မှတ်စု (၄)
န ဘဇေ ပါပကေ မိတ္တေ၊
န ဘဇေ ပုရိသာဓမေ။
ဘဇေထ မိတ္တေ ကလျာဏေ၊
ဘဇေထ ပုရိသုတ္တမေ။
သူငယ်ချင်းယုတ် နောက်ဆုတ်နေ။
သူငယ်ချင်းဖျင်း ကင်းကင်းနေ။
သူငယ်ချင်းကောင်း ပေါင်းဖက်လေ။
သူငယ်ချင်းမြတ် ဆည်းကပ်လေ။
(ဓမ္မပဒ၊ ၇၈)
(၁)
ငယ်စဉ် နားထောင်ခဲ့ရတဲ့ အိပ်ရာဝင်ပုံပြင်တွေထဲမှာ ဗုဒ္ဓ၀င်ဇာတ်နိပါတ်တော်တွေက ခပ်များများပါ။ အိမ်မှာ နေခဲ့ရတဲ့ ကလေးဘ၀က ခပ်နည်းနည်းမို့ ဘုန်းတော်ကြီးကျောင်းပရိဝုဏ်ထဲက ကိုရင်လေးဘ၀နဲ့ နားထောင်ခဲ့ရတဲ့ ပုံပြင်တွေက ဗုဒ္ဓ၀င်ဇာတ်နိပါတ်တော်တွေပဲ ဖြစ်ခဲ့တာ သဘာဝကျပါတယ်။
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေးရဲ့ငယ်ဘ၀ဖွားမြင်တော်မူခန်းက အံ့ချီးဖွယ်ရာတွေ၊ ခမည်းတော်ရဲ့ လယ်ထွန်မင်္ဂလာပွဲမှာ လူတွေအုံကျင်းဖွဲ့ မျှော်မောနေကြချိန် ပီဘိကလေးမျှသာ ဖြစ်တဲ့ အလောင်းတော်မင်းသားလေးက သစ်ပင်ရိပ်တစ်ခုမှာ တရားဘာဝနာစီးဖြန်းနေပုံတွေ၊ လုလင်ပျိုဘ၀ လေးတော်တင်ခန်းအဆုံးမှာ ရွှေမင်းသမီးလေးယသော်ဓရာနဲ့ ၀တ်မှုံကူးပွဲတော်ကျင်းပခဲ့ပုံတွေ ၊
အဲဒီ ပြည့်စုံမှုတွေကိုပဲ အဆုံးမဲ့သံသရာသင်္ချိုင်းအဖြစ်ရှုမြင် လောကီနေ့ရက်တွေကို ငြီးငွေ့စွာ ရွှေနန်းအဆောင်ဆောင်နဲ့ စည်းစိမ်ရိပ်ငြိမ် ဂီတစံအိမ်တွေကို စွန့်ခွာလို့ တောရပ်မှီးတော်မူခဲ့ပုံတွေက ကလေးငယ်တစ်ယောက်ရဲ့ အိပ်မက်တွေထဲထိ စီးဝင်နေခဲ့ပါတော့တယ်။
ဗုဒ္ဓ၀င်ဇာတ်ဝင်ခန်းတွေထဲက ဇာတ်ကောင်တွေဟာလည်း ကလေးဘ၀က ကစားဖော်တွေလို ရင်းနှီးနေခဲ့ပြန်ပါတယ်။ အဲဒီလို ရင်နှီးနေတဲ့ ပုဂ္ဂိုလ်တွေထဲမှာ မြင်းမြီးဆွဲ မောင်ဆန်ရဲ့ ပုံရိပ်ဟာ ကြွကြွရွရွ ရှိနေခဲ့ပါတယ်။
ဝါဆိုလပြည့်ည တိတ်ဆိတ်ငြိမ်ဆိတ်မှုတွေ ကြီးစိုးနေချိန် အမှန်တရားအစစ်ကို ရှာဖွေဖို့ ထွက်ခွာတော်မူမယ့် သိဒ္ဓတ္ထအရှင်ရဲ့ ယုံကြည်ကိုးစားမှုကို ခံယူခဲ့ရသူ၊ ဘွားဖက်တော်မြင်းမြတ်ရဲ့ အကူအညီနဲ့ အနော်မာသောင်ကမ်းဆီအရောက် နောက်တော်ပါးက လိုက်ပါခွင့်ရခဲ့သူ မောင်ဆန်ဟာ သူရဲကောင်း ဆန်နေခဲ့ပါတယ်။
အလောင်းတော်က အနော်မာသောင်ကမ်းမှာ ဆံတော်ကို ပယ်၊ ဖန်ရည်စွန်းအဝတ်ကို တွယ်ဖက် ။ သပိတ်ခွက်ကို လက်စွဲပြီး စိမ်းစိမ်းရဲရဲကြီး လှည့်ထွက်သွားတော်မူသွားတဲ့အခါ ရင်ကွဲနာကျသေတဲ့ စီးတော်မြင်းဘေးမှာ ငိုကြွေးလို့ နေပြည်တော်ဆီ သတင်းပေးဖို့ ခေါင်းငိုက်စိုက်ချကာ တရွေ့ရွေ့ပြန်သွားနေတဲ့ မောင်ဆန်ရဲ့ ပုံရိပ်ဟာ ကြေကွဲစရာပါပဲ။
ဒါပေမယ့် ကိုရင်လေးဘ၀ကိုလွန်မြောက်လို့ ပိဋကတ်စာပေတွေကို တစ်ဆင့်တိုးသင်ယူခွင့်ရတဲ့အခါမှာတော အဲဒီမောင်ဆန်ဟာ အသွင်တစ်မျိုးဖြစ်နေခဲ့ပါပြီ။ ရဟန်းတော်ရှင်ဆန္နအဖြစ်နဲ့ အားလုံးရဲ့ မစ္စတာအန်ဂျော်လောဖြစ်နေခဲ့ပါပြီ၊ အော်ကြော်လန်နေတော့တာပါ။
(၂)
မောင်ဆန်နဲ့လမ်းခွဲထွက်ကြွတော်မူတဲ့ သိဒ္ဓတ္ထအရှင်ဟာ ဥရုဝေလတောစခန်းမှာ အကျင့်မှားတွေနဲ့ ခြောက်နှစ်ခြောက်မိုး တ၀ဲလည်လည်ဖြတ်သန်းပြီးချိန်မှာမှ မဇ္ဈိမပဋိပဒါလမ်းအမှန်ကို တွေ့ရှိပြီး ဂယာအနီးက ဗောဓိညောင်အရိပ်မှာ တစ်လောကလုံး ငိုသံတိတ်စေမယ့် အထွတ်အထိပ်တရားမြတ်ကို သိမြင်ကာ ဘုရားအဖြစ်ကို ရောက်ရှိတော်မူခဲ့ပါတယ်။
အဲဒီနှစ် ပထမ၀ါတော်မှာ ဗာရာဏသီ မိဂဒါဝုန်ကို ကြွရောက်ပြီး ဓမ္မစကြာတရားနဲ့ အနတ္တဒေသနာကို ကိုယ်တော်မြတ်ရဲ့ manifesto အဖြစ် အတ္တ၀ါဒီတွေကြားထဲမှာ တရားဝင် ကြေငြာတော်မူခဲ့ပါတယ်။
ပဉ္စ၀ဂ္ဂီရဟန်းငါးပါးတို့လို နိုင်ငံရေးပရောဖက်ကြီးတွေ။ ယသလုလင်နဲ့ သူမိတ်ဆွေသူဌေးသားတို့လို ဂုဏ်သရေရှိ လူကုန်ထံတွေ။ ဘဒ္ဒီဝဂ္ဂီညီနောင်သုံးကျိပ်လို မင်းညီမင်းသားတွေနဲ့ ဥရုဝေလကဿပအပါအ၀င်ရသေ့ညီနောင် ရှင်တစ်ထောင်တို့လို ဘာသာရေးခေါင်းဆောင်တွေကို ပထမ၀ါတော်မှာပဲ သိမ်းသွင်းစည်းရုံးနိုင်ခဲ့တဲ့အတွက် သာသနာတော်ဟာ အဆင့်မြင့်တဲ့ အထင်ကြီးစရာအဖွဲ့ကြီးအဖြစ် စတင်နိုင်ခဲ့တာပါ.။
အကျိုးဆက်အနေနဲ့ ဒုတိယ၀ါမ၀င်မီမှာပဲ ခေတ်ကာလရဲ့ အင်အားကြီးနိုင်ငံကြီးတစ်နိုင်ငံဖြစ်တဲ့ မဂဓတိုင်းရဲ့ ဘုရင် ဗိမ္ဗိသာရကိုယ်တိုင်နဲ့ တိုင်းသားပြည်သူတွေက ဘုရားအစစ်နဲ့ တရားအသစ်ကို အုတ်အုတ်ကျက်ကျက် ကိုးကွယ်ကြတဲ့အထိ အောင်မြင်ခဲ့ပါတယ်။
အဲဒီသတင်းတွေက မဇ္ဈိမတိုက်ကြီးတစ်ခုလုံးကို လွှမ်နေတာဆိုတော့ ဇာတိမြေကပိလ၀တ်ကလည်း ကြားရပါပြီ ။ အဲဒီတော့လည်း ဘုရားရှင့်မျက်နှာကလည်း ကြီးပြီမို့ ဆွေဘုရား မျိုးဘုရားကို လွမ်းသလေး ဘာလေးဖြစ်ကုန်ကြတော့တာပါပဲ။
ဒီတောလည်း ဘုရားပင့်ဆောင်ရေးစီမံကိန်းကြီးချမှတ် အစည်းအဝေးတွေ အကြိမ်ကြိမ်ကျင်းပကြတော့ကလား။
တကယ်တော့ ဘုရားရှင်ဟာ မိဘဆွေမျိုးတွေရဲ့ ဆန္ဒကို ကျောခိုင်းပြီး တစ်လောကလုံးရဲ့ မျက်ရည်တွေ သုတ်ပေးဖို့ လမ်းကြမ်းကြမ်းတွေ လျှောက်ကာ လမ်းအသစ်ကို ဖောက်ခဲ့ရတာမဟုတ်လား။ မိရိုးဖလာကို ချိုးဖောက်လို့ တိမ်းမှောက်သွားခဲ့ရင်တော့ ကပိလ၀တ်သမိုင်းလည်း ပြောင်းသွားနိုင်တာပေါ့လေ။
(၃)
ဘုရားရှင်ရဲ့ပြည်တော်ပြန်နေ့ရက်တွေမှာ ဆွေတော်မျိုးတော်တို့ရဲ့ ကြိုဆိုမှုက လှိုက်လှဲမှု အပြည့်ရှိခဲ့ပေမယ့် သာကီဝင်တို့ရဲ့ မာနနဲ့ အလွယ်တကူဦးညွတ်ဖို့တော့ ခက်ခဲခဲ့ ကြပြန်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ဘုရားရှင်ရဲ့ အနှိုင်းမဲ့ မေတ္တာတော်နဲ့ ကရုဏာအသရေတော်က
သာကီဝင်တို့ရဲ့မာနတောင်ထွတ်ကို ဖြိုချပစ်နိုင်ခဲ့ပါတယ်။
အဲဒီမှာမှ ငါတို့ဘုရားမှ ငါတို့ဘုရားဖြစ်ကုန်ကြတာပါ။
ဒါထက်ပိုသွားတာက ခတ္တိယဘုရားကို ခတ္တိယဆွေတော်မျိုးတော်တွေ ၀န်းရံရေး အယူအဆတစ်ရပ်ပေါ်ပေါက်လာတာပါ။ ဒီလိုနဲ့ ကပိလ၀တ်မြို့ပြမှာ ရှင်တစ်ရာ ရှင်တစ်ထောင်ဝတ်ပွဲတွေက ပေါ်ပြူလာဖြစ်သွားတဲ့အထိပါပဲ။
အဲဒီခြိမ့်ခြိမ့်သဲရှင်ပြု ပွဲကြီးတွေနဲ့ သီးခြားပုဂ္ဂလိက ရဟန်းဝတ်ပွဲတွေမှာ
အစစ်အမှန်ပဗ္ဗဇ္ဇိတွဖြစ်တဲ့ ရှင်အာနန္ဒာ ရှင်အနုရုဒ္ဓါ ရှင်ဘဒ္ဒိယ ရှင်ကိမိလတို့လို မဟာပါရမီရှင်ပုဂ္ဂိုလ်မြတ်တွေ ပါဝင်သလို သာသနာရဲ့ အကြီးဆုံးဆူးညှောက်ဖြစ်လာမယ့် ရှင်ဒေ၀ဒတ်၊ ပစ္စည်းလာဘ်လာဘနဲ့ ဒကာဒကာမတွေနောက်ပဲ တကောက်ကောက်လိုက်တတ်တဲ့ ရှင်ဥပနန္ဒ။ တသမ်းသမ်းတဝေေ၀နဲ့ ပျင်းရိပျင်းတွဲ နေတတ်တဲ့ ရှင်တိဿတို့လို ပုဂ္ဂိုလ်မျိုးတွေလည်း ပါဝင်လာတော့တာပါ။
ရဟန်းမှ မ၀တ်ရင် ခေတ်မမီတော့တဲ့ အခြေအနေမှာ မြင်းမြီးဆွဲမောင်ဆန်ဟာလည်း ရှင်ဆန္နအဖြစ် အသွင်ကူးပြောင်းခဲ့ပါတော့တယ်။
(၄)
ရှင်ဆန္နရဟန်းဖြစ်လာတော့ ဘုရားရှင်းကြွတော်မူရာ သီတင်းသုံးရာ တိုင်းကြီး ပြည်ကြီးတွေဆီ လိုက်ပါခဲ့ရပါတယ်။ အဲဒီမှာ ပြဿနာက ခတ္တိယဘုရားကို ခတ္တိယဆွေတော်မျိုးတော်တွေ ၀န်းရံရေးအယူအဆကို ဘာသာပြန်အမှားကြီးနဲ့ဆုပ်ကိုင်ထားတာဟာ သူ့အတွက် နစ်နာစရာတွေဖြစ်လာတော့တာပါ။
ဘုရားရှင်က သာသနာဆိုတဲ့ ပင်လယ်ထဲရောက်နေပါပြီ။ ရှင်ဆန္နတို့က ခတ္တိယမြစ်ထဲမှာ ကူးချင်ကြတုန်းပါ။ ဒီတော့လည်း ဘုရားရှင်ဘေးမှာ ထည်ထည်ဝါ၀ါဝန်းရံခွင့် ရနေတဲ့ လက်ျာရံ လက်ဝဲရံကိုယ်တော်ကြီးနှစ်ပါးကို အမြင်ဝါးနေတော့တာပါပဲ။ ကြည့်လိုက်တော့လည်း လက်ျာရံကိုယ်တော်ကြီး ရှင်သာရိပုတ္တရာနဲ့ လက်ဝဲရံကိုယ်တော်ကြီး ရှင်မဟာမောဂ္ဂလာန်တို့က ဗြဟ္မဏမျိုးနွယ်ဝင်တွေ ဖြစ်နေကြတာပါ။
မဇ္ဈိမဒေသရဲ့ ခေတ်အဆက်ဆက်သမိုင်းကားချပ်တွေကို ဖွင့်ကြည့်လိုက်ရင် ခတ္တိယနဲ့ ဗြဟ္မဏဆိုတာက အမြဲတမ်းအားပြိုင်နေကြတဲ့ အမျိုးအနွယ်တွေပဲ။ တစ်ခါတစ်ခါ ရန်သူလုံးလုံးကြီးဖြစ်သွားရတဲ့ ခေတ်တွေတောင်ရှိခဲ့သေးတာပါ။
အဲဒီတော့ ဖြစ်ခြင်းဖြစ်ရင် ဒီလိုကြီးကျယ်ခမ်နားတဲ့ ရာထူးတွေဟာ သူတို့လို ခတ္တိယအနွယ်ဝင်တွေနဲ့သာ ထိုက်တန်ရပေမပေါ့တဲ့။
အဲဒီလို ခတ္တိယချင်းတူရင်တောင် သူ့လို စွန့်စားရတဲ့ ၀ါဆိုလပြည့်တစ်ညက သေမတူရှင်မကွာ လိုက်ပါခဲ့တဲ့ ရဲဘော်ရဲဘက်တစ်ဦးကသာ ပိုပြီးထိုက်တန်တယ် ဆိုတဲ့အတွေးက သူ့ရဲ့နေ့ရက်တွေကို နှိပ်စက်ကြတော့တာပါပဲ။ ဘုန်းကြီးနောက်က ထီးထမ်းပြီးလိုက်ရတာနဲ့ ဘုန်းကြီးဆွမ်းဝိုင်း ၀င်နှိုက်ချင်တော့တာပါ။
ဘုရားရှင်က သာသနာ့မျက်နှာကိုသာ ကြည့်ခဲ့တာဖြစ်ပါတယ် ။ ဆွေမျိုးဉာတိအစွဲနဲ့ အမျိုးဇာတ်နံရံတွေကို ကျော်လွှားပြီး ထိုက်တန်သူသာ ယူစေလုပ်တော်မူခဲ့တာပါ။ ဒါကြောင့်လည်း သာသနာတော်ဟာ ရာစုများစွာတိုင်အောင် ခိုင်ခံ့ခဲ့တာ အဓွန့်ရှည်ခဲ့တာဖြစ်ပါတယ်။
နှမပေးရလို့ ရှင်ကြီးဒေ၀ဒတ်ကို ဘုရားရာထူးလွှဲပြီး အတူတူရဲဘော်ရဲဘက်ချင်းမို့ ရှင်ဆန္နကိုသာ ဓမ္မသေနာပတိရာထူးပေးခဲ့ရမယ်ဆိုရင် သာသနာဆိုတဲ့ ဝေါဟာရဟာ ဒီနေ့ခေတ်အဘိဓာန်တွေထဲမှာ ရှိနေတော့မှာ မဟုတ်ပါဘူး။
ဘုရားရှင်က ထိုက်တန်သူကို ထိုက်တန်သလို ချီးမြောက်ခဲ့တာပါ။ နှောင်ကြိုးတွေ မရှိပါဘူး။ အရိယာစိတ်နှလုံးဖြူဆွတ်နေတဲ့ ခတ္တိယရဟန်းတော်တွေ အတွက်လည်း ထိုက်တန်တဲ့ နေရာတွေ ချမှတ်ပေးတော်မူခဲ့တာပါ။ ဧတဒဂ်ဘွဲထူးတွေ ဆွတ်ခူးခဲ့တဲ့ ခတ္တိယသူတော်စင်ရဟန်းမြတ်တွေ သာသနာဝင်မှာ အထင်အရှားပါပဲ။
တကယ်တော့ ညီတော် အရင်းခေါက်ခေါက် ရှင်နန္ဒ၊ သွေးသားရင်နှစ်ရှင်ရာဟုလာနဲ့ ကစားဖက် တစ်ဝမ်းကွဲညီတော် ရှင်အာနန္ဒာတို့လို မွန်မြတ်လှတဲ့ ခတ္တိယသွေးစစ်စစ်ကြီးတွေက နေရာအတွက်စကားဟသံ ပိဋကတ်စာမျက်နှာမှာ ကြားကြရမှာမဟုတ်ပေဘူး။
ရှင်ရာဟုလာလေးဆို မိမိကိုယ်ကိုယ်နှိမ့်ချလွန်းလို့ တစ်သာသနာလုံးက သံဃာတော်တွေက ချီးမွမ်းကြရတာပါ။ လက်ျာရံ လက်ဝဲရံကိုယ်တော်ကြီးတွေကို ချစ်ကြောက်ရိုသေစွာ သြ၀ါဒခံယူလေ့ရှိတဲ့ ကိုယ်တော်လေးပါ။ ရှင်အာနန္ဒာဆိုရင်လည်း သာသနာတော်မှာ ဘုရားပေးဘွဲ့အများဆုံးရတဲ့ ပုဂ္ဂိုလ် ဖြစ်ပေမယ့် အသက်အရွယ်တွေရလို့ ဆံတွေဖြူတဲ့အထိ ရှင်မဟာကဿပကိုယ်တော်ကြီးက“ဒီကောင်လေး ” လို့ ခေါ်ပြီး ဆုံးမတဲ့အခါ “ ကရုဏာကြီးစွာ ဆုံးမပေသဟဲ့” လို့ ပီတိဖြစ်လေ့ရှိသူပါ။
(၅)
ဘာပဲဖြစ်ဖြစ် ရှင်ဆန္နကတော့ သူ့ဇာတ်လမ်းသူဆက်ကတာပါ။ လက်ျာရံ လက်ဝဲရံကိုယ်တော်ကြီးတွေကို စကားလုံးနဲ့ ထိုးနှက်တော့တာပါ။
ဆစ်ဂမန်ဖရွိုက်ပြောသလို ရန်သူပြိုင်ဘက်ကို ကျောက်ခဲနဲ့ မထုဘဲ စကားလုံးနဲ့ ပစ်ပေါက်တဲ့ ပထမဆုံးလူဟာ Civilization ကို တီထွင်သူပါပဲတဲ့။ ရှင်ဆန္နကလည်း စကားလုံးတွေနဲ့ ပစ်ပေါက်ပြီးတိုက်ခိုက်လိုက်တာပါ ။ သူ့ဒိုင်ယာလော့ခ်တွေကလည်း အတိအကျဖော်ပြစရာ ပိဋကတ်စာအုပ်က အနားမရှိဘူး။
ဟောဒီမှာ ဆရာမကြီးဒေါ်မြတင်ရဲ့ အင်္ဂလိပ်ဘာသာပြန်မူလေးတော့ ရှိလေရဲ့။
'' I came along with my master when he left the palace for the forest. At that time, I was only one companion of my Master and there was no one else. But now Sariputta and Moggallana are saying 'we are the Chief Disciples, and are strutting about the place.''
“ င့ါအရှင် တောရပ်မြိုင်မှီးဖို့ ထွက်တော်မူစဉ်က ငါပဲ လိုက်ပါခဲ့ရတယ်။ အဲဒီအချိန်တုန်းက ငါကလွဲလို့ ဘယ်သူမှ ငါ့အရှင်ရဲ့ အဖော် မရှိခဲ့ဘူး။ ခုချိန်မှ ဒီသာရိပုတ္တရာ မောဂ္ဂလာန်တို့က
“ ငါတို့က အဂ္ဂမဟာသာဝက” ဆိုပြီး နေရာကောင်းယူကြတာပဲ” တဲ့။
သူပစ်ပေါက်လိုက်တဲ့စကားလုံးတွေက အရိယာအရင့်အမာကြီးတွေအတွက် ဘယ်လိုမှ ထိရှစရာမရှိ လေတော့ ပစ်ပေါက်သူဆီကိုပဲ ပြန်ဝေ့လာပါတယ်။ သူ့စကားလုံးတွေက အရိယာရဟန်းတွေ အတွက် တရားသံဝေဂပွားစရာဖြစ်သလို ပုထုဇဉ်ရဟန်းတွေအတွက်တော့ ထိတ်လန့် သွေးပျက် ဖွယ်ရာပါ။ သာသနာတော်ရဲ့ ထိပ်တန်းခေါင်းဆောင်ကြီးနှစ်ပါးကို ထိပါးဝေဘန်နေတာဆိုတော့ ဘယ်လိုမှ လက်ခံနိုင်ဖွယ်မရှိပါဘူး။ ဒါပေမယ့် ပြောနေတဲ့ ပုဂ္ဂိုလ်ကလည်း အညတရ မဟုတ်ပြန်တော့ တုန့်ပြန်စကားဆိုဖို့လည်း မရှိပြန်ပါဘူး။
ဒီတော့လည်း ဘုရားရှင်ဆီကိုပဲ သတင်းပို့ရတော့တာပါ။ ဘုရားရှင်ကလည်း သနားကရုဏာကြီးစွာ သုံးကြိမ်တိုင်တိုင် ခေါ်ပြီးဆုံးမတော်မူပါတယ်။ ဘုရားရှေ့ရောက်တော့လည်း ရှင်ဆန္နက အပိုးကျိုးပါတယ်။ ပြန်မပြောနားမထောင်လုပ်ခဲ့တာပါ။ ဘုရားရှေ့မှောက်က လွန်တာနဲ့ သူ့မူလပုံရိပ်က ထင်းထင်းကြီးပြန်ဖြစ်သွားတာပါ။
စုစုဝေးဝေးရှိပြီဆို ကျယ်ကျယ်လောင်လောင်ပဲ ဘုရားရှင်တောထွက်ခဲ့တဲ့ လွန်ခဲသော ၀ါဆိုလပြည့်ညတစ်ညဆီ ပြန်ရောက်သွားတော့တာပါပဲ။
အပြောခက်လှတဲ့ သူ့အတွက်လည်း ၀ိနည်းပိဋကတ်မှာ ဥပဒေအသစ်တွေ ထုတ်ပြန်ရတဲ့အထိ ပွဲဆူစေခဲ့တာပါ။ ဒုဗ္ဗစပုဂ္ဂိုလ် (အပြောရခက်သူကြီး) ရယ်လို့လည်း အော်ကြောလန်တော့ပါပဲ။
ဒါပေမယ့် သူကတော့ သူ့မူအတိုင်း ခေါင်းမာစွာ တင်းခံနေဆဲပါ။
ရဟန်းတွေကလည်း သူနဲ့ဆက်ဆံရမှာ ခပ်လန့်လန့် ဖြစ်ကုန်ကြပေမယ့် “သမဂ္ဂေါ ဟိ သံဃော ” ဥပဒေသက ရှိနေပြန်တော့ သံဃာညီညွတ်ရေးကို ရှေးရှုပြီး သံဃာ့အစည်းအဝေးတွေမှာတော့ ပေါင်းဖက်ဆက်ဆံနေခဲ့ရပါတယ်။ ဒါပေမယ့် ရဟန်းတွေရဲ့ နားကိုတော့ ရှင်ဆန္နရဲ့စကားလုံးတွေက အကြမ်းဖက်နေကြဆဲပါ။
ဘုရားရှင်ကလည်း နောက်ဆုံးကရုဏာအခွင့်ပေးတော်မူတဲ့အနေနဲ့ အနားမှာ ခေါ်ယူပြီး ဒီဂါထာလေးနဲ့ စေ့စပ်တော်မူခဲ့ပါသေးတယ်။
န ဘဇေ ပါပကေ မိတ္တေ၊
န ဘဇေ ပုရိသာဓမေ။
ဘဇေထ မိတ္တေ ကလျာဏေ၊
ဘဇေထ ပုရိသုတ္တမေ။
သူငယ်ချင်းယုတ် နောက်ဆုတ်နေ။
သူငယ်ချင်းဖျင်း ကင်းကင်းနေ။
သူငယ်ချင်းကောင်း ပေါင်းဖက်လေ။
သူငယ်ချင်းမြတ် ဆည်းကပ်လေ။
လက်ျာရံ လက်ဝဲရံပုဂ္ဂိုလ်ကြီးနှစ်ပါးဟာ သာသနာတော်အတွင်းမှာ မိတ်ဆွေများသာဖြစ်ကြောင်း၊ထိုပုဂ္ဂိုလ်မြတ်နှစ်ပါးကို မိတ်ကောင်းဆွေကောင်းများအဖြစ် ပေါင်းဖက်သင့်ကြောင်း ဖျောင်းဖျတော်မူခဲ့ပါတယ်။ ဒါပေမယ့် တကယ့် ဒါပေမယ့်ပါပဲ
ဘုရားရှင်ကိုယ်တိုင် လက်လျှော့ရအောင် ရှင်ဆန္နရဲ့ ခေါင်းမာမှုက ပြောင်မြောက်ခဲ့တာပါ။
ဘုရားရှင်ကိုယ်တော်တိုင်လည်း ရှင်ဆန္နဟာ ဘုရားအားကိုးနဲ့ နွဲ့ဆိုးကြီးဆိုးနေတယ်လို့မြင်တော်မူခဲ့သလို ကိုယ်တော်မြတ် သက်တော်ထင်ရှားရှိသမျှတော့ ရှင်ဆန္နရဲ့ အမူအကျင့်တွေပြောင်းလဲမှာ မဟုတ်ကြောင်းလည်း သိတော်မူခဲ့ပါတယ်။
ဒီတော့
်ကိုယ်တော်မြတ်ရဲ့ နောက်ဆုံးထွက်သက်တော်နီးကပ်လာချိန်မှာ ရှင်အာနန္ဒာကို အပါးခေါ်ပြီး ရှင်ဆန္နအပေါ် မဟာကရုဏာကြီးစွာပဲ အကောင်းဆုံးချဉ်းကပ်မှုတစ်ခုကို မှာထားတော်မူခဲ့ပါတယ်။
အဲဒါကတော့ ဗြဟ္မဒဏ္ဍ(မြတ်သောဒဏ်ပေးခြင်း) လို့ခေါ်တဲ့ အဖက်မလုပ်ရေးမူဝါဒပဲဖြစ်ပါတယ်။ {Brahmadanda (for the Monks to simply ignore Channa and to have nothing to do with him)} သာသနာတော်တွင်းမှာ ရှိသမျှ သံဃာတော်အားလုံး ရှင်ဆန္နနဲ့ အဖက်မလုပ်စေရ ဆိုတဲ့ အမိန့်ပြန်တမ်းထုတ်ပြန်ထားတော်မူခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒီနေ့ခေတ်လိုပြောရရင်တော့ Sanction လုပ်လိုက်တဲ့သဘောပါပဲ။ ဂါထာရဲ့ ဒုတိယအပိုဒ်ကို ရှင်ဆန္နက မလိုက်နာတော့ ပထမပိုဒ်အတိုင်း အရေးယူလိုက်ရတာပါ။
(၆)
ဘာပဲဖြစ်ဖြစ် ရှင်ဆန္နက ခေါင်းမာပေမယ့် ပါရမီရှင် သူတော်ကောင်းကြီးတစ်ပါးပါ။ ဘုရားရှင်နဲ့ တစ်နေ့တည်းမွေးဖွားလာတဲ့ ဖွားဖက်တော်တစ်ဦးဖြစ်သလို ဘုရားရှင်ရဲ့ နိက္ခမပါရမီတော်အခန်းမှာ နောက်တော်ပါအဖြစ် ၀န်ထမ်းခွင့်ရအောင်ကုသိုလ်ထူးတဲ့သူလည်း ဖြစ်ပါတယ်။ ပုထုဇဉ်သွေးကြွပြီး မာနတလူလူနဲ့ ယာယီမြင့်မောက်ခဲ့ခြင်းသာ ဖြစ်ပါတယ်။
ဘုရားရှင် မရှိပြီဆိုမှ သူ့အတွက် ဆန်ခ်ရှင်က အသက်ဝင်တာပါ။ အားလုံးက ၀ိုင်းပယ်လိုက်ကြပါပြီ။
ရဟန်းတွေမှန်သမျှ သူ့နဲ့ ဝေးဝေးရှောင်ကြတော့တာပါ။ ပြောကြစို့ဆိုရင် ရှင်ဆန္နဟာ The Lone Swam ဖော်မဲ့ဟင်္သာ သို့မဟုတ် အထီးကျန်ရဟန်းတစ်ပါးဖြစ်သွားခဲ့ပါပြီ။
ဒါပေမယ့် ပါရမီတော်ရင့်ကျက်ခဲ့တဲ့ ပုဂ္ဂိုလ်ပီပီ သူတော်ကောင်းဓါတ်က သူ့ကို မာန အမှောင်တိုက်က ပြန်လည်နိုးထစေခဲ့ပါတယ်။ အထီးကျန်မှုတွေရဲ့ နောက်ကွယ်က အကြောင်းတရားကို ရှာဖွေတော့တာပါ။ မိတ်ရင်းဆွေချာ ရှင်အာနန္ဒာဆီ ပြေးကပ်မှ အကြောင်းစုံ သိကာ ကြေကွဲဝမ်းနည်းစွာ ငိုကြွေးရတော့တာပါပဲ။
လွန်တော်မူလေပြီးတဲ့ ကျေးဇူးရှင်ကြီးရဲ့ သူ့အပေါ်ထားတဲ့ မဟာမေတ္တာ မဟာကရုဏာတော်တွေကို မှန်းဆဦးတင်မိပါတော့တယ်။ ဗြဟ္မဒဏ္ဍဟာ ကျေးဇူးရှင်ကြီးရဲ့ အမြော်အမြင်ကြီးစွာ ချမှတ်ခဲ့တဲ့ သူ့အတွက် ကယ်ပေါက်တစ်ခုအဖြစ် မြင်သွားခဲ့ပါတယ်။ သူပြင်ဆင်ချိန်ရလိုက်ပါတယ်။
ရဟန်းသံဃာတွေကို ပစ်မှားမိသမျှ ၀န်ချတောင်းပန်လို့ ရဟန်းတရားကို အချိန်မီ အားထုတ်နိုင်ခဲ့ပါတယ်။ တကယ်ပါ ဗြဟ္မဒဏ္ဍဟာ ရဟန်းတော်ရှင်ဆန္နအတွက်တော့ ထိရောက်တဲ့ ချဉ်းကပ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။
(ရဟန္တာအရှင်ဆန္နအား ပူဇော်ဦးခိုက်လိုက်ပါ၏)
1 comment:
စောင့်ဖတ်နေပါတယ်..။ သိပြီးသားပေမဲ့ တဆင့်ပြန်ရှင်းပြဖို့ လိုတိုရှင်းမို့ သဘောကျစရာပါ..။
Post a Comment