11 December, 2009

ဗာရာဏသီရောက် ဒယ်အိုး

ဒယ်အိုးနဲ့ ဒန်အိုး

ဒယ်အိုးဆရာတော်နှင့် အိန္ဒိယပညာသင်မြန်မာရဟန်းတော်များ



(၁)

ဒီနေ့မနက်တော့ ခပ်စောစောအိပ်ရာထဖြစ်ဖို့ ဖန်လာပါတယ်။ သူယာယီတည်းခိုနေတဲ့ ဗာရာဏသီ ဆေးဝင်္ကဘာကျောင်းမှာ မြန်မာနိုင်ငံကနာမည်ကျော်ဓမ္မကထိကဒယ်အိုးဆရာတော်အရှင်သုမင်္ဂလဦးဆောင်တဲ့ ဘုရားဖူးအဖွဲ့ရောက်နေလို့ပါ။ သူအနေနဲ့ ဗာရာဏသီပြန်ရောက်စမို့ နေရာအတည်တကျမဖြစ်သေးတော့ ယာယီခိုနားစရာရှာထားရတာပါ။ ခုသူနေတဲ့ ကျောင်းက ဆရာတော်ကြီးပျံတော်မူတာက တစ်လလောက်ပဲ ရှိပါသေးတယ်။ ဆရာတော်ကြီးမရှိတော့ ကျောင်းသားတွေက ၁၀ ပါးစီ အလှည့်ကျစောင့်ရှောက်နေကြတာပါ။

ဗာရာဏသီမှာ မြန်မာကျောင်းက သိရသလောက် (၅) ကျောင်းလောက်ရှိပါတယ်။ မိဂဒါဝုန်မြန်မာကျောင်း၊ ဆေးဝင်္ကဘာမြန်မာကျောင်း၊ဆီဂရာမြန်မာကျောင်း၊ ဓမ္မစကြာရိပ်သာကျောင်းနဲ့ မဇ္ဈိမသုခ ဖောင်ဒေးရှင်း ကျောင်းတွေပါပဲ။ နောက်ဆုံးကျောင်းနှစ်ကျောင်းကတော့ ဒီနှစ်ပိုင်းအတွင်းမှ နေ့ချင်းညချင်းပေါ် လာတဲ့ ကျောင်းတွေပါ။

ဒယ်အိုးဆရာတော်ဦဆောင်တဲ့ ဘုရားဖူးအဖွဲ့ရဲ့ အမြိုက်လမ်းညွှန်(ဘုရားဖူးဂိုဒ်)အဖြစ် ဆောင်ရွက်ကုသိုလ် ယူနေတဲ့ သူ့မိတ်ဆွေရဟန်းတော် ရှင်ဉာနော( အရှင်ဉာနောဘာသာလင်္ကာရ)က သူ့အနားက အိပ်ရာမှာ ကျိန်းစက်ပါတယ်။

ရှင်ဉာနောက မနက်ပိုင်းမှာ ဘုရားရှင်ဓမ္မစကြာတရားဦးဟောရာ မိဂဒါဝုန်ဆီ ဒယ်အိုးဆရာတော်တို့ကို လိုက်ပို့ရမှာမို့ အိပ်ရာက စောစောထပါတယ်။ ပြီးတော့ သူ့ကိုလည်း “ ကိုယ့်လူ အိပ်အိပ် ဆက်အိပ်” လို့ အသံကို တုန်းန်မြှင့်သွားပါသေးတယ်။


ရှမ်းနဲ့ ဗမာကင်းစောင့်ကျသလိုးမျိုးလုပ်သွားတာပါ။
သိပြီးသားဖြစ်မှာပါ။ ရှမ်းလည်း ဟုတ်ချင်မှ ဟုတ်မှာပါ။ ဗမာတွေက သူတို့ကိုယ်သူတို့ ဇာတ်လိုက်လုပ်လေ့ရှိပါတယ်။ ကမ္ဘာနဲ့ချီတဲ့ဇာတ်ဝင်ဝင်ခန်းတွေကျမှ (နိုင်ငံတကာအ၀င်လေဆိပ်တွေမှာမှ) ကိုယ့်ကိုယ်ကို သိတတ်ကြတာပါ။

