17 August, 2009

Man-made ကမ္မဿကာ


မှတ်စု (၃)

သွာက္ခာတော ဘဂ၀တာ ဓမ္မော၊
စရထ ဗြဟ္မစရိယံ
သမ္မာ ဒုက္ခဿ အန္တကိရိယာယ။

တရားဓမ္မကို ကောင်းစွာ ဟောပြအပ်ပြီ။
ဆင်းရဲခြင်းကို အဆုံးသတ်ဖို့ အကျင့်မြတ်ကို မှန်ကန်စွာ ကျင့်သုံးကြ။

ဗုဒ္ဓ


ဒီ
နေ့ရက်တွေမှာ ဗာရာဏသီဟာ ရွှေပြည်တော်ဆီက အညာကျေးလက်လို မိုးလေးတစ်ဖြောက်ဖြောက်ကျနေတတ်ပါတယ်။
(အများကြီးလည်း ရွာလေ့မရှိဘူး)
ခုတော့ ရွာသမျှလေးနဲ့ပဲ
အေးစိမ့်ကြည်မြနေသမို့ ဘယ်မှ မသွားဘဲ စာအုပ်တွေနဲ့တိတ်တိတ်လေး ငြိမ်ကုတ်နေဖြစ်ပါတယ် ။
အတူနေ သီတင်းသုံးဖော်နှစ်ပါးကလည်း စာဂျပိုး(ကြမ်းပိုး) တွေမို့ စာဖတ်ရတာ တွင်ကျယ်ရုံမကဘဲ လွန်ထွက်သွားလို့ မြန်မာပြည်က ၀ယ်လာတဲ့ စာအုပ်တွေ ကြောင်ပုဇွန်စားဖြစ်သွားပါတယ်။
(အမှန်က စိတ်ကူးချိုချို စာပေက ထုတ်ဝေတဲ့ မြန်မာဝတ္ထုတို ၂၀၀၆-၇-၈ ပေါင်းချုပ် သုံးအုပ်တည်းပါ) မြန်မာဝတ္ထုတိုကောင်းတွေ ငတ်နေတာ ကြာပြီမို့ ဖတ်ပြီးသားကိုပဲ ထပ်ထပ်ဝါးမိပါရဲ့။

သရော်တာလေးတွေ ဖတ်ရတဲ့အခါ အနည်းငယ်မျှ ပြုံးခွင့်ရပေမယ့် တကယ့်မျက်ရည်တွေနဲ့ ရေးထားတဲ့ စကားလုံးတွေကတော့ ရဟန်းတစ်ပါးရဲ့ နှလုံးသားကိုတောင် မြိမြစွာ ပွတ်သပ်နိုင်စွမ်းရှိပါတယ်။ လက်သမားဆရာတစ်ယောက်က သစ်သားအကြမ်းထည်ကို ကော်ပတ်နဲ့ တိုက်စားနေသလိုမျိုး ဒါမှမဟုတ် ပန်းရံဆရာတစ်ယောက်က အင်္ဂတေကြမ်းကြမ်းကို သံလျက်နဲ့ ရှပ်တိုက်ဆွဲလိုက်သလိုမျိုးပေါ့။

ရဟန်းတစ်ပါးရဲ့ သုတနယ်နိမိတ်အလွန်က လူတွေ တကယ့် လူစစ်စစ်တွေရဲ့ ကမ္ဘာလုံးဆိုင်ရာ သောကငရဲခန်းတွေထဲမှာ အနာဂတ်ကလည်း မီးဟုန်းဟုန်းတောက်နေပါရောလား။
“သဗ္ဗေသတ္တာ ကမ္မဿကာ။” ဆိုတဲ့ နိယာမကြီးထဲမှာ ကူကယ်ရာမဲ့ ပိတ်မိနေကြတော့တာပဲ ထင်ပါရဲ့။
လူတွေကိုယ်တိုင် စနစ်တကျ လုပ်ထားတဲ့ man-made ကမ္မဿကာအမဲစက်ကြီးတွေက ဆင်းရဲမွဲတေမှု နံရံတွေပေါ်မှာ ညစ်ထေးပေကျံလို့ပါပဲ။

ဗုဒ္ဓအရှင်ကတော့ မိန့်လိုက်ပါပြီ။
ဆင်းရဲခြင်းကို အဆုံးသတ်ဖို့ အကျင့်မြတ်ကို မှန်ကန်စွာ ကျင့်သုံးကြ။” တဲ့။

လောကုတ္တရာနယ်တစ်ခုတည်းရည်ညွှန်းတာတော့ မဟုတ်ပါဘူး။
ဘုရားရှင်ပွင့်ထွန်းပေါ်ပေါက်လာခြင်းရဲ့ ရည်ရွယ်ချက်မှာ လောကဟိတ လောကသုခအသံတွေ
ကြည်ကြည်မြမြရှိနေခဲ့ပါတယ်။ လူတိုင်းကိုယ်စီ အကျင့်မြတ်ဗြဟ္မစိုရ်တရားတွေနဲ့ man-made ကမ္မဿကာတွေကို ကျော်လွှားနိုင်ကြရင် ဆင်းရဲမွဲတေမှု ဂရပ်မျဉ်းတွေ ထိုးဆင်းကျသွားနိုင်ပါတယ်။

ခုတော့
ဘာပဲဖြစ်ဖြစ် သူ့လည်း စာရေးဆရာကြီးအေဂျေ ခရိုနင်ရဲ့
ရဲတိုက်ဝတ္ထုထဲက ဇာတ်ကောင် အင်ဒရူးမေဆင်ရဲ့ မိတ်ဆွေခွဲစိတ်ဆရာဝန်လို
“ ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပါပဲဗျာ ” လို့
သူတတ်ယောင်ကား ခွဲစိတ်လိုက်လို့ သေသွားတဲ့ လူနာရဲ့ ဇနီးသည်ကို ခပ်တည်တည်ပြောလိုက်သလိုမျိုး “သဗ္ဗေသတ္တာ ကမ္မဿကာ” လုပ်နေရဦးမှာ စိတ်မသက်သာစရာပါပဲ။

No comments: