(၁)
မိဂဒါဝုန်ဆောင်းသည် သူ့အခန်းကျဉ်းလေးထဲသို့ ဆောင့်တိုးဝင်လာကာ သူ့စောင်ပါးပါးလေးကို လုခြုံတော့သည်။ သို့နှင့် နောက်ထပ်စောင်ပါးပါးလေးတစ်ထည် မျှပေးလိုက်ရ၏။ အော် အလွန်အေးတဲ့ ရာသီ အလွန်ချမ်းတဲ့ ရာသီပေပဲ ။ သို့သော် မောင်တစ်ရွာမယ်တစ်မြို့ခွဲကာ လောကီစီးပွားရှာရင်း လောကုတ္တရာပွား စီးနေကြသော Bliss foundation မောင်နှံ၏ ဆွယ်တာ အနွေးထည်လေးတစ်ထည်က ဟိမ၀န္တာဆီးနှင်းများကို ခုခံပေးပါလိမ့်မည်။ ထိုဆွယ်တာလေးသည် ယခုနှစ်အတွက် မှတ်မှတ်ရရရှိလှသော ပရိက္ခရာ တစ်မျိုးဖြစ်သွားသည်။
EMS အမြန်ချောပို့စနစ်ဖြင့် ရောက်လာသော ထိုဆွယ်တာလေးသည် မဇ္ဈိမရောက်ရဟန်းတစ်ပါးအတွက် လိုက်လျောညီထွေရှိလှသော အသုံးအဆောင်ဖြစ်သွားသည်။ ရွှေပြည်ကြီးမှာ ဆိုလျင်တော့ သူသည် မည်မျှချမ်းချမ်း ဆွယ်တာအနွေးထည်ကို ၀တ်ဆင်လိမ့်မည်မဟုတ်။ နှစ်ထပ်သင်္ကန်းကြီး (သို့မဟုတ်) သိုးမွှေးထူထူတစ်ထည်ကိုသာ လွှမ်းခြုံထားမိပေမည်။
(၂)
ယခု သူရောက်ရှိနေသော မဇ္ဈိမကတော့ သင်ယူနေရဆဲ ဘာသာရပ်တစ်ခုဖြစ်သည်။ ဗုဒ္ဓခေတ်ဆီက မဇ္ဈိမ၏ အခြေခံရုပ်ပုံလွှာဖြစ်သည့် ပုခုံးတစ်ဘက်ဖော်ထားသော ရဟန်းတစ်ပါး၏ အသွင်သည် ယနေ့ခေတ် မဇ္ဈိမသားတို့အတွက် အထူး အဆန်း ဖြစ်နေပြန်လေသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ဆီက ပုဂံမြို့ပြကို ရောက်လာသည့် ဓမ္မဒဿီဘွဲ့ခံ ရှေးဦးသာသနာပြု ရှင်အရဟံကို ခုမှ ကိုယ်ချင်းစာသွားမိသည်။ ပုဂံသားတို့သည်လည်း ရှင်အရဟံကို လူရိုင်းအသွင်မှတ်ထင်ခဲ့ကြဖူးသည်ပဲ..။ ရှင်အရဟံ၏ အနစ်နာခံမှုကြောင့် ယနေ့ခေတ် ရွှေပြည်သားတို့အမြင်တွင် ရဟန်းအသွင်က အဆန်းထွင်ထားသော ပုံရိပ်မဟုတ်ပြီ။ ကြည်ညိုဖွယ်ရာ နံနက်ခင်းဆွမ်းတော်ဗျို့အချိန်များဆီက ကြေးစည်သံများကို သူကြားယောင်လာသည်။
မဇ္ဈိမကို ရောက်ခါဦးဆီက ရဟန်းတစ်ပါးကို တွေ့လေတိုင်း ၀ိုင်းအုံကြည့်တတ်သည့် စူးရဲသောမျက်လုံးများကို သူ သည်းခံရသည်။ ဗုဒ္ဓဘာသာအမြစ်အငုတ်ကို ပြန်လည် ရေလောင်းပေါင်းသင်စ မဇ္ဈိမတွင် ရဟန်းတစ်ပါး၏ ပုံရိပ်သည် ပုဂံသားတို့အလယ်ရောက်နေသည့် ရှင်အရဟံ၏ ခန္တီပါရမီ ဇာတ်ဝင်ခန်း မျိုးပင်ဖြစ်သည်။ ဆာရီသင်တိုင်းကို စွဲမြဲစွာ ၀တ်ဆင်လေ့ရှိသော မဇ္ဈိမသူ အမျိုးသမီးများနှင့် လွဲမှားခံရခြင်းကလည်း မျက်နှာပူစရာကောင်းသည်။ ဗုဒ္ဓအရှင်၏ မွေးရပ်မြေဖြစ်သည့် သကျတိုင်းပြည် နီပေါလ်မှာပင်လျှင် သင်္ကန်း၏ အဓိပ္ပါယ်က ပျောက်ဆုံးနေသည်။ ခတ္တမန္ဒူမြို့တော်ထဲ မိတ်ဆွေရဟန်းတော်တစ်ပါးနှင့် အတူ အမျိုးသားသန့်စင်ခန်းတစ်ခုကို အရေးပေါ် ၀င်ရောက်ကြသောအခါ Are you Gents or Ladies? ဟု လောလောမေးလိုက်သော လုံခြုံရေးဝန်ထမ်း၏ အသံကို ခါးသွားသည်။း)..။
(၃)
ထို့ထက်အလွန် ဗုဒ္ဓဘာသာရဟန်းတော်မှန်သမျှကို ဇာတ်နိမ့်များ ဟု ရှုမြင်လိုခြင်းမျိုးလည်း ရှိနေတတ်သေးသည်။ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးဆောင်ရေးဆွဲခဲ့သည့် လွတ်လပ်ရေးခေတ်ဦး ပထမဆုံး တရားရေးဝန်ကြီး ဒေါက်တာအမ်ဘေဒကာသည် ဇာတ်နိမ့်ခေါင်း ဆောင်ကြီးဖြစ်သည်။ မဇ္ဈိမဒေသ၏ ဇာတ်ခွဲခြားမှု စနစ်ကို ကိုယ်တိုင်ခါးသည်းစွာ ခံစားခဲ့ရသည့်အတွက် ဘ၀တူဇာတ်နိမ့်များ၏ လူ့အခွင့်အရေးနှင့် လွတ်မြောက်မှုအရေးကိုလည်း စာနာစွာ လူပီသစွာနေထိုင်နိုင်ရေးအတွက် ဘာသာတရားများစွာကို လေ့လာခဲ့သည်။
၁၉၅၆ ခုနှစ်တွင် ဒေါက်တာအမ်ဘေဒကာသည် ငါးသိန်းမျှသော ဇာတ်နိမ့်များကို ဦးဆောင်ကာ ဟိန္ဒူဘာသာမှ ခွဲထွက်ပြီး ဗုဒ္ဓဘာသာဝင်အဖြစ်ကို ခံယူခဲ့သည်။ ဂုဏ်ယူဖွယ်ကောင်းသည်က ဒေါက်တာအမ်ဘေဒကာကို သရဏဂုံချီးမြှင့်ကာ ဥပါသကာအဖြစ်ခံယူစေခဲ့သူက မြန်မာနွယ်ဖွား ရခိုင်တိုင်းရင်းသား ကုသိနာရုံ ဆရာတော်ဘုရားကြီး စန္ဒြမဏိအရှင်ပင်ဖြစ်ပါသည်။ ထို့ကြောင့် အမ်ဘေဒကာဗုဒ္ဓဘာသာဝင်များ၏ ဘာသာရေး လုပ်ငန်းဆောင်တာများသည် မြန်မာ့အရိပ်အငွေ့ယှက်သန်းနေဟန်ရှိသည်။
အိန္ဒိယနိုင်ငံတောင်ပိုင်း၊ မဟာရဋ္ဌပြည်နယ်၊ နာဂပူရ်မြို့တွင် ကျင်းပခဲ့သော ထိုဗုဒ္ဓဘာသာခံယူပွဲကြီးသည် သမိုင်းဝင်ခဲ့သလို အမ်ဘေဒကာဗုဒ္ဓဘာသာ ဟူသော ဝေါဟာရတစ်ရပ်ကိုလည်း မွေးဖွားပေးခဲ့သည်။ ဒေါက်တာ အမ်ဘေဒကာကိုလည်း ခေတ်သစ်ဘုရားလောင်း (Modern Bodhisatva) ဟု အလေးအမြတ်ပြုကြသည်။ အနောက်တိုင်းဝတ်စုံကို သပ်ရပ်စွာ ၀တ်ဆင်၊ မျက်မှန်ထူထူကို တပ်၊ အခြေခံဥပဒေစာအုပ်ကြီးကို လက်ဝဲလက်ဖြင့် ရင်မှာပိုက်၍ လက်က်ျာလက်ဖြင့် လမ်းစစ်လမ်းမှန်ကို ညွှန်နေသည့်ဟန် ဒေါက်တာ အမ်ဘေဒကာရုပ်တုများကို မဟတ္တမဂန္ဓီကြီးနှင့် အပြိုင် ထုဆစ်ကိုးကွယ်ကြသည်။
အိန္ဒိယနိုင်ငံတော်အလံတွင် ဓမ္မစကြာစက်ဝိုင်းနှင့် နိုင်ငံတော်တံဆိပ်တွင် အသောကရုပ်တုအမှတ်သားကို မြင်တွေ့ရခြင်းက ဒေါက်တာအမ်ဘေဒကာ၏ အတွေးပုံရိပ်ဟု မှတ်သားရဖူးသည်။ အိန္ဒိယနိုင်ငံတော်အလံ သို့မဟုတ် အသောကတံဆိပ်တော်ကို မြင်ရတိုင်း ဗုဒ္ဓဂုဏ်တော်ကို ပွားများခွင့်ရအောင် ဖန်တီးထားသည့်နှယ် ကျေးဇူးများလှသည်။ ယနေ့ခေတ်တွင် အမ်ဘေဒကာဗုဒ္ဓဘာသာဝင် ခြောက်သန်း အထက်မှာ ရှိနေပြီ ဟု စစ်တမ်းများအရ သိရသည်။
အိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ်များတွင် နေ့စဉ် ဗုဒ္ဓဘာသာဝင်ဦးရေသည် တိုးတက် လျက်ရှိသည်။ သို့သော် ဇာတ်နိမ့်များက ဖြစ်လာသည့်ဗုဒ္ဓဘာသာဝင်က အများစုဖြစ်၍ ဇာတ်မြင့်ဆိုသူ ဒေသခံဟိန္ဒူများက နှာခေါင်းရှုံ့ချင်သည်။ မည်သို့ပင်ဖြစ်စေ ဇာတ်နိမ့်များက ပညာတတ်အောင် သင်ယူကာ ထိပ်တန်းနေရာသို့ ရောက်အောင် ကြိုးစားလာကြသည်က အားတက်ဖွယ်ရာဖြစ်သည်။ ယခု သူနေထိုင်လျက်ရှိသော ယူပီပြည်နယ်၏ ၀န်ကြီးချုပ်(Chief Minister) ကိုယ်တိုင် သည်ပင် မာယာဝတီအမည်ရှိ ဇာတ်နိမ့်ခေါင်းဆောင် ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးဖြစ်နေသည်။
ငွေကြေချမ်းသာသူများ၊ အစိုးရအရာရှိကြီးများ၊ ပါမောက္ခကြီးများစသည့် လူဝတ်ကြောင်များက အမ်ဘေဒကာလမ်းညွှန်ခဲ့ သည့်အတိုင်း ဇာတ်နိမ့်ဗုဒ္ဓဘာသာဝင်များကို ဆက်လက်ဦးဆောင်ကာ စနစ်တကျစုဖွဲ့ကြ၊ ပညာပေးကြသည့်အတွက် ယဉ်ကျေးပျူငှါ၊ ရိုးကျိုးသိမ်မွေ့ကြသော အမ်ဘေဒကာ ဗုဒ္ဓ ဘာသာဝင်များကို သူကိုယ်တိုင်လည်း တွေ့ကြုံဆက်ဆံဖူးသည်။ ၀န္ဒာမိ ဘန္တေ (ရှိခိုးပါ၏ ဘုရား) ဟူသော သံပြိုင်နှုတ်ဆက်သံများကို ကြည်နူးဖွယ်ရာ ကြားရတတ်သည်။
အားပျက်ဖွယ်ရာကောင်းသည်က ဇာတ်နိမ့်ရဟန်းအချို့ဖြစ်သည်။ ဆိုဆုံးမမည့် ဥပဇ္ဈာယ်လည်း မရှိ၊ သွန်သင်ပြ
မည့် နိသျည်းဆရာလည်း မရှိ၊ သိမ်လည်း မ၀င်ဘဲ ကိုယ်တိုင်သင်္ကန်းကောက်ပတ်ထားသည့် ရဟန်း (Self-Styled Monk) မျိုးဖြစ်နေသည်။ ဘိုသီဘတ်သီနိုင်လှသော သင်္ကန်းကို ဖြစ်ကတတ်ဆန်းဝတ်ဆင်ကာ ဗုဒ္ဓဘာသာဝင်ဘုရားဖူးအများစု၏ သဒ္ဓါကို ခြစ်ခြုတ်ဖို့ ဗုဒ္ဓဂယာလို နေရာမျိုးတွင် ဖုန်းတောင်းယာစကာများ သဖွယ် စုပြုံတိုးနေသည်ကို တွေ့ရတတ်သည်က ဘာသာခြားတို့မျက်လုံးဝယ် အမြင်ငယ်ဖွယ်ရာဖြစ်နေသည်။ အမှန်တကယ်တော့ ရဟန်းဆိုသည်မှာ တောင်းရခြင်းသဘောကို မလွန်ဆန်နိုင်.... သို့သော် မြတ်သော တောင်းခြင်းဖြင့်သာ (အရိယာယ ဘိက္ခနာယ)..။
ပညာလည်း တတ်၊ အကျင့်သိက္ခာဖြည့်ဆည်းမှုလည်း ရှိသော ဒေသခံအိန္ဒိယရဟန်းတော်များစွာ ရှိနေပြီဖြစ်သော်လည်း ဇာတ်နိမ့်ရဟန်းအချို့၏ အမည်းစက်က ပွင့်သစ်စအိန္ဒိယသံဃာထုတစ်ရပ်လုံး၏ အဖြူစပေါ်တွင် စွန်းထင်းနေခြင်းဖြစ်သည်။ ထိုမှကူးစက်ကာ သူတို့လို မဇ္ဈိမရောက်တိုင်း တစ်ပါးသား ရဟန်းများကိုလည်း ရောထွေးရှုမြင်ခြင်းဖြစ်နိုင်သည်။
သံဃာ့အဖွဲ့အစည်းအတွက် အမြင်မငယ်စေရန် နေထိုင်သွားလာနည်း၊ ၀တ်ရုံနည်းက အစ အလှူခံနည်းအထိ သိက္ခာပုဒ်ဖြင့် သွန်သင်ပညတ်ခဲ့သည့် ဗုဒ္ဓအရှင်၏ ဂုဏ်တော်က ထင်းကနဲ ပေါ်လာသည်။
(၄)
မြို့ထဲရွာထဲသို့ စနစ်တကျသင်္ကန်းဝတ်ရုံကာ ၀င်ရောက်ရန် သိက္ခာပုဒ်ပညတ်ခဲ့သည့် ဗုဒ္ဓအရှင်၏ ၀ိနည်းတရားကို သူ နားလည်လာသည်နှင့်အမျှ တိဘက်တက္ကသိုလ်ဆရာဘ၀တွင် တတ်နိုင်သမျှ သင်္ကန်းကို ၀တ်ရုံကာ ကြွခဲ့သည်။ ပူပြင်းသော ဗာရာဏသီနွေကန္တာကြီးထဲမှာပင် သင်္ကန်းရုံကြီးတဖားဖားနှင့် ထေရ၀ါဒရဟန်းတစ်ပါးအဖြစ် သူ ရှိနေတတ်သည်။ သင်္ကန်းကို စနစ်တကျဝတ်ရုံထားလျှင် ''ဘန္တေဂျီး နမာစတေး" ဟူသော ဂါရ၀ပြုနှုတ်ဆက်သံများကို ကြားရတတ်သည်။ တစ်ခါတစ်ရံ ကျောင်းနောက်ကျ၍ ခပ်သုတ်သုတ်ထ သွားရသည့်အချိန်မျိုးမှာတော့ သင်္ကန်းရောင်လက်ရှည်အင်္ကျီတစ်ထည်ကို ၀တ်ဆင်သွားရ သည်။ ပုခုံးတစ်ဘက် ဖော်ထားသော ရဟန်းအသွင်သည် လူအကြည့်ခံရဆဲဖြစ်သည်။
သည်နေ့ ဒီဇင်ဘာသုံးရက်ဆောင်းက ဆွယ်တာတစ်ထည် ၀တ်ဆင်ရန် တွန်းအားပေးနေသည်။ သင်္ကန်းရုံထား သည်ဖြစ်စေ၊ ရုံမထားသည်ဖြစ်စေ ဆွယ်တာတစ်ထည်ကိုတော့ မဖြစ်မနေ ၀တ်ဆင်ရတော့မည်။
ပြတင်းတံခါးကို ဖွင့်လိုက်၏၊ အော် ဘယ်နှစ်ကြိမ်မြောက်မှန်း မသိတော့တဲ့ မိဂဒါဝုန်ဆောင်း..........။

ဓမ္မဂင်္ဂါ
(၃-၁၂-၂၀၁၀)
(၃-၁၂-၂၀၁၀)
No comments:
Post a Comment