ကဲ ရှမ်းပဲထားပါ။ ဖိုးရှမ်းရေ နောက်တာနော်။ ရှမ်းနဲ့ ဗမာ ညကင်းစောင့်အတူကျတာဆိုပဲ။ ရှမ်းကင်းစောင့်ကျတဲ့အချိန်မှာ ဗမာက နှစ်နှစ်ခြိုက်ခြိုက်အိပ်တာပါ။ ဗမာကင်းစောင့်ကျတဲ့အခါမှာတော့ ဘေးမှာ အိပ်နေတဲ့ ရှမ်းကြီးကို “ ဖိုးရှမ်း အိပ်ပြီလား အိပ်ပျော်အောင် အိပ်” လို့ ငါးမိနစ်တစ်ခါ ဆယ်မိနစ်တစ်ခါလုပ်တော့တာ့ပါ။ ရှမ်းကြီးခမျာ အိပ်ဖို့ မှေးသွားလိုက် “ အိပ် အိပ်” ဆိုတဲ့အသံကြားလိုက်နဲ့ မိုးစင်စင်သာလင်းသွားရော မအိပ်လိုက်ရပါဘူးတဲ့။ ရှမ်းကြီးကတော့ ရိုးရိုးသားသားပဲ တွေးရှာပါတယ်။ “ အင်း ဗမာကတော့ ငါ့ကို “အိပ်အိပ်” လို့အပြောသား၊ ငါကကို အိပ်မပျော်တာတဲ့။

ခုလည်း မိတ်ဆွေရဟန်းတော်ကတော့ အိပ် အိပ် လို့အပြောသား၊ သူကိုယ်တိုင်ကိုက ဆက်အိပ်မရလေတော့ အိပ်ရာက ထပြီး မျက်နှာသစ်ဖြစ်ပါတော့တယ်။ ဆွမ်းစားဆောင်ကို ၀င်ပြီး အရုဏ်ဆွမ်းထမင်းကြော်ကို ၀င်လွေးလိုက်ပါတယ်။ ဒယ်အိုးဆရာတော်နဲ့ ဘုရားဖူးအဖွဲ့ကတော့ မိဂဒါဝုန်ဆီကို ယွန်းသွားကြပါပြီ။ ဆေးဝင်္ကဘာမြန်မာကျောင်းက ဗာရာဏသီမြို့ထဲက ဘူတာကြီးအနားမှာ တည်ရှိတာမို့ ၇ ကီလိုမီတာ ဝေးတဲ့ မိဂဒါဝုန်ကို နာရီဝက်နီးပါးခန့်တော့ သွားရပါတယ်။ မနက်စောစော လမ်းမကြပ်ရင်တော့ မိနစ်နှစ်ဆယ်လောက်ပေါ့။

နေ့လည်ပိုင်းဆိုရင်တော့ ဗာရာဏသီလမ်းမတွေဟာ တောင်ကျချောင်းရေစီးသလိုပဲ ထိုးထိုးထောင်ထောင် ဆူဆူညံညံကြီးကို စီးမျောနေတော့တာပါ။ ကားတွေ ဆိုင်ကယ်လ်တွေ စက်ဘီးတွေ အော်တို(သုံးဘီးကား)တွေ ရစ်ရှောလို့ခေါ်တဲ့ ဆိုက်ကားတွေ နောက်လှည့်မကြည့်ပဲ လျှောက်နေတဲ့လူတွေ ဘေးမဲ့လွှတ်ထားတဲ့ နွားတွေ။ဒီကြားထဲ့ နွားတစ်ကောင်တည်းဆွဲတဲ့ လှည်းကြီးတွေက ဖြတ်မောင်းသွားတတ်ပါသေးတယ်။ ဟွန်းတီးသံတွေကလည်း ဆူညံလို့ပါပဲ။

ဗာရာဏသီမှာ မီးပွိုင့်လည်း မရှိလေတော့ ၀ါးရင်းတုတ်ကိုင်ထားတဲ့ ယာဉ်ထိန်းရဲတွေရဲ့ အချက်ပြမှုကို ကြည့်ပြီး ရှောင်ကြတိမ်းကြပေါ့လေ။ ဦးသူဝင်စတမ်းပဲ တိုးဝှေ့ကြတာပါ။ သူတို့အချင်းချင်းတော့ အဆင်ပြေလို့ပါပဲ။ ဆဲတာ ဆိုတာ မကြားရသလောက်ပါပဲ။ လမ်းရှင်းပြီဆိုတာနဲ့ အရမ်းမောင်းကြတာပါ။ ကားတစ်စီးနဲ့ တစ်စီး ရှောင်ကြတိမ်းကြတာကလည်း ခေါင်းချင်းဆိုင်တိမ်းကြတာမို့ ဂျိမ်းစ်ဘွန်းဇာတ်ကားလို သည်းထိတ်ရင်ဖိုပါပဲ။ ဟူး မောပေစွ။

(၂)

မနက်အရုဏ်ဆွမ်းပြီးတာနဲ့ မနေ့က အင်တာနက်မိတ်ဆွေဒကာမောင်ဖိုးသားအကူအညီနဲ့ ဖွင့်ဖြစ်တဲ့ ဘလော့လေးကို ၀င်နှိုက်ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံဖြိုးရေးအဖွဲ့ကြီးအတွက် ဘလော့ www.mmwai-mmwai.blogspot.com ကို စတင်ဖွင့်ကြည့်မိတာပါ။ အရင်တုန်းက ငွေကုန်းကြေးကျခံပြီး www.mmwai.org ဆိုတာကို ဖွင့်ခဲ့ဖူးပါတယ်။ လက်ဆင့်ကမ်းအမွေထိန်းမယ့်သူမရှိတော့ အခုလမ်းစပြတ်သွားတာပါ။ အဖွဲ့ကြီးတည်ထောင်တာ ဒီနှစ်ဆို ဆယ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။

အိန္ဒိယနိုင်ငံ တက္ကသိုလ်အသီးသီးမှာ ပညာသင်နေကြတဲ့ မြန်မာရဟန်းတော်တွေရဲ့ ကျန်းမာရေးနဲ့ ပညာရေးအတွက် အချင်းချင်းကူညီနိုင်အောင်ဆိုပြီး ၁၉၉၉ နှစ်မှာ တည်ထောင်ခဲ့ကြတာပါ။ တည်ထောင်စတုန်းကတော့ ရဟန်းတော်တွေ အသင်းဝင်ကြေးကောက်ခံမတည်ပြီး အဲဒီငွေစကြေးစလေးနဲ့ ကျန်းမာရေးမကောင်းတဲ့အဖွဲ့ဝင်ရဟန်းတွေကို ပြုစုစောင့်ရှောက်ခဲ့ကြတာပါ။

နောက်တော့ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာက ဗုဒ္ဓဘာသာဝင်တွေ သိသွားပြီး ပညာရေးပဒေသာပင်၊ကျန်းမာရေးပဒေသာပင်တွေလှူဒါန်းခဲ့ကြလို့ အဖွဲ့ကြီးခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံက ဆရာတော်ကြီးတွေကလည်း သြ၀ါဒပေးစောင့်ရှောက်ခဲ့ကြလို့ သိက္ခာရှိတဲ့အဖွဲ့ကြီးအဖြစ်လည်း မျက်နှာပန်းလှခဲ့ပါတယ်။ ခုဆို အဖွဲ့ကြီးရဲ့ မဇ္ဈိမဒေသသာသနာခရီးအတောအတွင်း ဗုဒ္ဓဂယာမြေမြတ်မှာ မြန်မာဗုဒ္ဓဘာသာပညာရေးဗိမာန်သုံးထပ်ကျောင်းဆောင်ကြီးကိုလည်း တည်ဆောက်အောင်မြင်ခဲ့ပြီးပါပြီ။


အဖွဲ့ကြီးရဲ့ နှစ်လည်စာစောင်တွေကိုလည်း နှစ်စဉ်ထုတ်ဝေဖြစ်ခဲ့တာ အချို့ဖတ်ဖူးကြမှာပါ။ သူကိုယ်တိုင်လည်း သတ္တမနှစ်ပတ်လည်နဲ့ အဌမနှစ်ပတ်လည်စာစောင်တွေကို အယ်ဒီတာချုပ်အဖြစ် အဖွဲ့ကြီးက တာဝန်ပေးရွေးချယ်လို့ မဖြစ်ညစ်ကျယ်အားစိုက်ခဲ့ရပါသေးတယ်။ အဖွဲ့ကြီးနဲ့ပတ်သက်လို့ အကျယ်တ၀င့်ရေးဖို့ ဓမ္မဂင်္ဂါဘလော့အစမှာ “မမဝေ (သို့မဟုတ်) အိန္ဒိယကို ခုခံခြင်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ တံခါးဖွင့်ခဲ့ပါသေးတယ်။ ဘလော့နဲ့ပတ်သက်ပြီး မျက်စိသူငယ်ဖြစ်ခဲ့တော့ ရေးလက်စတွေ ဘယ်လိုသိမ်းရမှန်းမသိဘဲ ပျောက်ပျက်သွားတာမို့ ဆက်မရေးဖြစ်အောင် စိတ်ရေချိန်ကျသွားခဲ့ပါတယ်။
ဒီမှာ စကားစပ်သွားလို့ ပြောဖြစ်သွားတာပါ။


(၃)

နေ့ဆွမ်းစားပြီးချိန်မှာတော့ ဒယ်အိုးဆရာတော်က သူတို့အဖွဲ့တွေနဲ့ အမှတ်တရတွေ့ဆုံဓါတ်ပုံရိုက်ဖို့ ဖိတ်ပါတယ်။ ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်ဖြစ်ကြပါတယ်။ စကားတွေတော့ အများကြီးမပြောနိုင်ခဲ့ကြပါဘူး။ နေ့လည်ပိုင်း ဗာရာဏသီမြို့တွင်းလှည့်လှည်ပြီး ဗြဟ္မဒတ်မင်းကြီးတို့ခေတ်ကို ပြန်လွမ်းကြရဦးမှာကိုး။ ဂင်္ဂါမြစ်ကမ်းပါးမှာ ထိုင်ပြီး ရွှေရောင်လွှမ်းတဲ့ကာသိခေတ်ကို မှန်းဆကြရမှာကိုး။ပြီးတော့လည်း ဗာရာဏသီရောက်သူတိုင်း နာမည်ကျော်ပိုးထည်နဲ့ စန္ဒကူးပုတီးလေးတွေလည်း အမှတ်တရ၀ယ်ကြရဦးမယ်လေ။

အမှန်တကယ်က သူတို့ဗာရာဏသီရဟန်းတော်တွေစီစဉ်ချင်တာက တစ်မျိုးပါ။ ဒယ်အိုးဆရာတော်ကြွမလာခင်တစ်ရက်အလိုမှာ ဆေးဝင်္ကဘာဆရာတော် ဒေါက်တာအရှင်ဂမ္ဘီရဗုဒ္ဓိတစ်လပြည့်အထိမ်းအမှတ်အဖြစ် ဗာရာဏသီတက္ကသိုလ်နှစ်ခုမှာ ပညာသင်နေတဲ့ ရဟန်းတော်တွေကို ကျောင်းမှာ ပင့်ြ့ပီးဆွမ်းကပ်ပါတယ်။

အဲဒီမှာ ဒယ်အိုးဆရာတော်ကြွလာမယ်ဆိုတဲ့ သတင်းကို တော်တော်များများသိသွားပါတယ်။ အဲဒီမှာအရှင်ဝါယာမိန္ဒဆိုတဲ့ရဟန်းတော်လေးက ဒယ်အိုးဆရာတော်တရားတစ်ပွဲလောက်ဟောဖို့ စပွန်ဆာပေးပါ့မယ်တဲ့။ စပွန်ဆာဆိုတာ တစ်ခြားတော့ မဟုတ်ပါဘူး။ ပညာသင်နေတဲ့ ရဟန်းတော်တွေက ဗာရာဏသီမြို့ကြီးထဲမှာ ပြန့်ကြဲနေတာပါ။ တက္ကသိုလ်အဆောင်ရတဲ့ရဟန်းတွေက စုစုဝေးဝေးရှိပေမယ့် အဆောင့်ရဖို့ မျှော်တလင့်လင့်ဇာတ်ဝင်ခန်းထဲက ရဟန်းတော်တွေကတော့ ဟိုစုစု ဒီစုစု အဆင်ပြေရာအိမ်ခန်းလေးတွေ ငှါးပြီးနေကြရတာပါ။ အရေးအကြောင်းရှိလို့ လူစုမယ်ဆိုရင် အော်တိုသုံးဘီးကားလေးတွေ ငှါးပြီးလာကြရလေတော့ အရှင်ဝါယမိန္ဒဆိုတဲ့ မောင်ပဉ္ဖင်းလေးက တရားနာကြွမယ့်ရဟန်းတော်တွေကို ခရီးစားရိတ်လှူမယ်ပြောတာပါ။

တရားပွဲနဲ့ပတ်သက်ပြီး တိုင်ပင်ကြတော့ သူက တရားပွဲဆိုတာထက် တွေ့ဆုံပွဲလေးဆိုရင် ပိုပြီး အဆင်ပြေမယ်လို့ အကြံပြုဖြစ်ပါတယ်။ တရားပွဲဆိုတာက မိုနိုလော့ခ်ဆန်နေမယ်လို့ ခံစားမိလို့ပါ။ တွေ့ဆုံပွဲလေးဆိုတာကတော့ မြန်မာနိုင်ငံသာသနာရဲ့ ရှေ့တန်းစာမျက်နှာပေါ်မှာ သူ့နည်းသူ့ဟန်အားထုတ်ကြိုးပမ်းနေတဲ့ ဓမ္မကထိကရဟန်းတော်တစ်ပါးနဲ့ အိန္ဒိယမှာ ပညာသင်ပြီးအနာဂတ်သာသနာရေးရည်သန်ချက်တွေကို ထမ်းပြီး အိမ်ပြန်ကြမယ့် ရဟန်းတော်တွေကြားမှာ နွေးထွေးတဲ့ ဒိုင်ယာလော့ခ်စကားဝိုင်းအသွင်ဆောင်လိမ့်မယ်လို့ သူက မျှော်လင့်မိတာပါ။ လုပ်ငန်းခွင်ထဲရောက်နေသူနဲ့ လုပ်ငန်းခွင်ထဲ ၀င်မယ့်သူတွေကြား ဆွေးနွေးစရာတွေ အများကြီးရှိမှာပါ။
အဲဒီအစီအစဉ်လေးကိုပဲ သဘောကြိုက်ညီခဲ့ကြပေမယ့် အကောင်အထည်မဖော်နိုင်ခဲ့ကြပါဘူး။

သာဝတ္ထိကနေ နေ့ဆွမ်းစားပြီး ညနေ ဗာရာဏသီဝင်မယ့်လမ်းမှာ ခရီးဖင့်လို့ ပြည်တော်ဝင်ချိန်နောက်ကျခဲ့လေတော့ ညနေပိုင်းမှာ လုပ်မယ့် တွေ့ဆုံပွဲလေးက အိပ်မက်ဖြစ်သွားခဲ့တာပါ။
နောက်တစ်ကြိမ်ပေါ့လေ။

No comments: