာတွေရဲ့ ကရုဏာအမှတ်မရနိုင်တာ သေချာလေတော့ စာမေးပွဲနီးရင် စာတွေကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ အသည်းအသန်ကျက်ခဲ့ရတာပါ။ )

သာသနာတက္ကသိုလ်မှာ နေ့နံအလိုက် အက္ခရာစဉ်ပြီး အဆောင်အခန်းနေရာချထားလေ့ရှိပါတယ်။ တနင်္ဂနွေနံ အ အက္ခရာက စတာပါ။ နောက်ဆုံး သောကြာနံ ဟ အက္ခရာမှာ ဆုံးပါတယ်။ ဒီလိုပါ။ ၁။ အအက္ခရာအုပ်စု (တနင်္ဂနွေ) ၂။ က အက္ခရာအုပ်စု(တနင်္လာ) ၃။ စ အက္ခရာအုပ်စု(အင်္ဂါ)၄။ ဋနဲ့ တအက္ခရာအုပ်စု (စနေ) ၅။ ပအက္ခရာအုပ်စု(ကြာသပတေး) ၆။ ယအက္ခရာအုပ်စု ( ဗုဒ္ဓဟူး) ၇။ သအက္ခရာအုပ်စု(သောကြာ)။ သူ့မိတ်ဆွေက သောကြာနံသမားမို့ သူနဲ့ တစ်ဆောင်တည်း ကျလေ့ရှိတာပါ။

သာသနာ့တက္ကသိုလ်ကျောင်းဖွင့်ချိန် အဆောင်ပြောင်းရွှေ့ကြတဲ့ မြင်ကွင်းတွေက လက်လက်ထနေတုန်းပါပဲ။ စာမေးပွဲကျလို့ အဆောင်ဟောင်းမှာ ဆွေးကျန်နေခဲ့သူ၊ စာမေးပွဲ အောင်လို့ အဆောင်သစ် ပြောင်းရသူ တွေကြား လက်ပြနှုတ်ဆက်သံ ဟန်ပန်အမူအရာတွေ တက်ကြွရ၊ ကြေကွဲခဲ့ရပါပဲ၊ ( စာမေးပွဲကျရင် ဘွဲ့အက္ခရာ စဉ်အရ နေလက်စအဆောင်မှာ ကျန်ရစ်ခဲ့ပေမယ့် အခန်းတော့ ပြောင်းရပါသေးတယ်။)

(၂)

သူ့မိတ်ဆွေရဟန်းတော်က လစဉ်ထုတ်မဂ္ဂဇင်းတွေထဲက ကြိုက်နှစ်သက်တဲ့ ကဗျာတွေကို ကူးရေးထား လေ့ရှိပါတယ်။ သူ့မိတ်ဆွေရဲ့ စာအုပ်စင်မှာ သင်ရိုးပိဋကတ်ကျမ်းစာတွေနဲ့အတူ ပိုင်စိုးဝေရဲ့ သိန်းစွန်ငှက်ရဲ့ အပြန်လမ်း၊ နေရောင်ခြည်နဲ့ တွေ့ဆုံခြင်း၊ ဗုဒ္ဓဟူးနေ့မှ မိုင်ငါးရာ၊ မောင်ချောနွယ်ရဲ့ မောင်ချောနွယ်အတု၊ ကျော်စွာထက်ဝတ္ထုတိုများ။ ဂျူးရဲ့ ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့နှင့် အခြားဝတ္ထုတိုများ၊ ဟောင်နွမ်း နေပြီဖြစ်တဲ့ အမှတ်တရ ၀တ္ထု။ မေငြိမ်းရဲ့ အသံသစ်ပြတိုက်၊ မောင်ခိုင်မာရဲ့ ငွေလမင်းကို နမ်းတဲ့ည၊ ဈေးချိုတော် ညဈေးတန်းက မဂ္ဂဇင်းအဟောင်းများ၊ပြီးတော့ ဘာသာပြန်စာအုပ်အချို့။

သူအနှစ်သက်ဆုံးကတော့ သူ့မိတ်ဆွေ ကူးရေးထားတဲ့ တရုတ်ကော်ပီစာအုပ်သုံးအုပ်စာ ကဗျာလက်ရေးများပဲ ဖြစ်ပါတယ်။ သူ့မိတ်ဆွေရဲ့ လက်ရေးက တကယ့်ကဗျာလက်ရေးပါ။ မိတ်ဆွေရဲ့ လက်ရေးကို တွေ့ဖူးသူတိုင်း နှစ်ခြိုက်စွာ မုဒိတာပွားတတ်ကြပါတယ်။ စာမေးပွဲနီးပြီဆိုရင်လည်း ကျောင်းတက်မှန်တဲ့ ရဟန်းတော်တွေက ကောင်းနိုးရာရာ မှတ်စုလေးတွေကို လာပေးပြီး ကူးခိုင်းတတ်ကြပါတယ်။ ဒီလိုနဲ့ မိတ်ဆွေရဲ့ လက်ရေးနဲ့ ကူးရေးထားတဲ့ မှတ်စု စာရွက်လေးတွေကို ကြည်နူးစွာ ကျက်မှတ်ခဲ့ကြရဖူးပါတယ်။

