13 April, 2012

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၁၀)

(၁)
ယခုလည်း လာပြန်ချေပြီ။ ဒိသာပါမောက္ခကြီးတဲ့။ ပြည်တွင်းပြည်ပသာသနာပြုကြီး တဲ့။ ယခင်နှစ်ကထက် သာလွန်လင်းလက် အရောင်ထွက်သော ဆိုင်းဘုတ်တော်ကြီးများချိတ်ဆွဲ၍ ပြူးပြူးပြဲပြဲ တရားပွဲကြော်ငြာကပ်ကြပေဦးတော့မည် တဲ့..။

လွန်ခဲ့သောနှစ်ပရိစ္ဆေဒ ၂၀၁၀ ကာလဆီက ဗာရာဏသီမြို့နဂရ၊ ဗဟိုတိဘက်လေ့လာရေးမည်သော တက္ကသီလတွင် ထေရ၀ါဒပိဋကတ်စာပေလေ့လာရေးနှင့် ဘာသာပြန်ဆိုရေး ပရောဂျက်စီမံကိန်း၏ အကိုင်းအခက်အစိတ်အပိုင်းအဖြစ် ချဲ့ထွင်ထားသောပါဠိဌာနအသစ်ဝယ် ဧည့်ဆရာငယ် တစ်ပါးဟု ပိဋကတ်စာသားကောက်နှုတ်ချက်နှင့် သဒ္ဒါအနက် သမ္ဗာန် ဘာသာပြန်ပညာ ပို့ချပေးရန် အခွင့်သာသည်ကို ရွာဆွေရပ်မျိုးတို့ထံ သတင်းတမာန်ပို့မိရာမှ '' ငါတို့အမျိုး ဦးဇင်းဘုရားကတော့ မဇ္ဈိမမည်သော ပြည်တိုင်းခြားတွင် ဒိသာပါမောက္ခဆရာကြီးတစ်ပါး၊ ထင်ရှားအစစ် အဖြစ်ကြီးဖြစ်ချေပြီ '' ဟု အဖွကြီး ဖွကြလေတော့သတတ်။

တဖန်တုံ မဇ္ဈိမတွင် နေထိုင်ခွင့်ဗီဇာကုန်သဖြင့် အိုဗာစတေးမဖြစ်ရန်အတွက် အိမ်နီးချင်းသကျတိုင်းနိုင်ငံလေးသို့ ထွက်ပြေးရခြင်းအလီလီ။ သီဟပူရနှင့် မလ္လာယုကျွန်းနိုင်ငံလေးများသို့ ၀ါဆိုမှီမှီ သီတင်းကျွတ်မှီမှီ နှစ်သစ်ကူးမှီမှီ ပွဲစည်တိုင်း ရောက်တတ်ခြင်းအခါခါ။ ဒဂုန်မြို့ပြမှ မဇ္ဈိမပြည်ကြီးသွား အာကာသခရီးတစ်ထောက် သုဝဏ္ဏဘူမိလေဆိပ်သို့ ၀င်လိုက်ထွက်လိုက် အခေါက်ခေါက်ရောက်ခြင်းမျိုးကိုပင် ပြည်တွင်းပြည်ပသာသနာပြုဟု ကမ္ဗည်းတင်ကြလိုဟန်တကား॥။

အမှန်စင်စစ်မူ ရွှေပြည်ကြီးတွင် နေထိုင်သီတင်းသုံးခဲ့စဉ်က သူသည် သဂြိုဟ်သဒ္ဒါနှင့် ဆန်းအလင်္ကာဟူသော ပရိယတ္တိစာဝါလေးများကို မတောက်တခေါက် ပြိုးပြိုးပြောက်ပို့ချခဲ့ဖူးခြင်း၊ တိုင်းရင်းသားသွေးချင်းတို့၏ ဒေသတောတောင် လျှိုမြှောင်ကုန်းမြင့် အဆင့်ဆင့်သို့ တက်ရောက်လျက် ခရီးလှည့်သွား တရားတမန်လုပ်ခဲ့ဖူးဖြင်း စသော သမိုင်းမတွင် ကမ္ဗည်းမတင်သာသော သာသနာ့ဝန်ထုပ်သေးသေးများကိုတော့ ထမ်းခဲ့ဖူးပါလေ၏။ ဟိုနား ဒီနားနိုင်ငံခြားမည်ရုံသော ရွှေပြည်ကြီး၏ ပြင်ပတွင်လည်း ဗုဒ္ဓအရှင်၏ ဓမ္မတရားကို ထစ်ထစ်ငေါ့ငေါ့ အားလျော့ဖွယ်ကောင်းသော ဘာသန္တရစကားအကျိုးအပဲ့လေးဖြင့် ခပ်ဝါးဝါးပို့ချခဲ့ဖူးလေသေး၏။
သို့တစေ ဂန္ထ၀င်မဖြစ်ထိုက်ချေတကား။။

(၂)

အဲတဲ့ ဘာလဲတဲ့ သို့သော်လည်းတဲ့ပေါ့လေ ဟုသာ ဆိုရလေတော့မည်॥။ အော် သူ့အမျိုး သူ့အဆွေ သူ့အဖေ သူ့ဦးလေး သူ့အဒွေး သူ့အဒေါ်နှင့် တော်သမျှ စပ်သမျှ ဝေနေယျတစ်စု ပုပုရွရွ ဟူသမျှတို့သည်ကား သူကဲ့သို့သော မှုံေ၀၀ိုးဝါး ရှင်ငတိလေး တစ်ပါးကိုပင် ဆွေမျိုး သံယောဇဉ်အစွဲကြီးစွာ ပြည်တွင်းပြည်ပသာသနာပြုထေရ်ဆရာ ဟု ဆင်ဆာမဲ့တံဆိပ် ခပ်နှိပ်လိုကြလေပြီကော။

ရွှေပြည်ကြီး၏ သာသနာ့ အဇဋာ ကောင်းကင်တခိုတွင် စိုစိုရွှမ်းရွှမ်းရွှမ်း ကြယ်ပန်း၊လပန်းကြီးများသဖွယ် ပြိုးပြက်တောက်ပကာ ပရိယတ်ဝန်ဆောင်၊ ပဋိပတ်တခွန်ထောင်တော်မူကြလေသည့် ဆရာတော်ဘုရားများကိုသာ အားနာမိရလေသည်တည့် ။

လယ်တီဘုန်းမော် မထေရ်ကျော်ကြီးကဲ့သို့ ဖုန်းဆိုးတောမြေရိုင်းတွင် သာသနာ့သမိုင်းအသစ် ပရိယတ်ရွှေခေတ်ကို ဖန်တီးနိုင်လောက်အောင်လည်း မပြောင်မြောက်၊ မကာရလောပအကျော် မန်လည် ဆရာတော်ဘုရားကဲ့သို့ အင်တော်ကျေးလက်တွင် ပျော်မွေ့ကာ ခေတ်သစ်ဂန္ထ၀င် စာမြင်သမျှ အနက်ပြန်ဆို၍ ပရိသတ်ထိုထိုအတွက် စာကိုယ်ကျမ်းမြတ်အဖုံဖုံကို အစုံရေးချွတ်နိုင်လောက်အောင် ချွန်မြခြင်းလည်းမရှိ၊ တိပိဋကမင်းကွန်းထေရ် အရှင်မြတ်ကြီးကဲ့သို့ ဧရာဝတီတစ်ဘက်ကမ်း တောရိပ်တောင်ရိပ်စခန်းမှ သည် ပြည်လုံးအနှံ့ သာသနာပြန့်ရေး ခရီးဝေးခရီးတို ကြိုကြိုကြားကြား မနားတမ်းကြွချီကာ ဓမ္မလမ်းဖောက်နိုင်လောက်သော ၀ီရိယအားလည်း မပြည့်စုံ၊

အခြားအခြား အပြားပြားသော ပိဋကတ်အိုးကွဲ ရဲဇာနည်မော်ကွန်းထိုးလောက်အောင် ပြောင်ရွှန်းကြပေသည့် ရတနာပုံ အမရပူရ်၊ ပခုက္ကူ ပဂိုး(ပဲခူး)နှင့် အောက်ပြည်ဒဂုန်တရိုးအထိ နယ်စုံကျော်ဟိုးကြပေသော ဂန္ထကာရက၊ ဂဏ၀ါစက၊ ဂဏပါမောက္ခ ၊ ကျမ်းပြုစာချ ဂန္ထဓုရဆရာတော်ဘုရားကြီးများ၊ ကိုယ်တိုင် သိကျင့်ပြီးသော တရားဘာဝနာ နည်းနာနိဿယကို ဆရာနည်းကျ ထင်ရှားအောင်ပြတော်မူနိုင်ကြပေသည့် ၀ိပဿနာဓုရ ဆရာတော်ကြီးများကဲ့သို့ ပရိယတ်၊ ပဋိပတ် သာသနာခံတပ်မြင့်အောင် တည်ထောင်ခဲ့ကြသည်ကိုသာ သာသနာပြုရွှေမင်ဖြင့် ထင်ရှားအောင်ပူဇော်ခြင်းသည်ပင် သဘာဝလည်း မိ၊ ယုတ္တိလည်း ကျပေလိမ့်မည်ဟု သူကတော့ သဘောသက်ဝင်မိပေသည်။

ပြည်ပသာသနာပြုဆိုရာတွင်လည်း နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံ၊ အဋ္ဌကထာနှင့် ဋီကာအစုံကို အကုန်လက်ရောက် အိုးမှောက်၊ ခွက်မှောက်၊ သပိတ်မှောက်အိပ်မှောက်၊ သေတ္တာမှောက် ဘောက်စ် (Box)ဟု ခေါ်ဆိုရလောက်သည့် စွယ်စုံပညာ တတ်ပွန်ပြီးခါမှ သက္ကတ၊ပြာကတ၊ အူရဒူမှ အစပြုကာ ဘင်္ဂါလီ၊ ဟင်ဒီနှင့် အင်္ဂလိသ(အင်္ဂလိပ်)ပါမကျန် ဘာသာစကား အမျိုးမျိုးကို တိုးတိုးပေါက်ပေါက် မုန်သောက်မာတင် ကမ္ဘာ့ပညာရှင်ခေါ်ထိုက်သည်အထိ ကျွမ်းကျင်ကြပေသော အရှင်သောမာဘိသီရိ၊ အရှင်အာဒိစ္စ၀ံသ၊အရှင်အဂ္ဂဓမ္မ၊အရှင်ဥက္ကဋ္ဌ၊အရှင်ဥာဏ အစရှိသော ဘာသန္တရ ပါရဂူကြီးများကဲ့သို့လည်း မြန်မာ့သာသနာကို ကမ္ဘာချဉ်းအောင် လင်းပနိုင်လောက်သော ကိုယ်ရောင်ကိုယ်ဝါမရှိ၊ ဟိုပြတိုက်ဝင်ကြည့်၊ ဒီပြပွဲဝင်ငေး၊ ဓါတ်ပုံရိုက်ဖို့ အိုက်တင်ပေးတတ်ရုံ၊ အရေခြုံ သာသနာပြု ဟူဘိ၊ ငုံးတိတိမျှသော သူ့ဝမ်းနာကို သူသာအသိဆုံးပါတည်း။

ဗုဒ္ဓသာသနာ အဆက်ပြတ်လေပြီးသော မဇ္ဈိမတွင် ဆွမ်းလောင်းသူမဲ့သဖြင့် ကိုယ့်ထမင်း ကိုယ်ချက်ကျောင်းတက်ရခြင်းလေးကိုပင် စိတ်ပျက်ညီးညူ၊ အပျင်းထူလှသော သူ့အနေဖြင့် ဒုတိယကမ္ဘာစစ်ကြီးကာလ၊ဥရောပတိုင်းတစ်ပါးတွင် သက်စွန့်ဆံဖျား၊ သွားသွားလာလာ၊ စစ်ဘေးဒဏ်သင့်သည့် သွေးသံရဲရဲလူနာများကို ပြုစုရင်း အနာဂတ်သာသနာ့အရေးကိုသာ ငဲ့ကွက်၊ လက်ပေါက်ကပ်လှသောအနောက်တိုင်းသားတို့ကြားတွင် ဓမ္မစက်ဖြန့်နိုင်ခဲ့သော အရှင်သေဋ္ဌိလ ဆရာတော်၏ ပြည်ပသာသနာပြုဂုဏ်ရည်ကို အောက်မေ့မိတိုင်း ကိုင်းကိုင်းညွတ်ညွတ် ရှက်တွန့်မိရသည်ချည်းပင်။

ဆီမီနာတစ်ခုနှစ်ခုမျှတွင် ကိုယ်ပိုင်စာသားထက် ကော်ပီများများကူးထားသည့် စာတမ်းအတိုအစလေး ဖတ်ခွင့်ရသည်ဝယ် ညီလာခံကိုယ်စာလှယ်ကြီး ဟု ခြေလှမ်းမြှောက်မြှောက်လျှောက်ခဲ့ဖူးလေသော သူသည် နိုင်ငံတကာဘာသာရေးညီလာခံစင်မြင့်မှန်သမျှတွင် မြန်မာ့သင်္ကန်းကို ကျနစွာဝတ်ရုံလျက် ပုပ်ရဟန်းမင်းနှင့်တစ်သွယ်၊ ဒလိုင်လားမားနှင့်တစ်ဖုံ ဘာသာစုံခေါင်းဆောင်ကြီးများနှင့် ရင်းနှီးကျွမ်းဝင်စွာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လက်ကမ်းဆွေးနွေးနိုင်သည့် မြန်မာ့ရဟန်းတော်တစ်ပါးအဖြစ် ထီးထီးမားမား အားကျဖွယ်ရာတွေ့ရတတ်ပေသောဒေါက်တာအရှင်ရေ၀တဓမ္မကိုယ်တော်ကြီး၏ ခြေမှုန့်မျှပင် ဂုဏ်မတင်သာချေတကား။

တက္ကသိုလ်ပညာသင်ဘ၀ကုန်ဆုံးပြီလျှင် ရွှေပြည်ကြီးကို ပြန်၊ ကျောင်းကန်ကြီးကြီးဆောက်၍ ကိုယ့်အဆွေကိုယ့်အမျိုးတို့၏ အထောက်အပံ့ကြားဝယ် တရားဟောယောင်၊ စာချယောင်ယောင်၊ ပရဟိတယောင်ယောင်၊ အချောင်ခိုလိုသော သူသည် မဟာယာနနွှယ်သော အနောက်တိုင်း ဗုဒ္ဓဘာသာဝင်တို့ကြားဝယ် ထေရ၀ါဒ ဓမ္မစကားကို ပို့ချ၊ မြန်မာပါးစပ်နှင့် အဟတ်မတည့်လှသော ခံတွင်းပျက်အစားအစာများကို နှစ်ပေါင်းလေးဆယ်မျှ ကြိတ်မှိတ်သည်းခံကာ မြိုချ၊ သင်္ကန်းလေး သပ်သပ်ခပ်ခပ်ဝတ်ရုံ၊ ယတ်တောင်လေးထမ်းကာမျှ ဟန်ရေးပြသက်သက် မဟုတ်သော နိုင်ငံခြားသာသနာပြုရဟန်းဘ၀ကို ဇောက်ချလျက် ဗုဒ္ဓအဘိဓမ္မာနှင့် သတိပဋ္ဌာန်ဒေသနာကို ကမ္ဘာက သိအောင် အင်္ဂလိပ်ဘာသာစကားဖြင့် ကျမ်းအစောင်စောင် ဖွဲ့တော်မူခဲ့သော အရှင်သီလာနန္ဒ ဆရာတော်ကြီး၏ အနစ်နာခံမှုမျိုးကို ငေးမောကြည်ညို အားငယ်ခြင်းသာ ပိုခဲ့ရပေ၏။


(၃)
သို့ဆိုလျှင် ထိုထိုသို့သော ပြည်တွင်းပြည်ပ သာသနာပြုအကျော် ဆရာတော်ဘုရားအဆူဆူတို့၏ အမူအကျင့်၊ စိတ်ထားမြင့်လှသော အသရေတို့နှင့် မနှိုင်းယှဉ်အပ်ချေပြီ၊ သူ့ဖခင်နှင့် သူအမျိုးတို့ မည်မျှပင် နွဲ့ဆိုးဆိုးစေကာမူ အယူမကြိုက်၊ အလိုလိုက်၍ မဖြစ်ချေတော့ပြီ။

သို့နှင့် ''စာသာမတတ် သပိတ်ကြီးနဲ့ဗျ'' ဟူသော အချိုးမျိုးမဖြစ်ရလေအောင်......

'' သို့
ခမည်းတော်မယ်တော်နှင့်
ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတို့
ပြည်တွင်းပြည်ပသာသနာပြု ဟုခေါင်းစဉ်တပ်ခြင်းကို ပုထုဇဉ်အလိုက် နှစ်ခြိုက်မိသောငြား၊ ပါရမီ ကာလအားဖြင့် မရင့်သန် သုံးစွဲရန် ဂုဏ်ရည်အချိန် မတန်သေးပါ၍ အစစ်အမှန်ဖြစ်သော ပြည်တွင်းပြည်ပ ဟူသော စကားကိုချန်လှပ်ကာ သာသနာပြုဟူသော ဝေါဟာရကိုမူ ယာယီအားဖြင့် ဖြုတ်ထားစေချင်ပါဘိ။''
ဟူသော စာတိုလေးတစ်စောင်ပါးရလေသောဟူ၏။
အော် အရှင်ဓမ္မဂင်္ဂါ (ပြည်တွင်းပြည်ပ) အထူးတရားပွဲကြီးပေတည်း.။

ဓမ္မဂင်္ဂါ
(၁၄-၀၄-၂၀၁၂)


No comments: