16 August, 2009

အမေ့ကို လွမ်းလို့ ရေးဖြစ်ခဲ့တဲ့ ကဗျာ


ဒီကဗျာရေးဖြစ်တာက ၂၀၀၈ ခုနှစ် ဧပြီလမှာပါ။
ရွှေပြည်တော်မှာတော့ မြို့မတေးဂီတ၀ိုင်းရဲ့ “သွန်းခါရေ အေးစေကြောင်းလောင်းတဲ့ လုံမေ ” သီချင်းအပိုင်းအစတွေနဲ့ စက်စက်ယိုနေကြတဲ့အချိန်ပေါ့။ ဖြစ်ချင်တော့ ဗာရာဏသီက ဓမ္မစကြာဟောကြားရာ ဓမ္မေခစေတီကြီးရဲ့ အရိပ်ထိုးကြရာမှာ စာမေးပွဲတစ်ခုက မလှုပ်သာအောင် ထိန်းသိမ်းထားချိန် ရွာက အမေ့လုပ်ကျွေးနေကြ မုန့်လုံးရေပေါ်တွေ လွမ်းလွမ်းနဲ့ ဒီကဗျာကို ကောက်ရေးမိတာပါ။ ရဟန်းတစ်ပါးရဲ့ ကဗျာဆိုတော့ ရိုးရိုးလေးပါပဲ။
ခေါင်းစဉ်ကိုက “ သင်္ကြန် ”ပါ။

အဝေးရောက်နှစ်သစ်ရေ
ရွှဲရွှဲသာစိုရော
ဗြဟ္မစိုရ်လေးပါးလုံး
သွန်းလောင်းချမိရဲ့..။

ဟိမ၀န္တာဆီးနှင်းတောင်ခြေရတုသစ်နဲ့
ဟိုး ရွှေပြည်တော်ဆီ
လွမ်းတမျှော်ငေး
ဝေဒနာခန္ဓာဘေးသင့်နေသူတစ်ယောက်ပေါ့..။

ဂင်္ဂါမြစ်ကမ်းပါးမှာ
ဧရာဝတီကိုပဲ ပြန်ပြန်ထမ်းမိတော့
နှလုံးသားတစ်ကိုယ်လုံး
လေးလံအိညွတ်ကျ..။

မဇ္ဈိမရင်ခွင်မှာ
ပုတီးလေးတစ်ကုံးနဲ့
ဓမ္မရနံ့လေး
မွှေးမွှေးမြမြရှိုက်လိုက်

တယ်လီဖုန်းလေးတစ်လုံးနဲ့
အမေ့ယာခင်းလေး
မမှီးမကမ်းလှမ်းလှမ်းပြီး စိုက်လိုက်

သစ္စာသိမြင်သူတို့ရဲ့
ဝိမုတ္တိခြေရာလမ်းမှာမှ
သစ္စာရှာရင်း
ပိတောက်ငတ်မိပေါ့....။

No comments: