20 March, 2011

မဇ္ဈိမဟိုလီ၊အညာလွမ်းချင်း၊နွေစာသင်ခန်းများဆီ

(၁)

ဗာရာဏသီလမ်းမများပေါ်တွင် '' ရေ..ရေ ..ရေတွေ ရွှဲကုန်ပြီ.. ဟော့ တော့ '' ဖြစ်နေလောက်ပြီ။ အော် မဇ္ဈိမသင်္ကြန်တော်အခါကျချေပြီ..။

မဇ္ဈိမသင်္ကြန်ကို ဟိုးလီပွဲတော်ဟု ခေါ်သည်။ ဟိုလီ(HOLI) ဆိုသည်က နွေဦး ဟု အဓိပ္ပါယ်ရသည်။ တပေါင်းလပြည့် ဖဂ္ဂုဏမာသပုဏ္ဏိမာတွင် နှစ်စဉ်ကျင်းပလေ့ရှိသည်။ သင်္ကြန်တော်အကြိုနေ့(၁၉-၃-၂၀၁၁)တွင် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်း၊ လမ်းဆုံလမ်းခွတွင် ထင်းများပုံကာ မီးရှို့ခြင်းဖြင့် နတ်ဆိုးမ ဟိုလီကာကို ဗိဿနိုးနတ်ဘုရား၏ သာဝကဖြစ်သူ ပရဠှဒက အနိုင်ရသည့် အထိမ်းအမှတ်ပွဲပြုကြသည်။ ဟိုလီသင်္ကြန်တော်အခါသမယ (၂၀-၃-၂၀၁၁) တွင် အိန္ဒိယတစ်နိုင်ငံလုံး ဆေးရောင်စုံရေများဖြင့် ပက်ဖြန်းပျော်ရွှင်ကာ နှစ်သစ်ကို ကြိုဆိုကြပေလိမ့်မည်..။

လွန်ခဲ့သော သောကြာနေ့နံနက်ခင်းက သူသည် စောစီးစွာ အိပ်ရာထကာ တိဗက်တက္ကသိုလ်ပရိဝုဏ်ဆီ ထွက်လာခဲ့သည်။ တက္ကသိုလ်ဂိတ်တံခါးစောင့်က '' ဂုရုဂျီ နမာစတေး '' ဟု အလေးပြုနှုတ်ဆက်တော့ သူကလည်း " နမာစကာရ် '' ဟု လက်ပြခဲ့သည်။ တက္ကသိုလ်မြက်ခင်းပြင်နှင့် မြေသွားအုတ်စီလမ်းလေးပေါ်မှာ ခပ်သွက်သွက် ဖြတ်သန်းပြေးလွှားကာ စာသင်ခန်းများဆီ ဦးတည်နေသော တွေ့နေကျကျောင်းသား ကျောင်းသူများကို မတွေ့ရ..။

သူ့နောက်မှ ရုတ်တရက် ဝေါကနဲ ပေါ်လာကာ ဟီးရိုးဟွန်းဒါဆိုင်ကယ်လ်ကြီးကို ကျော်ဖြတ်မောင်းနှင်ရင်း '' ဘန္တေဂျီး တရှိ ဒေလေ့ '' ဟု အပြေးနှုတ်ဆက်သွားလေ့ရှိသော တိဘက်စာပေသမိုင်းဆရာကိုလည်း မတွေ့။ ဘာဖြစ်ပါလိမ့်...။ ဘာပဲဖြစ်ဖြစ် စာသင်ဆောင်ရှိရာ အတိရှခန်းမကြီးဆီကိုတော့ ရောက်အောင် သွားခဲ့သည်။ သူ့အား ခပ်ဝေးဝေးမှ လက်အုပ်ချီလေ့ရှိသည့် စာသင်ခန်းအကူလုပ်သား လက္ချမန်းလည်း ရှိမနေခဲ့ပါ..။

သေချာပါပြီ... သည်နေ့ ကျောင်းပိတ်ရက်ဖြစ်မည်..။ ဆရာများအတွက် တက္ကသိုလ်ပြက္ခဒိန်တစ်ခုစီ ဝေငှထားသော်လည်း သူက ဘယ်သောအခါမှ အလေးမမူမိခဲ့..။ အိန္ဒိယနိုင်ငံ၏ ထုံးစံအရ တနင်္ဂနွေနေ့တစ်ရက်သာ အများသူငါ အားလပ်ရက်(Public holiday) ဖြစ်သည်ကိုသာ မှတ်သားထားခဲ့သည်..။

အော် နွေဦးပေါက်ပြီဆိုတော့ မဇ္ဈိမသင်္ကြန်တော်ရောက်လာပြန်ပြီပဲ...။

(၂)

မဇ္ဈိမသကြန်တော်က လောကီပွဲပေမို့ သူ့လို ရဟန်းတစ်ပါးအတွက် အလှမ်းဝေးလှသည်။. အပြင်လည်း မထွက်ရဲ..။ ဆေးရောင်စုံများဖြင့် သူ့မျက်နှာကို ဖြန်းပက်လိုက်မှဖြင့် ကြောင်ဋီကာ သစ်ကျမ်းပြုအစစ်ဖြစ်သွားပေမည်..။ တကယ့် ကြောင်ကြောင်ကြားကြား..။

သည်တော့လည်း နွေဦးဂျိုးကူသံလွှမ်းနေသော အခန်းလေးကျဉ်းလေးတွင်သာ သူ ခပ်ကုပ်ကုပ်နေထိုင်ဖြစ်ပါသည်။ အင်တာနက်အွန်လိုင်းပေါ်သို့ တက်ဖြစ်သည့်တိုင် မည်သူ့ကိုမှလည်း ဧည့်ဝတ်မပြုဖြစ်..။

တိုးတိတ်စွာ ဘာသာရပ်ဆိုင်ရာစာမျက်နှာများကို သူ ကလစ်ခ်နေခဲ့သည်..။ သူ့တွင် လုံလောက်သော စာအုပ်များ မရှိလေတော့ အင်တာနက်ပိဋကတ်တိုက်ကိုသာ အားကိုးနေရသည်။ စာအုပ်တွေသာ မရှိရင် ပညာရှင်လုပ်ဖို့ အခက်သားပဲ...။

နှုတ်မဆက်မိ၍ နားလည်မှုလွဲမှားလေသော မိတ်ဆွေများ ....ပလီးဇ် ...ကျေးဇူးပြု၍...နားလည်ပေးပါ.။ (ဧည့်ပါမောက္ခဆိုသူကြီး စာကျက်နေသဗျာ..)

လွန်ခဲ့သော လများဆီက ဆေးရုံပေါ်တွင် ဂိလာနအဖြစ် ဆေးကုသခံနေခဲ့ရစဉ်က အကြွေးများကို သူ ဆပ်နေရသည်။ တိဗက်တက္ကသိုလ်အတန်းတင် စာမေးပွဲများက မေလ (၅) ရက်တွင် စတင်ကျင်းပတော့မည်။ သူ ပို့ချရမည့် သင်ရိုးညွှန်းတန်းသင်ခန်းစာများက ခုမှ စလုံးရေး စ..ရှိသေးသည်။

အပြည်ပြည်ဆိုင်ရာတိဗက်ကျမ်းစာများဘာသာပြန်ဆိုရေးညီလာခံနှင့် ၀ိနည်းညီလာခံ၊ ညီလာခံနှစ်ရပ် ကျင်းပဖြစ်ခဲ့သည့် ဇန်န၀ါရီလဆီကလည်း ဘုန်းတော်ကြီးဒလိုင်လားမား၏ တရားပွဲများကို တက္ကသိုလ်ပရိဝုဏ်တွင် ကျင်းပခဲ့သည်မို့ တက္ကသိုလ်စာသင်ခန်းများ ပိတ်ပေးခဲ့သည်။ တစ်လနီးပါးခန့် စာမသင်ခဲ့ရ..။ ညီလာခံများပြီးသည်နှင့် သူက ဆေးရုံတက်လိုက်ရပြန်သည်။နောက်တစ်လ...။

ဆေးရုံကဆင်းသည်နှင့် စာသင်ခန်းများကို သူက ဆာလောင်မွတ်သိပ်လှပြီ..။ သို့နှင့် သူ့စာသင်ခန်းလေးဆီ ပြေးလာခဲ့သည်။ သို့သော် တပည့်များနှင့် နှုတ်ခွန်းဆက်စကား ဆိုကာ သင်ခန်းစာအသစ်များနှင့် မိတ်ဆက်ဖွင့်ဆိုရှင်းပြဆဲမှာပင် တိဗက်နှစ်သစ်ကူးကာလနှင့် မဇ္ဈိမသကြန်တော်က ကျရောက်လာပြန်သည်။


(၃)

ကျောင်းသားဘ၀က သူသည် ကျောင်းပြေးနာမည်ကြီးလှသော်လည်း ဆရာဘ၀မှာတော့ ကျောင်းမှန်လွန်းနေပြန်သည်ကို အံ့သြမိရသေးသည်။ သင်္ချာပါမောက္ခကြီးဒေါက်တာခင်မောင်ဝင်းရေးသည့် ဆရာဘ၀အတွေ့အကြုံလေးကို သတိရမိသည်။ တပည့်တစ်ယောက်က ဆရာကြီးကို '' ဆရာကြီးက ကျွန်တော်တို့ကို သိအောင် တတ်အောင် သင်ချင်တာ၊ ကျွန်တော်တို့က စာမေးပွဲပဲ အောင်ချင်တာ။ အဲဒါ သိပ်ခွကျတာပဲ ဆရာကြီးရယ် '' တဲ့..။ သူလည်း ကျောင်းသားဘ၀က တစ်မိနစ်လောက် စာပိုသင်သည်ကိုပင် သည်းမခံနိုင်..။ စာသင်ခန်းထဲက ထွက်ပြေးချင်သည်။

တစ်နေ့လျှင် သင်တန်းချိန်( ၆) ကြိမ်တက်ရသည့် မန္တလေးသာသနာ့တက္ကသိုလ်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ နွေဦးပေါက်ရာသီ စာသင်ခန်းများကို ပြန်စဉ်းစားမိတော့ လတ်တလော ခါးပူ နားပူလာသယောင် ခံစားရသေးသည်။ ချွေးဒီးဒီးကျစာသင်ခန်းများထဲ သင်တန်းပို့ချချိန် (၄၅) မိနစ်အပြီး အနားရသည့် ၁၅ မိနစ်လေးသည် တဒင်္ဂနိဗ္ဗာန်ဖြစ်သည်..။ စေတနာပိုလေသော ဆရာက ပို့ချချိန်ထက် ပိုလွန်၍ နောက်သင်တန်းနှင့် ဆက်သွားသည့် အခါမျိုးတွင်တော့ ငရဲကျသလို ခံစားရသည်..။

ဟာဗဒ်တက္ကသိုလ်ကျောင်းဆင်းဆရာကြီးဦးစ၀်ထွန်းမှတ်ဝင်းကတော့ အသက် (၈၀) နားနီးသည့်တိုင် စာသင်ရာတွင် တက်ကြွတုန်း..။ ပို့ချချိန်လွန်သော်လည်း မှတ်ဖွယ်မှတ်ရာများက ပြောဟော၍ မကုန်သေး..။ ဆရာကြီး အချိန်ပြည့်ပါပြီ ဆိုတော့ '' အိမ်မှာဆို အရှင်ဘုရားတို့ ဒကာမကြီးက တပည့်တော်ပြောတဲ့ စကားနားထောင်တာ မဟုတ်ဘူး ဘုရား.. အရှင်ဘုရားလေးတို့နဲ့ တွေ့တုန်း ပြောရတာ '' တဲ့၊ မှတ်ကရော..။

မိတ်ဆွေရဟန်းတစ်ပါးက '' အင်း သတ်မှတ်ချိန်ထက် လွန်သွားပြီဆိုရင်တော့ သောတာပန်ဖြစ်မယ်ဆိုရင်တောင် အဲဒီတရားကို နာဖို့ ခက်ခက်ပါကွာ'' တဲ့..။ ထိုမိတ်ဆွေရဟန်းကပင် "' ရှူး တိုးတိုး...ငါ့ရှင်တို့ရေ ဆရာတွေ ကြားရင် အားနာစရာ '' ဟု ပြောရင်း ပြုံးပြုံးကြီး လုပ်နေသေးသည်။

ခုတော့လည်း ဆရာအရှင်များကို စာနာနားလည်စွာ တက္ကသိုလ်ကြီးနှစ်ခုက ရဟန်းပညာရှင် လူပညာရှင်ပုဂ္ဂိုလ်ကြီးများကို အမှတ်ရနေသေးတော့သည်။

(၄)

သည်ရက်ပိုင်းများတွင် သူ စာလည်း မရေးဖြစ်...။ စာဖတ်ပရိသတ်တစ်ဦးကတော့ စိတ်လိုလက်ရရှိမှသာ ရေးစေချင်ပါသည် တဲ့..။ စင်ကာပူမှ မကြာသေးမီက ပြန်လာသော မိတ်ဆွေရဟန်းတော်နှစ်ပါးကတော့ ဓမ္မဂင်္ဂါပရိသတ်တွေကို ဘယ်နေရာသွားသွား မလွဲဘူး ဆိုပဲ..။ မလွဲတဲ့နေရာတွေကို ကြွရောက်ခဲ့ကြတယ် ထင်ပါရဲ့...။ ကောင်းလေစွ..။

ရေးလက်စ ကြောင်ဋီကာသစ်ကိုလည်း ဂျပန်ငလျင်ကာလတွင် သူ ရေးချင်စိတ်မရှိ..။ ကြေကွဲသော စိတ်နှလုံးများကို စာနာသည့်တိုင် မနောကံကရုဏာသာ သူ စွမ်းနိုင်သည်။ တိဗက်တက္ကသိုလ်ကလည်း ဂျပန်ငလျင်အထိမ်းအမှတ်ဆုတောင်းပွဲပြုလုပ်ပေးခဲ့သည်။ အော် ဒုက္ခာ မုစ္စန္တု....။


ဓမ္မဂင်္ဂါ

(၂၀-၃-၂၀၁၁)

မဇ္ဈိမသင်္ကြန်တော်

1 comment:

Crystal said...

ခံစားချက်လေဟာနယ်ထဲ ရောက်နေလို့ မန့်ဖို့ရာ ဦးနှောက်က အလုပ်မလုပ်ဖြစ်နေတယ်ဘုရား။
စာတော့ ဖတ်လိုက်တယ်
သို့သော်လည်း သို့သော်လည်းပေါ့လေ ...