တစ်ခါတစ်ရံမှာတော့ သူ့မိတ်ဆွေရဟန်းက မဂ္ဂဇင်းဝတ္ထုတိုလေးတွေကိုလည်း ဖိုတိုကော်ပီနဲ့ ကူးလို့ ထိုင်နေကျ ကဖေးဆိုင်လေးဆီ ယူလာပြီး ရောက်လာသမျှ မိတ်ဆွေတွေကို မျှဝေဖတ်ရှုစေပါတယ်။ သူ့မိတ်ဆွေ ရဟန်းနဲ့အတူ မနက်ခင်းကဖေးလေးဆီ နပ်မှန်အောင် သွားဖို့ မလွယ်ကူခဲ့တာ အမှတ်ရမိသေးတော့တယ် ။ ကျောင်းဖွင့်စရက်တွေမှာ ပါလာသမျှ ငွေစကြေးစလေးက ခပ်ပါးပါးမို့ လတစ်ဝက်နဲ့ပဲ ခြေမဲလက်မဲ့ဖြစ်ရ တော့တာပါ။ သူနဲ့ သူ့မိတ်ဆွေမှာ မှီစရာနံရံထူထူမရှိခဲ့ကြလေတော့ ကျောင်းတက်ဖော် မိတ်ဆွေရဟန်းတော် များရဲ့ နံနက်ခင်းတံခါးခေါက်သံများသာ ထောက်တည်ရာဖြစ်ခဲ့ပါတယ်။ ငါ့ရှင်တို့ရဲ့ သဒ္ဓါတရား ဓါးမြှောင်ကြီးနဲ့ ရက်ရက်စက်စက်ကြီးသာ ထိုးစိုက်ချလိုက်စမ်းပါ တဲ့၊ ကဗျာတစ်ပိုဒ်ကို ပြိုင်တူရွတ်ခဲ့ကြဖူးလေရဲ့။

တကယ်တော့ သူတို့နှစ်ဦးကို ပါရမီဖြည့်ခဲ့တဲ့ မိတ်ဆွေတွေက အုပ်စုလိုက်ရှိခဲ့ပါတယ်။ နစ်ခ်နိမ်းတွေနဲ့ တက္ကသိုလ်မှာ လူသိများတဲ့ အုပ်စုပါပဲ။ (အခုလည်း တစ်ချို့က ကမ္ဘာနဲ့ချီတဲ့ သာသနာပြုစာမျက်နှာမှာ ခြေချလို့ တစ်ချို့ကတော့ ကျေးလက်ခေါ်သံတွေကြား ပျော်မွေ့နေကြပါပြီ၊ တိုက်ပွဲခေါ်သံကြားရင် စစ်သူကြီးတွေလို နှလုံးသားမှာ မောက်တိုမောက်ရှည်တွေ ဆောင်းပြီး ထွက်လာကြလေမလား၊ မျှော်လင့်စဉ်းစား ဂုဏ်ယူ နေမိပါသေးတယ်၊ ခုတော့ ကိုယ့်ငန်းကို ကိုယ်ဖောက်ရင်း အောင်မြင်စွာ ငြိမ်ဆိတ်နေကြပါလိမ့်မယ်။ )

မနက်ခင်းတိုင်း သူတို့နေတဲ့အဆောင်ရှေ့ကနေ အာလုပ်သံပြုလေ့ရှိတဲ့ မိတ်ဆွေရဟန်းတော်တစ်ပါးကတော့ သူတို့နှစ်ဦးအတွက် ကဖေးဆိုင်လေးဆီ ပုံမှန်ရောက်ဖို့ ထောက်တည်ရာ ဖန်တီးပေး လေ့ရှိပါတယ်။ သူနဲ့ သူ့မိတ်ဆွေမပါရင်လည်း ကဖေးဆိုင် စကားဝိုင်းလေးတွေ စီစီဝေေ၀ဖြစ်ချင်မှ ဖြစ်မှာကိုး၊ (ဟုတ်ချင်မှလည်း ဟုတ်မည်။ အထင်နဲ့ ပြောခြင်း................)

(၃)
တကယ်တော့ သာသနာ့တက္ကသိုလ်တက်ရောက်ပညာသင်ယူနေတဲ့ ရဟန်းတော်တစ်ပါးအတွက် လက်ဘက် ရည်ဆိုင်ထိုင်ခြင်းဟာ မဟာပြစ်မှုကြီးတစ်ခုပါပဲ။ မနက်ခင်းတိုင်း သာသနာ့တက္ကသိုလ်မှာ အရုဏ်ဆွမ်း ကပ်လှူသူတွေ ရှိပါတယ်။ နံနက် ၅း၀၀ နာရီ တုံးခေါက်သံစည်းချက်အတိုင်း အိပ်ရာက ထနိုင်ပါမှ အရုဏ်ဆွမ်းစားဆောင်ကို ရောက်နိုင်မှာပါ၊ ညနက်အောင် စာဖတ်ကြတဲ့၊ အကြောင်းအရာတစ်ခုအပေါ်မှာ လေထုဖိအားများတဲ့ သူတို့ အုပ်စုအတွက်တော့ မနက်ခင်း အရုဏ်ဆွမ်းချိန်တွေဟာ လွဲချော်ပြီးရင်း လွဲချော်စရာ တုန်းမောင်း ခေါက်သံတွေသာ ဖြစ်ခဲ့ပါတယ်။

သာသနာ့တက္ကသိုလ်ကျောင်းခေါ်ချိန်တွေကလည်း မနက် ၇း၀၀ နာရီမှာ စတာပါ။ အဓိက (Major) ဘာသာတွေဖြစ်တဲ့ ၀ိနည်း ၊ သုတ္တန် ၊ အဘိဓမ္မာနဲ့ Minor ဘာသာတွေဖြစ်တဲ့ ပါဠိ ၊ ဗုဒ္ဓဘာသာပထ၀ီသမိုင်း၊ အင်္ဂလိပ်စာနဲ့ မြန်မာစာတွေကို သင်ရတာပါ။ သူတို့အဖွဲ့အိပ်ရာထတော့ နံနက် ၇း၀၀ နာရီ အမြဲတမ်း ကျော်လွန်နေတတ်ပါတယ်။ စာသင်ချိန်မမီတဲ့အတူတူတော့ ကဖေးဆိုင်လေးမှာ ဗိုက်ဖြည့်ရင်း လေကြော တင်းခဲ့ကြတာ များပါတယ်။ ပါမောက္ခချုပ်ဆရာတော်ကြီးကလည်း တပည့်တွေရဲ့ အနာဂတ်ကို မျှော်ငေးမိ လေသလား မသိပါဘူး။ အနာရှိတဲ့ မောင်းကမှ တီးရင် ပိုမည်တယ် ဆိုတာမျိုး ကြားဖူးချင် ကြားဖူးပါလိမ့်မယ်။ သူကတော့ မောင်းကွဲတစ်ချပ်ဖြစ်မှာပါ။

ပါမောက္ခချုပ်ဆရာတော်ကြီးဆီက တပည့်ရဟန်းတွေအတွက် တံခါးဖွင့်သံတွေလည်း ကြားရတတ်ပါတယ်။ လက်ဘက်ရည်တော့ သောက်ချင်သောက်ကြပေါ့ ငါ့ရှင်တို့၊ ဒါပေမယ့် ဆိုင်မှာ ထိုင်မသောက်ကြလေနဲ့၊ မတ်ခွက်လေးနဲ့ ၀ယ်ပြီး အခန်းမှာပဲ သောက်ကြလေ၊ တဲ့၊ မတ်ခွက်မှ မရှိတာ ၊ ထိုင်သောက်ပြီး ပြန်ခဲ့ကြလေသပေါ့။

(၄)

ဘာပဲဖြစ်ဖြစ် အတုမရှိကျောင်းတော်ကြီးဘေးက ငွေဇင်ရော်ကဖေးဆိုင်လေးမှာ (ဒါမှမဟုတ်) ကုသိုလ်တော် ဘုရားမုခ်ဝက ပန်းချီပြခန်းနဲ့ တွဲဖက်ဖွင့်ထားတဲ့ ထနှောင်းရိပ်လက်ဘက်ရည်ဆိုင်လေးမှာ ကဗျာဖတ်တဲ့ မိတ်ဆွေရဟန်းတော်တွေ စုဝေးခဲ့ကြဖူးတာပါ။

အဲဒီဆိုင်လေးတွေမှာပဲ တာရာမင်းဝေဆိုတဲ့ ဝေါဟာရတစ်ခုကို တက္ကသိုလ်ပိဋကတ်သင်ခန်းစာတွေနဲ့ တသားတည်း ရောထွေးမှတ်သားခဲ့ရသလို မိတ်ဆွေရဟန်းတော်ကူးယူလာတဲ့ အာလူးစားသူးများဆိုတဲ့ ၀တ္ထုကော်ပီစာရွက်လေးကိုလည်း အမှတ်မထင် ဖတ်ခဲ့ရခြင်းပါပဲ။ အဲဒီနောက်ပိုင်းကာလတွေမှာ သူတို့ရဲ့ လက်ဘက်ရည်ဝိုင်းလေးမှာ တာရာမင်းဝေသံ ၀ဲခဲ့ကြပါတော့တယ်။

(တာရာမင်းဝေအမှတ်တရ ရေးခြစ်မိသော စာမျက်နှာ)

ဓမ္မဂင်္ဂါ

No comments: