01 May, 2011

ရာဇဂြိုဟ်သူဌေး၏ ပုရပိုဒ်စာမှတ်တမ်း......

ငြိမ်းပေမယ့် အငြိမ်းမနေနိုင်သူများ(၆)

'' တစ်နေ့သ၌ ကျွန်ုပ်သည် ကျွန်ုပ်၏ ဥယျာဉ်ခြံရှိရာသို့ ဝေဠုဝန်တောလမ်းအတိုင်း တစ်ကိုယ်တည်း လမ်းလျှောက်ထွက်ခဲ့လာလေသည်။ ကျွန်ုပ်ထွက်လာသော အချိန်သည် ရာဇဂြိုဟ်စံတော်ချိန်အားဖြင့် နံနက်ခင်းဝေလီဝေလင်းကာလမျှသာ ဖြစ်လေရာ လွန်စွာမှ အေးချမ်းသာယာလှပေသည်။ နံနက်ခင်းတိုင်း ဂိဇ္ဈကုဋ်တောင်ကမ်းပါးကို ဖြတ်သန်းတိုက်ခတ်လာသော လေညင်းကို ရှူရှိက်ရင်း လမ်းလျှောက်ရသည်မှာ နန်းတွင်းသမားတော်ကြီး၏ အဆိုအရ အာယုဒီဃဆေးကို မှီဝဲရသည်နှင့် တူလေသည်။

ထိုသို့ လျှောက်လာသည့်အခိုက် ဝေဠုဝန်တောလမ်းတစ်လျောက်လုံး ဟိုနားတစ်စု၊ သည်နားတစ်စု စင်္ကြန်ကြွရင်း တရားဘာဝနာရှုမှတ်နေကြသည့် ဗုဒ္ဓအရှင်၏ သာဝကရဟန်းများကို ကြည်ညိုဖွယ်ရာ ဖူးတွေ့ရလေတော့၏။ ထိုရဟန်းတို့၏ ဦးပြည်းစိမ်းစိမ်းနှင့် အရဟတ္တဓဇသင်္ကန်းလွင်လွင်သည် ဥဒည်တောင်စွန်းမှ ထွန်းလာသော တက်သစ်စနေရောင်ခြည်တွင် ရွှင်ရွှင်တောက်ပနေလေသည်။

ထို့အပြင် ထိုရဟန်းတို့၏ ပကတိအသွင်အပြင်နှင့် စင်္ကြန်ကြွလှမ်းပုံအမူအရာတို့သည် လွန်စွာမှ ငြိမ်သက်တည်ကြသည်ဖြစ်လေရာ ကျွန်ုပ်၏ အဇ္ဈတ္တကောင်းကင်အကြည်သားတွင် သဒ္ဓါမိုးသားတိမ်လိပ်တို့ တရိပ်ရိပ်တက်လာခဲ့သည်နှင့်အမျှ ထိုရဟန်းတို့၏ လိုအပ်ချက်ကို သွန်းလောင်းဖြည့်ဆည်းလိုသည့် ဆန္ဒသည်လည်း တဖွားဖွား ဖြစ်ပေါ်လာခဲ့လေတော့၏။


ထိုရဟန်းတို့အနေဖြင့် ညကျိန်းစက် အနားယူရန် သီးခြားနေရာမရှိသေးကြောင်း ကျွန်ုပ်သိပါသည်။ နေ့အခါ၌ ဘ၀ရှင် ဧကရာဇ်မင်းတရားကြီးလှူဒါန်းထားသည့် ဝေဠုဝန်ဝါးတောကိုသာ ကျောင်းအမှတ်ဖြင့် ဗုဒ္ဓအရှင်နှင့်အတူ သာဝကရဟန်းများ စုပေါင်းသီတင်းသုံးနေကြရလေသည်။ ညဥ့်အခါ၌မူ တော၊တောင်၊ လိုဏ်ဂူ၊ သစ်ပင် ၊ ကောက်ရိုးပုံနှင့် သုသာန်စသည် ဆိတ်ငြိမ်သည့်နေရာများသို့ ကပ်မှီကာ ဘာဝနာစီးဖြန်းရင်း ညဥ့်သုံးယာမ်ကို ကုန်လွန်စေကြရသည် ဟု ကျွန်ုပ်ကြားသိထားလေသည်။

ဝေဠုဝန်တောကျောင်းတွင်လည်း မည်သည့် အဆောက်အဦမှ မတည်ဆောက်ရသေးသည်ဖြစ်ရာ ဗုဒ္ဓအရှင်ကိုယ်တော်တိုင်ပင် သစ်ပင်ဝါးရိပ်ကို မှီခိုလျက် ခြိုးခြံမျှတစွာ သီတင်းသုံးနေတော်မူရသည်။ ထို့ကြောင့် ဝေဠုဝန်ဥယျာဉ်သည် ဗုဒ္ဓအရှင်ထံမှ မဂဓပြည်သူတို့ တရားဓမ္မ နာယူရန်၊ ဗုဒ္ဓအရှင်နှင့် ရဟန်းသံဃာတို့အား ဖူးမျှော်ရန်၊ တရားဓမ္မဆွေးနွေးလျှောက်ထားရန်၊ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနည်း နိဿျည်းခံယူရန် စသော ယာယီကိစ္စများအတွက် သင့်လျော်သည့်တိုင် အမြဲတစေ သီတင်းသုံး၍ အေးအေးလူလူ ကမ္မဋ္ဌာန်းဘာဝနာတရား ပွားများအားထုတ်ရန် သီးသန့်ကျောင်းသင်္ခန်းများလိုအပ်သည် ဟု ကျွန်ုပ်ထင်မြင်မိပေသည်။

မည်သို့ဆိုစေ ဝေဠုဝန်သည် ဗုဒ္ဓအရှင်ကြောင့် နေ့ချင်းညချင်း နာမည်ကျော်ကြားလာခဲ့သည်။ ကျွန်ုပ်တို့ခေတ်၏ အကျော်ကြားဆုံး ဘာသာရေးဂုရုကြီး တစ်ဆူဖြစ်သည့် ဥရုဝေလကဿပ သခင် ရသေ့ကြီးသည်ပင် ထိုဗုဒ္ဓအရှင်ထံမှ တရားဓမ္မနာယူခွင့် ရခဲ့သည့်အတွက် ဖန်ရေစွန်းသင်္ကန်းကို ၀တ်ရုံ၍ မြတ်သော ရဟန်းအဖြစ်ကို ခံယူခဲ့ပေသည်။

ကျွန်ုပ်သည်လည်း ဘုရင်ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့သည့် မဂဓနိုင်ငံတော်၏ အထူးမြတ်ဆုံး ဘာသာကူးပြောင်းပွဲ အခမ်းအနားကြီးတွင် မိရိုးဖလာဘာသာရေးကို စွန့်ပယ်ကာ ဗုဒ္ဓ၀ါဒီ တစ်ဦးဖြစ်လာခဲ့လေသည်။ ကျွန်ုပ်တို့ ဆွေးနွေးလေ့ရှိသည့် ဗုဒ္ဓအရှင်မြတ်၏ သစ္စာဓမ္မနှင့် မဂ္ဂင်အကျင့်အမြတ်ကို အစွဲပြုကာ ကျွန်ုပ်တို့ ဗုဒ္ဓ၀ါဒီများကို မဇ္ဈိမပဋိပဒါ ဂိုဏ်းသားများဟု ယနေ့ ရာဇဂြိုဟ်စကားဝိုင်းများတွင် ခေါ်ဝေါ်သုံးနှုံးလျက်ရှိပေသည်။

ဘာသာတရားအသစ်ကို ကူးပြောင်းသူတို့၏ ထုံးစံအတိုင်း မိမိကိုးကွယ်သောဗုဒ္ဓသာသနာ၏ ကောင်းမြတ်သော သတင်းစကားတို့ကို တစ်နေ့တစ်ခြား ကြားနေရသည်မှာ ကျွန်ုပ်ကဲ့သို့သော ဗုဒ္ဓသာဝကသစ်တစ်ဦးအတွက် အားတက်ဖွယ် ခံစားမိကြောင်း ပွင့်လင်းစွာ ၀န်ခံရပေမည်။ လွန်ခဲ့သော လအနည်းငယ်က ခေတ်ပညာတ် ထိပ်တန်းလူရွယ်များဖြစ်ကြသည့် ဥပတိဿနှင့် ကောလိတတို့ ဗုဒ္ဓ၏ သာဝကများအဖြစ် ခံယူလိုက်ပြီဆိုသောအခါ ရာဇဂြိုဟ်မီဒီယာသမားများစိတ်ကြိုက် သတင်းထူးတစ်ခုဖြစ်သွားခဲ့လေသည်။ ကျွန်ုပ်တို့ မဇ္ဈိမပဋိပဒါဂိုဏ်သားများအတွက်မူ ဆိုဖွယ်ရာမရှိတော့ပြီ။

ဥပတိဿနှင့် ကောလိတဆိုသည်က မဂဓနိုင်ငံတော်၏ ဗြဟ္မဏဘာသာရေးလောကနှင့် လူကုန်ထံ အသိုင်းအ၀ိုင်းတွင် အရေးပေးခံရသော လူရွယ်နှစ်ဦးဖြစ်လေသည်။ နယ်ကျေးလက်တွင် မွေးဖွား ခဲ့ကြသော်လည်း ဥစ္စာဓနကြွယ်ဝမှုနှင့် ပညာရေးထူးချွန်ထက်မြက်မှုများကြောင့် ရာဇဂြိုဟ်မြို့ပြတွင်လည်း ၀င်ဆန့်ကြပေသည်။ ကခြင်း၊ သီဆိုခြင်းစသော ကလာအတတ်အမျိုးမျိုး၌ နှံ့စပ်ခြင်း၊ မဂဓပျိုဖြူတို့၏ စိတ်နှလုံးကို ဖမ်းစားနိုင်သည့် ခန့်ညားချောမောသော ရုပ်ရည်ကို ပိုင်ဆိုင်ခြင်း၊ စကားအသုံးအနှုံးချိုသာစွာ မြို့ကြီးသူတို့အကြိုက် လိုက်လျောညီထွေ မွန်မွန်ရည်ရည်ပြောတတ်ခြင်း စသော အရည်အသွေးတို့ကြောင့်လည်း ရာဇဂြိုဟ်ကပွဲများတွင် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်များဖြစ်နေကြပြန်သည်။

ပညာရေးလောကတွင် ဝေဒကျမ်းဂန်တတ်ပါရဂူများ ဖြစ်ကြသည်သာမက စီးပွားရေးနယ်ပယ်တွင်လည်း စွန့်စွန့်ချွံချွံ စီမံဆောင်ရွက်တတ်သူများဖြစ်ကြရာ ဗြဟ္မဏလူငယ်များအတွက် အဖက်ဖက်က အားကျစံထားစရာ ပုဂ္ဂိုလ်များအဖြစ် မျက်နှာပွင့် ကြပါပေသည်။

ကျွန်ုပ်ကိုယ်တိုင်ပင် ထိုလူရွယ်နှစ်ဦးနှင့် နှစ်ကြိမ်သုံးကြိမ်ခန့်မျှ မင်းရေးစိုးခွင် သဘင်ပွဲများ၌ စကားလက်ဆုံကြခဲ့ဖူးလေရာ ဥပတိဿ၏ ကျမ်းဂန်စာပေနှံ့စပ်မှုနှင့် နှုတ်မှုရေးရာလိမ္မာပါးနပ်မှုကို အကဲခတ်မိသည်သောခါ '' ဤသူငယ်ကား အနာဂတ်မဂဓနိုင်ငံတော်၏ အမတ်ချုပ်ကြီးသော်လည်းကောင်း၊ ပရောဟိတ်ကြီးသော်လည်းကောင်း ဖြစ်ထိုက်ပါပေသည် '' ဟု မှတ်ချက်ချမိသည်နှင့်အမျှ ကောလိတ၏ တည်ကြည်ရဲရင့်သောအသွင်အပြင်နှင့် လက်ဝှေ့လက်ပန်းကစားခြင်း၊ ဓါးခုတ်လှံထိုး အမျိုးမျိုးသော အားကစားတို့၌ အကျွမ်းတ၀င်ရှိလှခြင်း၊ ကာကွယ်ရေး စစ်ရေးမဟာဗျူဟာတို့နှင့် စပ်လျဉ်း၍ အမြင်စူးရှခြင်းတို့ကို အားရမိလေရာ '' ဤသူငယ်မှာမူ ဥပတိဿနည်းတူ နိုင်ငံတော်အတွက် စစ်သေနာပတိကြီးတစ်ဦးအဖြစ် အလားအလာကောင်းသူတည်း'' ဟုပင် အမှတ်ပေးခဲ့ဖူးလေသည်။

ထိုကဲ့သို့ လိုတိုင်းရ၊ တတိုင်းဖြစ်နေကြသော လူရွယ်နှစ်ဦး ရာဇဂြိုဟ်မြို့တော်၏ တောင်ထိပ်ကပွဲည တစ်ညတွင် ရုတ်တရက် လောကီနယ်ပယ်ကို စွန့်ခွာသွားခဲ့ပြီ ဟူသော သတင်းက ကျွန်ုပ်အပါအ၀င် ရာဇဂြိုဟ်မြို့တော်သားတို့စကားဝိုင်းတွင် ရက်ပေါင်းများစွာ ကြာအောင် ဆွေးနွေးခဲ့ရသည့် ဘာသာရပ်တစ်ခုဖြစ်ခဲ့ရပေသည်။ ထိုနောက်တွင် ဥပတိဿနှင့် ကောလိတတို့နှစ်ဦးသား တိုင်းဌာနီအသီးသီး၊ တောတောင်အသီးသီးရှိ ဆရာအဆူဆူထံတွင် ချဉ်းကပ်လျက် တရားရှာဖွေကျင့်ကြံနေကြကြောင်း၊ ထို့နောက် မဂဓတိုင်းသို့ ပြန်ရောက်လာကာ သဉ္စယဂိုဏ်းဆရာကြီးထံတွင် ဂိုဏ်အုပ်တပည့်ကြီးများအဖြစ် ကျင့်ကြံနေကြောင်း စသော သတင်းများကိုလည်း အဆက်မပြတ်ကြားခဲ့ရလေသည်။

ယခုအခါ၌မူ ကျွန်ုပ်တို့ မဂဓတိုင်း၏ ဇာတ်လိုက်ကျော်ကြီးနှစ်ဦး ဗုဒ္ဓသာဝကရဟန်းများ အဖြစ်ခံယူလိုက်ပြီဖြစ်ကြောင်း၊ ၊ဗုဒ္ဓအရှင်ကလည်း ထိုလူရွယ်နှစ်ဦးအား အဂ္ဂမဟာသာဝကကြီးများ အဖြစ် မြင့်မြတ်သောသာသနာ့ရာထူးများခန့်အပ်လျက် ထိုက်တန်စွာ နေရာပေးချီးမြောက်တော်မူကြောင်း သတင်းစကားများကို ၀မ်းမြောက်ဖွယ် ကြားခဲ့ရလေသည်။ ထိုသတင်းစကားများ၏ အကျိုးဆက်အနေဖြင့် မဂဓတိုင်းရှိ လူကုန်ထံအသိုင်းအ၀ိုင်းမှ လူကြီးလူကောင်းများနှင့် ပညာတတ်လူငယ်လူရွယ်များ ဗုဒ္ဓသာဝကများအဖြစ်ခံယူကာ ရဟန်းဘောင်သို့ ၀င်ရောက်ခဲ့ကြလေသည်။

သို့အတွက် ရဟန်းတော်များ၏ ဆွမ်းခံလမ်းတွင် ''ရဟန်းကြီးဂေါတမသည် တောင်ငါးလုံး ခြံရံအပ်သော မဂဓတိုင်း ရာဇဂြိုဟ်ပြည် ကြီးသို့ လာချေပြီ၊ အလုံးစုံသော သိဉ္စည်း၏ တပည့်တို့ကို ယူဆောင်ခဲ့ပြီးနောက် ယခု အဘယ်သူကို ယူဆောင်လတံ္တ့နည်း'' ဟူသော ဂါထာသံချပ်ဖြင့် ရာဇဂြိုဟ်ပြည်သူတို့ ဆန္ဒပြခဲ့ကြသည်ကို စိတ်မကောင်းဖွယ် ကျွန်ုပ် ကြားသိရလေသည်။

မည်သို့ဆိုစေ ဝေဠုဝန်သံဃသမိတိ(သံဃာ့အဖွဲ့)၏
''ကြီးသော လုံ့လရှိကုန်သော မြတ်စွာဘုရားတို့သည်
စင်စစ် သူတော်ကောင်း တရားဖြင့် ဆောင်ယူကုန်၏၊
တရားသဖြင့် ဆောင်ယူသော ပညာရှိတို့ကို
ငြူစူ စောင်း မြောင်းခြင်းဖြင့်
အဘယ်ပြုအံ့နည်း''

ဟူသော တရားဝင်ထုတ်ပြန်ကြေငြာချက်က ဆန္ဒပြသူများ၏ သံသယကို ပယ်ဖျက်နိုင်ခဲ့ပေသည်။
''ရဟန်းတော်တို့၏ သဘောထားအမှန်ကို နားလည်သဘောပေါက်သွားကြပြီးနောက် ဆန္ဒပြမှုများ ငြိမ်းသွားခဲ့သည်မှာ လွန်စွာမှ စိတ်ချမ်းမြေ့ဖွယ်အတိဖြစ်ခဲ့ရလေသည်။

ယခုအခါ မဂဓနိုင်ငံတော်၏ ဗုဒ္ဓသာသနာသည် မြူတိမ်ကင်းသော လကဲ့သို့ ၀င်းပနေလေပြီ၊ တစ်နေ့တစ်ခြားတိုးတက်များပြားလာသော အရိယာအရှင်ကောင်းတို့အတွက် ကျွန်ုပ်အနေဖြင့် ကျောင်းဆောက်လုပ်လှူဒါန်းလိုသော စေတနာသည် ဝေဘာရတောင်ထိပ်မှ စီးကျလာသော ရေအလျဉ်ကဲ့သို့ အားကောင်းလျက် ရှိချေပြီ..။ ဗုဒ္ဓအရှင်မြတ်ကသာ ခွင့်ပြုတော်မူလျင် ဤဘဒ္ဒကမ္ဘာ၏ ဂေါတမသာသနာတွင် ပထမဆုံးကျောင်းဒကာအဖြစ် ဥဒါန်းတွင်ရစ်ပေတော့မည်..။ ကျွန်ုပ်ကား မလှူရသေးမီကပင် ပီတိလွှမ်း၍ ပုဗ္ဗစေတနာတည်းဟူသော ဂန္ဓမာဒနပန်းရနံ့ကို ရှိုက်နမ်းမိချေပြီတည်း..။

ဓမ္မဂင်္ဂါ စာပြီးချိန် (၂၇-၄-၂၀၁၁) နံနက် ၄း၃၀ နာရီ


1 comment:

ashin kusalasami said...

ဦးဂင်္ဂါရေ ... အလည်ရောက်ပါတယ်....။ စာတွေလည်း သိပ်မရေးနိုင် ဖြစ်နေတယ်ဗျို့...။ မတင်ချင်သေးတဲ့စာတွေတော့ ရေးဖြစ်ပါရဲ့။ ဦးဂင်္ဂါ စာတွေ ဖတ်၇တာ အရသာ ရှိပါ့....