12 December, 2009

မိဂဒါဝုန်တောလား

(၁)
ဗာရာဏသီဆိုတာကို မိဂဒါဝုန်တောနဲ့တွဲပြီးသိလေ့ရှိပါတယ်။ ဗုဒ္ဓအရှင် ပဉ္စ၀ဂ္ဂီငါးဦးတို့ကို ဓမ္မစကြာ တရားဦး ဟောရာအဖြစ် မြတ်နိုးတသ အနုဿတိပွားကြတာပါ။ ဘုရားရှင်ကိုယ်တော်တိုင် နောက်ဆုံးထွက်သက် တော်နီးကပ်လာချိန်မှာ ရှင်အာနန္ဒာကို မှာကြားခဲ့တဲ့ သံဝေဇနိယလေးဌာန အပါအ၀င်၊ နေရာမြတ်တစ်ခုလည်း ဖြစ်ပါတယ်။ ပြောရရင်တော့ ရတနာသုံးပါးမှာ သံဃာရတနာမွေးဖွားရာပါပဲ။ လုမ္ဗိနီကို ဘုရားရတနာ မွေးဖွားရာ(The Birth place of the Buddha) သစ္စာလေးပါးသိမြင်ရာ ဗုဒ္ဓဂယာကိုတော့ တရားရတနာ မွေးဖွားရာ(The Birth place of Dhamma)တဲ့။

ဒီတော့ ဗုဒ္ဓအရှင်ရဲ့ မဇ္ဈိမပဋိပဒါအကျင့်မြတ်ကို နှစ်ခြိုက်လက်ခံပြီး သာသနာတော်တွင်း ၀င်ရောက်လိုတဲ့ ပဉ္စ၀ဂ္ဂီ ငါးဦးတို့ကို “ဧဟိ ဘိက္ခု” ခေါ်ပြီး ရဟန်းအဖြစ်အသိအမှတ်ပြုတော်မူတဲ့ မိဂဒါဝုန်ဟာလည်း သံဃာရတနာ မွေးဖွားရာ(The Birth place of Samgha) မြင့်မြတ်တဲ့ သဘာဝသိမ်တော်ဖြစ်ပါတယ်။


ဆောင်းချမ်းမြမြ ဒီလိုဒီဇင်ဘာလမျိုးမှာ ရွှေပြည်ကြီးအပါအ၀င် ကမ္ဘာနဲ့အ၀ှမ်းက ဗုဒ္ဓဘာသာတွေဟာ သံဝေဇနိယလမ်းမှာ သကျမုနိဘုရားမြတ်ရဲ့ ခြေရာတော်နောက်ကို သစ္စာအငွေ့ ပြန်ကောက်ကြတာပါ။ ဗုဒ္ဓ ကျောင်းတော်ရာတွေမှာ ဘုရားဖူးတွေရဲ့ ပုံသဏ္ဍာန်အမျိုးမျိုးဝတ်ပြုဟန်နဲ့ စည်းဝါးနရီအမျိုးမျိုး တရားဓမ္မ ရွတ်ဖတ်သံတွေနဲ့ စည်စည်ဝေေ၀ရှိနေပါတော့တယ်။

သူကိုယ်တိုင်လည်း သံဝေဇနိယလမ်းအတိုင်း သုံးကြိမ်တိတိလျှောက်ခဲ့ပြီးပြီ။ သူငှါးနေတဲ့ အိမ်လေးက မိဂဒါဝုန် တံတိုင်းနားမှာဆိုတော့ နေ့စဉ်ဓမ္မတေးတွေကိုလည်း အနီးကပ်ကြားနာခွင့်ရခဲ့ပြီ။ တစ်ခါတစ်ရံမှာတော့ သီးခြား ရောက်လာတတ်တဲ့ ဘုရားဖူးတစ်ဦးစနှစ်ဦးစကိုလည်း အမြိုက်လမ်းညွှန်အဖြစ် မိဂဒါဝုန်ထဲ အတူလျှောက်ကာ တစ်ရံရောအခါဆီက ၀ါဆိုလပြည့်တစ်ညဆီ ရောက်အောင်ပို့ဖြစ်ခဲ့ပါတယ်။

(၂)

ညက အေးမြ
လက ရွှန်းပလို့။
ရွှေသမင်လေးတွေက မြူးတူခုန်ပေါက်လို့၊
ဗုဒ္ဓအရှင်ကို မယုံမရဲဖြစ်နေကြတဲ့ ဆာဒူးကြီးငါးဦး။
ဗုဒ္ဓက တရားစက်ကို လည်စေတယ်။
ဓမ္မစကြာ.....။
အစွန်းတရားနှစ်ပါးကို ရှောင်ကြလော့......။
ရာစုအဆက်ဆက်လက်ခံထားတဲ့
ဒဿနများကို အမြစ်ကလှန်ပစ်ကြ။
ပဋိပဒါ အကျင့်မှန်ပါမှ ပန်းတိုင်မှန်ပေလိမ့်။
တရားအစစ်ဆိုတာ အရှုပ်ထွေးဆုံးထဲက ရုန်းထွက်ရမြဲ။
နွံထဲက ကြာပွင့်ရမြဲ။

(၃)

မိဂဒါဝုန်က အထွက်မှာတော့ သူ့အနေနဲ့ မဖြစ်မနေရှင်းပြရတာက ဂျိန်းဘုရားအကြောင်းပါပဲ။ အနတ္တလက္ခ ဏသုတ်ဟောတော်မူရာ ဓမ္မေခစေတီတော်ကြီးနဲ့အပြိုင် ဂျိန်းဘုရားကျောင်းတစ်ခုနဲ့ ဂျိန်းဘုရားရုပ်တုကြီးကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ဖူးတွေ့လိုက်ကြရတာကိုး။

ဂျိန်းဘုရားကျောင်းတွေက ဗုဒ္ဓဘုရားကျောင်းတွေရှိတဲ့နေရာတိုင်းမှာ အပြိုင်ဆောက်လေ့ရှိပါတယ်။ အကုန်လုံးက ဆင်တူရိုးမှားတွေလည်း လုပ်လေ့ရှိတာမို့ ရုပ်တုမြင်တိုင်း ဦးချချင်တဲ့ အမျိုးတွေကို ဆွဲဆွဲ ထားရပါသေးတယ်။ ဟုတ်ပ သူရို့ကိုယ်တော်ကြီးကလည်း ဗုဒ္ဓနဲ့မတူတူအောင်ကို ထုဆစ်ထားတာကလား။ အဲ သင်္ကန်းမပါတာက လွဲလို့ပေါ့လေ...။

ဂျိန်းဆိုတာက ပါဠိဘာသာဇိန(Jina)ဆိုတဲ့စကားလုံးက ဆင်းသက်တာပါ။ နိုင်ငံတကာအသံနဲ့ဖတ်တော့ ဂျိန-ဂျိန်းလို့ဖြစ်သွားတာပါ။ အောင်နိုင်သူကြီးရယ်လို့ အဓိပ္ပါယ်ရပါတယ်။ သူက ဗုဒ္ဓနဲ့ခေတ်ပြိုင်ဖြစ်သလို ခတ္တိယအမျိုးအနွယ်ချင်းလည်းတူ တောထွက်တာလည်း တူပါတယ်။ ဗုဒ္ဓက ကပိလ၀တ္ထုက သကျခတ္တိယဖြစ်ပြီး ဂျိန်းကိုယ်တော်ကြီးကတော့ ဝေသာလီက နာဋခတ္တိယမျိုးပါ။ ဗုဒ္ဓအရှင်က ဇနီးနဲ့သားကို စွန့်ခဲ့သလို ဂျိန်း ကိုယ်တော်ကြီးကလည်း ဇနီးနဲ့သမီးကို စွန့်ခဲ့တယ်လို့ ဆိုပါတယ်။ တောထွက်တာချင်းတူပေမယ့် တရား သိပုံချင်း တော့  ကွဲသွားခဲ့ပါတယ်။

အင်း လွဲသွားတာပေါ့လေ။ ကိုယ်ပေါ်က အ၀တ်ကိုပါ ချွတ်ပစ်လိုက်တော့ပါ။
ပိဋကတ်စာပေမှာတော့ နိဂဏ္ဍနာဋပုတ္တလို့ မှတ်တမ်းရှိပါတယ်။ တိတ္တိဆရာကြီးခြောက်ဦးထဲက ထင်ရှားသူတစ်ယောက်ပါ။

နှစ်ဆယ့်တစ်ရာစုဆိုတာ ဘယ်အရေးအရာပဲဖြစ်ဖြစ် ပွင့်လင်းရာသီမို့ ဗုဒ္ဓဘာသာနဲ့ ဂျိန်းဘာသာတို့ရဲ့ ဗဟိဒ္ဓ ကွဲလွဲချက်အချို့ကို မျှဝေပေးလိုက်ပါတယ်။

အနှစ်သာရပိုင်းကွဲပြားမှုများကိုတော့ အချိန်ရတဲ့အခါ မျှော်ကြ ပေရော...။
အောက်ဖော်ပြပါပုံများအတွက် ဓမ္မဂင်္ဂါအား နားလည်ကြစေခလို...။


မိဂဒါဝုန်မှ အနတ္တလက္ခဏဒေသနာဟောကြားရာဓမ္မေခစေတီ(၀ဲ)နှင့် ဂျိန်းဘုရားကျောင်း(ယာ)


မိဂဒါဝုန်ပြတိုက်အတွင်းမှ ဗုဒ္ဓဆင်းတုတော်


ဗုဒ္ဓဘာသာအထိမ်းအမှတ်ဓမ္မစကြာတံဆိပ်


ဗုဒ္ဓဘာသာရဟန်းတော်များ





ဂျိန်းဘုရားရုပ်ပွားများ







ဂျိန်းဘာသာ၏ သင်္ကေတစကြာတံဆိပ်



ဂျိန်းဘုန်းကြီး




No comments: