06 April, 2013

ရဟန်းနှင့် အိပ်မက်စတိုး


အိပ်မက်များရောင်းချနေသော စတိုးတစ်ခုရှေ့တွင် သူ၏ လိုင်စင်မပါသောရဟန်းစီးဖိနပ်ကို ရပ်တန့်လိုက်ပါသည်။ 
သင်္ကန်းရောင်လွယ်အိတ်ထဲမှ ကဒ်ဟိုးလ်ဒါ(Card Holder)သားရေအိတ်လေးတစ်ခုကို သူ ထုတ်လိုက်သည်။ အိပ်မက်တစ်ခုကို အပိုင်ဝယ်ဖို့ လိုချင်သောကဒ်တစ်ခုကို သူရှာဖွေသည်။ သာသနာဝင်ကဒ်၊ သာသနာပြုကဒ်၊ ကျောင်းသားကဒ်(တစ်နှစ်တစ်ကဒ်နှုံး)၊ တက္ကသိုလ်ဆရာကဒ်၊ ပန်န်ကဒ်၊ လေကြောင်းတစ်ခုမှ ပေးထားသည့် ကဒ်၊ အမ်အာတီကဒ်..။ ဟူး...ကဒ်တွေကလည်း များလိုက်တာ..။ 

ရာစုသစ်ကြီး၏ အပြောင်းအလဲ(Change)နှင့် အရွေ့ အမ( Shift)ဖြစ်စဉ်ကြီးတွင် ရဟန်းတစ်ပါးသည်ပင် 
ရဟန်းတစ်ပါးဖြစ်ကြောင်း သက်သေများစွာ လိုနေပါပကော...။ 

(လိပ်စာကဒ်များအတွက်တော့ သေတ္တာကြီးကြီးတစ်လုံးလောက်လိုမည်..။ 
ဒါပေမယ့် သူက အလည်အပတ်သွားရမှာ အားနာသဖြင့် ထိုလိပ်စာကဒ်များ သိုးသွားကြပြီထင်သည်။ 
များသောအားဖြင့် သူသည် အိမ်လည်တတ်သူတစ်ဦးမဟုတ်ပါ..။ 
အခန်းတစ်ခုထဲမှာ စာအုပ်ဖတ်စရာမရှိလျင် ခေါင်းမြီးခြုံစစ်ဆင်ရေးက လုံခြုံသေချာသည် ဟု ယုံကြည်သောကြောင့်ဖြစ်သည်။)
နောက်ဆုံးတော့ အသုံးပြုဖန်များ၍ ဥပဓိရုပ်နွမ်းနေပြီဖြစ်သည့် ဗီဇာကဒ်တစ်ခုကို သူ ဆွဲယူလိုက်နိုင်သည်။ 
ထိုဗီဇာကဒ်ထဲမှ လက်ကျန်စိတ်ကူးစိတ်သန်းအချို့ဖြင့် အိပ်မက်တစ်ခုကို ၀ယ်ယူလိုက်သည်။ 

အမှန်တရားတွေ ၀ယ်ကြဦးမလား...။ ၀ယ်ယူမည့် အိပ်မက်ကို လက်ညှိုးထိုးရွေးချယ်နေစဉ်မှာပင် အမှန်တရားရောင်းသည့် ခေါင်းရွက်သည်အဒေါ်ကြီး၏ အော်သံကို ကြားမိသော်လည်း ထိုအမှန်တရားက သမုတိသစ္စာလား ပရမတ္ထသစ္စာလား မသဲကွဲသည့်အတွက် ၀ယ်ယူရန် စိတ်မပါ..။ သို့တည်းမဟုတ် မိတ်ဆွေရဟန်းတော်တစ်ပါးဟောနေကျ ကျက်စာဒေသနာကိုပင် သူက သစ္စာဒေသနာအဖြစ် နားယောင်ကျေနပ်ကာ ၀အီနေတာမျိုးလည်း ဖြစ်နိုင်သည်။ 
အမှန်တရားက ဈေးချိုချိုနှင့် ၀ယ်နိုင်သည့်တိုင် စားသုံးသူနည်းသည်။ အရသာက ခါးသက်သက်...။ 

အိပ်မက်ကောင်တာများပေါ်က အိပ်မက်များကို လိုက်ငေးနေမိသေးသည်။ မက်ခဲ့ပြီးသော အိပ်မက်အဟောင်းများကို ဘောင်အမျိုးမျိုးကွပ်ကာ ရောင်းချနေသလို မမက်ရသေးသော အိပ်မက်အသစ်စက်စက်များကိုလည်း အရောင်အမျိုးမျိုးဖြင့် လိမ်းချယ်ကာ ရောင်းချနေခြင်းဖြစ်သည်။

အိပ်မက်က မက်သူများပြီး မက်ဖို့ ခက်လေလေ ဈေးကြီးလေဖြစ်သည်။ 
အမည်မသိရောင်စဉ်တန်းဘောင်(ပေါင်)ဖြင့် လက်လက်ထနေသော အိပ်မက်တစ်ခုကို သူ အမှတ်မထင်တွေ့လိုက်သည်။
ရှင်သုမေဓာ၏ အိပ်မက် 
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဟု တန်ဖိုးအတိအကျရေးထားသည်ကို သူ ဖတ်မိသည်။ 
စကြာဝဠာကမ္ဘာမြေမိုးအပါအ၀င်သုံးလောကအရေးလှုပ်ရှားသူမဟာလူသားကြီး...။ 

အဲလ်ဘတ်၏ အိပ်မက်
ကမ္ဘာမြန်နှုံးမြင့်အရွေ့ 

သောမတ်စ်၏ အိပ်မက်...
အလင်းနှစ်သန်းပေါင်းများစွာ....

ယူသန့်၏ အိပ်မက်..
တတိယကမ္ဘာအသစ် ...

မောင်ထိန်လင်း၏ အိပ်မက်... ..
............................
......................

လောကအရေးလှုပ်ရှားသူကြီးနှင့်အတူ ကမ္ဘာ့အရေး၊နိုင်ငံ့အရေးနှင့် ဘာသာရေး၊လူမှုရေးစသော နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်ကျော်တို့၏ အိပ်မက်များကို သူ တစ်ခုချင်း တစ်ခုချင်း ကောက်ထည့်လိုက်... ပြန်တင်လိုက်....။ 

ထိုမဟာလူသားတို့၏ အိပ်မက်တွေကို အစမ်းဖောက်သောက်ကြည့်လို့ ရမလား.....။ 
ဟင့်အင်း....
သို့ပေမယ့် ကြေကွဲဖွယ်ရာပင် ထိုအိပ်မက်ရှင်ကြီးများ၏ သွေးချွေးမျက်ရည်အသင်္ချေဖြင့် မက်ခဲ့သောအိပ်မက်များက အိပ်မက်စားသုံးသူအချို့၏ ဆင့်ကဲအလွဲအိပ်မက်များကြောင့် လမ်းကြောင်းတိမ်းစောင်းခြင်း ခံရသေးသည်။ 

နာဂါစကီမြို့ပျက်ကြီးက သူ့ ရှေ့ ရွေ့လာသည်။ 
ကင်ဂျုံးအန်းဆိုသော မနူးမနပ်ကောင်လေးတစ်ယောက်လက်ထဲက စနက်တံပြုတ်လုဆဲဆဲ အိပ်မက်ပူပူတစ်ခု သူ့  မျက်လုံးအိမ်ထဲ ဖြတ်သွားသည်..။ 

နောက်ဆုံးတော့ သူက မမက်ရသေးသော အိပ်မက်တစ်ခုကို ခပ်လွယ်လွယ်ရွေးချယ်ဝယ်ယူလိုက်ခြင်းဖြစ်ပါသည်။ 
ဝယ်ယူပြီးသည့်အိပ်မက်ကို  အရောင်းစာရေးတစ်ယောက်က သေချာစွာ ထုပ်ပိုးကာ ကောင်တာပေါ်တွင် တင်ပေးလိုက်သည်။ 
သူ့ ဗီဇာကဒ်က ထစ်အ ထစ်အ ဖြစ်နေသေး၍ မိနစ်အနည်းငယ်ခန့် ခန္တီစ နေလိုက်ရ၏။
ရှည်မျောမျောဘောက်ချာစာရွက်လေးသုံးရွက်ခန့်ထွက်လာပြီး “လက်မှတ် ” ဆိုမှ သူ့ စိတ်က အင်လျားလိပ်ခ်ဖြစ်ကာ သူ့နာမည်တွန့်တွန့်ကွေးကွေးများကို ရေးထိုးပေးလိုက်သည်။ 
အဲဒီကဒ်မှ သုံးမရလျင် ၀ယ်ပြီးသားအိပ်မက်ကို ပြန်ပေးရပေမည်..။
ဒါတော့ မဖြစ်..။ 
အိပ်မက်တစ်ခုပိုင်ဖို့ ဆိုတာ လွယ်ကူသောအရာမဟုတ်..။

အလှူခံများ မလာရ ဟူသော ဆိုင်းဘုတ်ထင်းထင်းကြီးကိုလည်း တွေ့ပြီးဖြစ်၍ သပိတ်ကိုပင် ခပ်ကွယ်ကွယ်လွယ်ပြီး အိပ်မက်စတိုးထဲသို့  ၀င်လာခဲ့သည် မဟုတ်လား..။ 

ဘာပဲဖြစ်ဖြစ် ခု အိပ်မက်တစ်ခုကို သူ ပိုင်ထားလေပြီ..။ ရဟန်းတစ်ပါးအတွက် အိပ်မက်ကို ညအိပ်ညနေသိမ်းဆည်းသိုမှီးခွင့်ရှိပါရဲ့လား..။ ၀ယ်ပြီးမှတော့ အိပ်မက်ကို သယ်ဆောင်ရပေမည်။ 
ယနေ့ခေတ်ရဟန်းများနည်းတူ သူ့မှာ သယ်ဆောင်ဖို့  အလိုပရိက္ခရာ၊ အပိုပရိက္ခရာနှင့် ဆင့်ပွားပရိက္ခရာများရှိလာသည်။ 

ကွန်ပြူတာနှင့် ဒစ်ဂျစ်တယ်လ်နည်းပညာတွေသာ ထွန်းကားပြီး သယ်ယူပို့ဆောင်ရေးနည်းပညာတွေသာ မထွန်းကားခဲ့လျင် 
ခရီးထွက်ခွာမည့် ရာစုသစ်ရဟန်းတစ်ပါးသည် ဗုဒ္ဓခေတ်ရဟန်းတစ်ပါးလိုတော့ ပေါ့ပါးလွတ်လပ်လိမ့်မည်မထင်..။ 
သပိတ်ကို လက်ပ်တော့ပ်ကွန်ပြူတာအိတ်နှင့် တွဲလွယ်၊ ဒုကုဋ်နှစ်ထပ်သင်္ကန်းကြီးကို ပခုံးပေါ်တင်၊ နိုင်ငံကူးလက်မှတ်၊ မိုဘိုင်းလ်ဖုန်း၊ စာရွက်စာတမ်းများနှင့် အခြားဝန်စည်စလယ်များကို အိတ်ကြီးတစ်လုံးထဲ စုပြုံထည့်...။

 လေယာဉ်မရှိ..ရထားမရှိ...ကားမရှိသာဆိုလျင်....။
စိတ်ကူးနှင့် အိပ်မက်များကို မောင်းနှင်ကြည့်နေရသည်ကပင် ချွေးပြိုက်ပြိုက်ကျလာသည်..။ 
လိုအပ်ချက်အရ ချထားရမယ့် အရာတွေကို ပြန်ပြန်ထမ်းနေကြရတာလည်း ဖြစ်သည်။ 
သို့မဟုတ် အခြားအကြောင်းကြောင့်လည်း ဖြစ်နိုင်သည်။ 
များသောအားဖြင့် ရဟန်းတော်အများစုက သူ့လို နမော်နမဲ့ အကြောင်းမဲ့ နေထိုင်တော်မူတတ်ကြသည်တော့ မဟုတ်..။
သူကသာ .....




လိပ်ပြာများ ထပြန်သွားချိန် အိပ်မက်ကို သပိတ်ထဲ သို့ မဟုတ် အိတ်ထဲ ထည့်ရမှာလား စဉ်းစားနေမိသေးသည်။
 နောက်မှ သပိတ်ဝင် အိတ်ဝင် ဆိုသော ရွှေပြည်ကြီးသုံးဝေါဟာရကို နှစ်ခြိုက်စွာ 
ကြိတ်ဝါးမိမှ အိပ်မက်ကို မကျိုးမကြေအောင်
လက်က ဆွဲထွက်လာခဲ့တော့သည်။ 

အိပ်မက်က အသစ်........

ဓမ္မဂင်္ဂါ
(၆-၄-၂၀၁၃)


(ဆေးရုံပေါ်တွင် နာကျင်မှုကို ကျော်လွှားရန် သောက်နေရသော ဆေးများကြောင့် နိုးတစ်ဝက်အိပ်မောကျကာလများတွင် စိတ်လက်ကွက်ဖြင့် တဖျောက်ဖျောက် ရိုက်နေသောဝါကျများသာဖြစ်ပါသည်။ ရွှေပြည်ကြီး၏ ဒဂုံမြိုတော် လမ်းဆုံမဟာဈေး(ဆူပါမားကက်)တစ်ခုအ၀င်က အေတီအမ်ကို ဖြတ်ကနဲစောင်းငဲ့ကြည့်မိရာ Out of Service ဟူသော စာတမ်းပြူးပြူးကြီးကို မြင်လိုက်ရခြင်းသည်လည်း နီးသောအကြောင်းတစ်ခုဖြစ်ပေလိမ့်မည်။)

No comments: