(၁)
ရွှေပြည်ကြီးကို ရွက်လွှင့်သွားတဲ့ မိတ်ဆွေအချို့ဒီဇင်ဘာလ(၁၉) ရက်နေ့မှာ ဗာရာဏသီကိုပြန်လည် ဆိုက်ကပ် လာခဲ့ကြပြန်ပါတယ်။ပါရဂူကျမ်းပြုများဖြစ်တဲ့ အရှင်ဣန္ဒ၀ံသ(ခရမ်း) အရှင်သုစိတ္တ(တပ်ကုန်း)နဲ့ အရှင်ဧသိက ဇောတိ(ရေစကြို)တို့ပါ။ သူတို့နဲ့အတူ ရွှေပြည်ကြီးရဲ့သဒ္ဓါတရားအထုပ်အပိုးတွေလည်းပါလာကြလေသပေါ့။ ငါးခြောက်ငါးခြမ်းလေးတွေ လက်ဘက်ထုပ်တွေ မုန့်ဟင်းခါးခြောက်ဆိုသဟာ မျိုးလေးတွေ ပါပဲ။
သူက ပါလာတဲ့စားစရာအထုပ်တွေအဖွင့်ကို စောင့်နေချိန်မှာ အရှင်သုစိတ္တ(တပ်ကုန်း)က ရှားပါးအာဟာ ရတစ်ခုကို ဆွဲထုတ်လိုက်ပါတယ်။ စာအုပ်တွေထွက်ကျလာတာပါ ။စာရေးဆရာအစုံ စာအုပ်အစုံပါပဲ။ အဲဒီတော့ သူကလည်း ရေသည်ပြဇာတ်ထဲကလို စာအုပ်တွေလည်း ယူမယ်၊ ငါးခြောက်ငါးခြမ်းထုပ်တွေလည်း ဆွဲမယ်လုပ် တော့တာပါ။ဗန်းမော်တင်အောင်ရဲ့ ဒေါက်တာရေချမ်းနဲ့ မြကေတုရဲ့ နှောင်းခေတ်တက္ကသိုလ်မှတ်တမ်းများ စာအုပ်တွေကို အကျွမ်းတ၀င်ယူခြင်း(၀ိဿာသဂ္ဂါဟ)နဲ့ စာအုပ်ပိုင်ရှင်ရှေ့မှာပဲ မြင်သာထင်သာ ဆွဲထား လိုက်ပါတယ်။ အဟမ်း အဟမ်း နှစ်အုပ်ဆိုတော့ များသပေါ့ ငါ့ရှင်။ ဒီလိုဆိုလည်း ဒေါက်တာရေချမ်းကို သင်တန်းနားရက်မှပဲ ဖတ်တော့ မယ်။ ဒုတိယစာအုပ်ကိုတော့ အမိအရ ဆွဲလာခဲ့တော့တယ်။
ဆရာကြီးမြကေတု(မြန်မာစာပါမောက္ခဦးချမ်းမြ)ရဲ့ နှောင်းခေတ်ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်တဲ့ အတွေ့ အကြုံများ၊ ဆက်နွှယ်ရာ အကြောင်းတရားများကို အားလပ်ချိန်တွေမှာ အပိုင်းပိုင်းဖတ်ဖြစ်ခဲ့ပါရဲ့။ရွြှေုပည်ကြီးရဲ့ ခေတ်ဦးတက္ကသိုလ်ကျောင်းတော်သားကြီးတစ်ဦးရဲ့ စာပေလက်ရာမှာ ကဗျာအလင်္ကာ၊ ဟာသလေပြေတွေနဲ့ ဖတ်မငြီးအောင် ရေးထားတာတွေ့ရပါတယ်။ ဒီလိုနဲ့ လွန်ခဲ့တဲ့ညကလည်း အိပ်ရာဝင်ချိန် နောက်ကျခဲ့ ရပြန်ပါတယ်။
ဖတ်ကွာ မလိမ္မာမချင်းဖတ်။ အဲ လိမ္မာလည်း ပြည့်ဝအောင်ဆက်ဖတ်။ အသက်ခြောက်ဆယ်ကျော်လို့မှ မလိမ္မာတော့ဘူးဆိုရင်တော့ဘယ်စာအုပ်ဖတ်ဖတ်မလိမ္မာတော့ဘူးဆိုပဲ။ တော်တော်နောက်တဲ့ဒဿနဆရာ။
လောကီနယ်ကိုညွှန်းတာဖြစ်မှာပါ။ လောကုတ္တရာနယ်မှာတော့ အရိယာမဖြစ်သရွေ့ လူလိမ္မာမဖြစ်သေးပါဘူး။
(၂)
ဆရာကြီးမြကေတုဆိုတာ ရန်ကုန်တက္ကသိုလ်ခေတ်ဦးကို သိမီလိုက်တဲ့ ပုဂ္ဂိုလ်ကြီးပါ။ ပါမောက္ခဦးဖေမောင်တင်၊ ပါဠိဆရာကြီးဒေါက်တာလင်း၊မြန်မာစာဆရာကြီးဦးပွားတို့ရဲ့ လက်ရင်းတပည့်လည်း ဖြစ်ပါတယ်။ မြန်မာစာ ပါမောက္ခ ဦးချမ်းမြအဖြစ်လည်း ပညာတံခွန်တလူလူလွင့်ခဲ့ပါတယ်။ ဆရာကြီးရဲ့ အခု စာအုပ်မှာ ဆောင်းပါးပေါင်း ၃၄ ပုဒ်ပါဝင်ပါတယ်။ ဆောင်းပါးတိုင်းမှာ အလှကိုယ်စီရှိနေကြတာပါပဲ။ လင်းပနေကြတာပါပဲ။ ဒါပေမယ့် သူက ဘာသာရေးနယ်နိမိတ်ထဲကမို့“ဘာသာခြားတစ်ဦး၏မဂ္ဂင်ရှစ်ပါးတရား” ဆိုတဲ့ ခေါင်းစဉ်ဆီ ညွတ်သွားရပါတယ်။
ဆရာကြီးမြကေတုက ဆောင်းပါးကို ဒီလိုနိဒါန်ပျိုးပါတယ်။
“ ကမ္ဘာစစ်ကြီးပြီးဆုံးပြီးဆုံးခဲ့၍ တိုင်းပြည်ငြိမ်သက် အေးချမ်းစပြုလာသည်နှင့်တစ်ပြိုင်နက် ရန်ကုန် တက္ကသိုလ်မှာလည်း ၁၃၄၆ ခုနှစ်အချိန်အခါက စပြီး အခက်အခဲတွေ အမျိုးမျိုးကြားမှ ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၅၁ ခုနှစ် ဒီဇင်ဘာလတွင် ကျွန်တော်သည် မန္တလေးတက္ကသိုလ်သို့ ရောက်ပြီးမြန်မာစာဌာနမှူးအဖြစ် ရှိနေပါသည်။ ထိုအချိန်အခါအထိ ကျွန်တော်၏ ဆရာကြီး ဦးဖေမောင်တင်ကို ကျွန်တော်မတွေ့ရှိရသေးပါ။
ဆရာကြီးသည် စစ်ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် အမေရိကန်၊ ရှိကာဂိုတက္ကသိုလ် တွင်ဧည့်သည်ပါမောက္ခ အဖြစ် ဖိတ်ခေါ်ခန့်ထားခြင်းကို ခံရပြီး ဗုဒ္ဓစာပေများကို ပို့ချနေသည်ဟု သိရပါသည်။ ဆရာကြီးသည် ၀ိသုဒ္ဓိမဂ်၊ပဋိစ္စသမုပ္ပါဒ်၊ဓမ္မစကြာကျမ်းများကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ခြင်းကြောင့် အမေရိကန်တက္ကသိုလ် များက အလွန်လေးစားကြပါသည်။အမေရိကန်တွင် ၂ နှစ်ခန့် ဗုဒ္ဓကျမ်းစာများကို ပို့ချရင်း ပြည်နယ်အရပ်ရပ်က ဖိတ်ကြားသဖြင့် ဗုဒ္ဓဘာသာတရားများကို ဟောပြောခဲ့ရသည်ဟု သိရပါသည်။
ဤသို့ဟောပြောရှင်းလင်းပြသဖြင့် အချို့သော အမေရိကန်နိုင်ငံသားများသည်ပင် ဗုဒ္ဓဘာသာတရားကို ကိုင်းရှိုင်းပြီး ဗုဒ္ဓဘာသာဝင်များအဖြစ် ကူးပြောင်းလာကြကြောင်းကိုလည်း ဆရာကြီးပြောပြသဖြင့် သိရှိရပါသည်။ သို့သော် ဆရာကြီးကိုယ်တိုင်ကမူ ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး ဗုဒ္ဓဘာသာတရားကို လေးစားသော်လည်း ကိုးကွယ်သည့်ဘာသာမှာ ခရစ်ယာန်ဘာသာပင်ဖြစ်ပါသည်။”
(၃)
ဆရာကြီးဦးဖေမောင်တင်ဆိုတာ ရွှေပြည်ကြီးရဲ့ မြန်မာစာပေ၊ပါဠိစာပေသမိုင်းကမ္ဗည်းမှာ ထီးထီးမားမားကြီးကို ရှိနေခဲ့တာပါ။ဂရိတ်ဗြိတိန်က လန်ဒန်ပါဠိစာတော်မူအသင်းကြီးဟာ ဆရာကြီးရဲ့ ပညာရိပ်ကို ခိုပြီး အဘိဓမ္မာ အင်္ဂလိပ်ဘာသာပြန်ကျမ်းဂန်အချို့ကို ထုတ်ဝေခဲ့ပါတယ်။ ဗုဒ္ဓအရှင်ရဲ့အဦးအစအဘိဓမ္မာကျမ်းစာ ဖြစ်တဲ့ ဓမ္မသင်္ဂဏီကျမ်းရဲ့အဖွင့် အဋ္ဌသာလိနီအဋ္ဌကထာနဲ့ ကမ္မဋ္ဌာန်းဆရာမြတ်အဆူဆူတို့ရဲ့လက်စွဲဖြစ်တဲ့ ၀ိသုဒ္ဓိမဂ် ကျမ်းကြီးတွေပါပဲ။ ဆရာကြီးဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ပထမဦးဆုံးမြန်မာအမျိုးသားကျောင်းအုပ်ကြီးဖြစ်ခဲ့သလို ခေတ်သစ်မြန်မာစာပေရဲ့ ရှေ့ဆောင်ပုဂ္ဂိုလ်(Pioneer)ကြီးလည်းဖြစ်ခဲ့ပါတယ်။ ဆရာကြီးနဲ့ပတ်သက်ရင် ပြောစရာတွေအများကြီးရှိသလို ပြောမကုန်နိုင်တဲ့ ဂုဏ်တွေနဲ့လည်း ဆရာကြီးက လင်းလင်းချင်းချင်းရှိခဲ့တာပါ။ ဆရာကြီးရဲ့ အတ္ထုပ္ပတ်အပြည့်အစုံကိုတော့ မလေးလုံပြုစုတဲ့ “ဖေမောင်တင်(သို့မဟုတ်) ဘသက်ရှည်”ဆိုတဲ့ စာအုပ်ကိုသာ ဆက်ဖတ်ကြဖို့ပါ။
ဒီမှာပြောချင်တာက ဆရာကြီးမြကေတု ပြောတဲ့ ခရစ်ယာန်ဘာသာဝင်ဘသက်ရှည်ကြီးရဲ့ ဗုဒ္ဓသာသနာပြုပုံ လေးပါ။ ၁၉၆၉ ခုနှစ်ဆီက နေ့တစ်နေ့မှာတော့ တပည့်ဖြစ်သူမြကေတုဆီကို ဘသက်ရှည်ဆီက ကြေနန်းစာတစ်စောင်ရောက်လာခဲ့ပါတယ်။ နောက်တစ်နေ့ မန္တလေးလေဆိပ်မှာ လာကြိုဖို့ပါ။ မြကေတုက စာရေးဆရာကြီးလူထုဦးလှနဲ့အတူ လေယာဉ်ကွင်းမှာ သွားကြိုခဲ့ပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ ဆရာတပည့်တွေ ပျော်လို့ပြုံးလို့။ ဘသက်ရှည်ကလည်း ၀လို့ ဖြိုးလို့ ကျန်းမာလို့ပါပဲ။
ဆရာကြီးလာရင်းအကြောင်းက မန္တလေးမြို့မှာ ကျင်းပမယ့် မြန်မာပြည်လုံးဆိုင်ရာခရစ်ယာန်ဘာသာဝင်များ ကွန်ဖရင့်မှာ တရားဟောဖို့ဖြစ်ပါတယ်။ ဖြစ်ချင်တော့ ဆရာကြီးဘသက်ရှည်က ရောက်ရောက်ချင်းဆိုသလို တပည့်တွေကို သူဟောမယ့်တရားပွဲကို မန္တလေးက ဓမ္မမိတ်ဆွေတွေ လာနာအောင် ဖိတ်ကြားပေးဖို့ တိုက်တွန်းခဲ့တာပါ။ခရစ်ယာန်ကွန်ဖရင့်မှာ ခရစ်ယာန်အရင့်အမာကြီးဟောမယ့်တရားက ဗုဒ္ဓတရားတော် ဆိုတော့ မြကေတုနဲ့ လူထုဦးလှတို့တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ဖြစ်ခဲ့ကြပါသတဲ့။
ဆရာကြီးဘသက်ရှည်က တပည့်ဖြစ်သူမြကေတုကို ပြောတဲ့စကားလေးလည်း နားထောင်ကြည့်ပါဦး။
“ဟေ့ ချမ်းမြ၊ ငါဟာ အခု အသက်(၈၀) ရှိနေပြီကွဲ့။ မန္တလေးကို လာတာဟာ ဒီတစ်ခါနောက်ဆုံးပဲလား မသိဘူးကွယ့်။ မင်းဆရာကတော်ကလည်း ပြောတယ်ကွာ၊ငါအသက်(၈၀)ကျော်ရင် ဘယ်ကိုမှ သွားခွင့်မပေး တော့ဘူးတဲ့။နောက်ဆုံးလာရတဲ့အခါဖြစ်လို့ ငါတော့ ဒီတစ်ခါ ဗုဒ္ဓဘာသာတရားကို ဟောတော့ ဟောချင်နေ တယ်ကွာ၊ငါအမေရိကန်မှာ ဟောခဲ့တဲ့ တရားအဆီအနှစ်တွေပါကွယ်၊မင်းတို့လည်း ငါ့တရားကို နာကြည့်ကြ စမ်းပါဦး”တဲ့။ အော် ရခဲပေစွ။ ကောင်းပေစွ။
(၄)
မန္တလေးမြို့ ကယ်လီဘုရားရှိခိုးကျောင်းကြီးမှာ ကျင်းပတဲ့ ခရစ်ယာန်ကွန်ဖရင့်မှာ ဆရာကြီးဘသက်ရှည်က ဗုဒ္ဓတရားတော်ကို တကယ်ဟောခဲ့သလို တပည့်ဖြစ်သူ မြကေတုနဲ့ လူထုဦးလှတို့ကလည်း သူတို့ ဆရာကြီးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ကြပါတယ်။ ဗုဒ္ဓဘာသာဓမ္မမိတ်ဆွေတွေ ဆရာကြီးရဲ့ တရားနာဖို့ တက်ကြွအားသစ်ခဲ့ကြပါတယ်။ ခရစ်ယာန်ဓမ္မမိတ်ဆွေတွေကတော့ ကယ်လီဘုရားရှိခိုးကျောင်းကြီး လျှံထွက် အောင် တက်ရောက်နာယူခဲ့ကြပါသတဲ့။တရားပွဲကို မေတ္တာပို့ဆုတောင်းခြင်း ၊ဓမ္မတေးသီဆိုခြင်းစတဲ့ ခရစ်ယာန် ဓမ္မဓလေ့ထုံးတမ်းစဉ်လာများနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဆရာကြီးဘသက်ရှည် တရားဟောခဲ့ပါတယ်။
တရားပွဲမြင်ကွင်းကို ဘသက်ရှည်ရဲ့အန္တေ၀ါသိကတပည့်ကြီးမြကေတုက ဒီလိုမှတ်တမ်းတင်ခဲ့ပါတယ်။
“ဆရာကြီးဦးဖေမောင်တင်အား အတွင်းရေးမှူးက ဘာသာတရားကို ဟောကြားပါမည့်အကြောင်း ဖိတ်ခေါ် လိုက်ပါသည်။ဆရာကြီးဦးဖေမောင်တင်သည် နေရာမှထကာ တရားဟောစင်မြင့်ရှိရာသို့ လေးတွဲ့သော ခြေလှမ်းများဖြင့်တက်လာပါသည်။ဘုရားရှိခိုးကျောင်းတစ်ဆောင်လုံးမှာလည်း အပ်ကျလျှင် ကြားရမလောက်ပင် ငြိမ်သက်လျက်ရှိနေပါသည်။ တရားနာသူအပေါင်းတို့သည်ကား ကြွလာသောဆရာကြီး၏ မျက်နှာကို ကြည့်ကြလျက် လေးစားကြည်ညိုနေကြဟန်တူပါသည်။ ကျွန်တော်၏ စိတ်၌ကား ဆရာကြီးကို လက်ယှက်ရှိခိုးမိရလောက်အောင် ကြည်ညိုနေမိပါတော့သည်။ “သာယာဝတီမြို့က ငါ့အဖိုးဟာ ဗမာမင်းများလက်ထက်မှာသာသနာပိုင်တစ်ဦးဖြစ်တယ်တဲ့ကွယ့်” ဟူသော ကျွန်တော့အား ဆရာကြီးကိုယ်တိုင် ပြောခဲ့ဖူးသော စကားကို ကြားယောင်နေမိပါသည်။လေးဆေးသော ဣနြေ္ဒဖြင့် ဆရာကြီးသည် တရားဟော ကုလားထိုင်တွင် ထိုင်လိုက်ပါသည်။ ထို့နောက် ဆရာကြီးထံမှ တည်ငြိမ်လေးနက်သော အသံထွက် ပေါ်လာပါသည်။”
(၅)
ဘသက်ရှည်ဆရာကြီးဦးဖေမောင်တင်ဟောကြားတဲ့ ဗုဒ္ဓဘာသာတရားဓမ္မအပြည့်အစုံကို ဖော်ပြလိုက်ပါတယ်။
“ကြွရောက်လာသော ဓမ္မမိတ်ဆွေအပေါင်းတို့ ကျွန်တော့်အား အသက်အရွယ်ကို ထောက်ထား၍ တရားကို ထိုင်ပြီးဟောရသည်ကို ခွင့်လွှတ်စေချင်ပါတယ်။ တရားကို မရိုသေလို့တော့ မဟုတ်ပါဘူး၊ လောကမှာ တရားဆိုတာဟာ ခရစ်ယာန်ဘာသာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် မဟာမေဒင်ဘာသာပဲဖြစ်ဖြစ် ပုဂ္ဂိုလ်ခင်မှ တရားမင်ကြတာပါ။ ”
“ဘာသာတရားဆိုတာဟာ ကိုယ့်ဘာသာတရားတစ်ခုတည်းကိုသာ ကျင့်ကြံအားထုတ် စိတ်ဝင်စားနေဖို့ မကောင်းပါဘူး၊တစ်ခြားဘာသာတွေကိုလည်း ကျင့်ကြံလိုက်စားပြီး ဆင်ခြင်နိုင်ရမယ်။ နှိုင်းယှဉ်ကြည့်နိုင်ရမယ်။ ဒါမှသာ ကိုယ့်ဘာသာတရားဆိုတာ ဘယ်လို၊သူများဘာသာတရားရဲ့ အယူအဆက ဘယ်လို ခွဲခွဲခြားသိနိုင်ကြမှာဖြစ်တယ်။ သူတစ်ပါး၏ ဘာသာတရားကို လိုက်စားကျင့်ကြံကြည့်မယ်ဆိုလျှင်လည်း တို့ကန်း ဆိတ်ကန်းအပေါ်ယံကြောနဲ့ ကျင့်ကြံသုံးသပ်ကြည့်လို့ဖြင့် အနှစ်သာရကို မမြင်မတွေ့နိုင်ကြပါဘူး။”
“ဗုဒ္ဓဘာသာတရားရဲ့ အဆီအနှစ်ကို သုံးသပ်ကြည့်ချင်ရင် ဗုဒ္ဓဘာသာတရားကို နီးနီးကပ်ကပ် လေ့လာကြည့်နိုင်မှသာ မြင်နိုင်မှာပါ။ ဗုဒ္ဓဘာသာတရားဟာ သိမ်မွေ့တယ်။ နုညံ့တယ်၊ လွန်စွာ အနှစ်သာရရှိတယ်ဆိုတာကို သိရလျှင် ဘာကြောင့်သိမ်မွေ့ရတယ်၊ နူးညံ့ရတယ်ဆိုတာကို လေ့လာကြည့်ဖို့ လိုပါတယ်။ ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးများနဲ့လည်း နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံပေါင်းသင်းပြီး သူတို့ရဲ့ တရားကို စူးစမ်းရှာဖွေ ကြည့်ကြရပါမယ်။”
“ဘုန်းကြီးကို မကြည်ညိုလို့ အနားမကပ်ချင်ဘူး၊အနားကပ်ပြန်တော့လည်း ရှိခိုးနေရဦးမလား၊ ဘုန်းကြီးနဲ့ စကားပြောရမှာကလည်း ခက်တယ်၊ခရစ်ယာန်တစ်ယောက်က ဗုဒ္ဓဘာသာတစ်ယောက်နဲ့ ဆက်ဆံနေတာကို တွေ့ကြရင်လည်း အထင်သေးခံရမယ်။ဒါတွေကြောင့် ငါဟာရှောင်ကြဉ်မှ ဖြစ်မယ်လို့ ကိုယ့်ကိုယ်ကို ဟိတ်ကြီးဟန်ကြီးနဲ့ လုပ်နေရင်ဖြင့် ဘယ်တော့မှ ဗုဒ္ဓဘာသာတရားရဲ့ သိမ်မွေ့ပုံ၊ နူးညံ့ပုံတွေကို သိကြရမှာ မဟုတ်ဘူး။ ကိုယ့်ဘာသာတရားတစ်ခုတည်းကိုသာ ခင်မင်တွယ်တာမက်မောနေတော့မှာပဲ ဖြစ်ပါတယ်။ သည်တော့ ဘာသာတရားကို နှိုင်းယှဉ်လေ့လာနိုင်ရမယ့် အခွင့်အရေး တွေဟာ ဆုံးရှုံး၍သာ နေကြရမှာပဲ ဖြစ်ပါတယ်။ဒါကြောင့် ဗုဒ္ဓဘာသာတရားကိုလည်း နီးနီးကပ်ကပ်လေ့လာကြည့်ပါ။ နီးနီးကပ်ကပ်လည်း ဆက်ဆံကြည့်ပါ။”
“ဘုရားသခင်က ငါမှတစ်ပါး တစ်ခြားသူကို ရှိမခိုးရ၊မဆည်းကပ်ရလို့ ဟောကြားထားသော်လည်း တကယ်စင်စစ်ဆိုရင် စိတ်ဖြင့် ခံယူချက်ကသာ အရေးကြီးပါတယ်။ဥပမာဆိုရင် မိဘ၊ မိဘဆိုတဲ့ ဂုဏ်ကျေးဇူးဟာ အလွန်ကြီးလှပါတယ်။ ဒါဖြင့် မိဘကို ရှိခိုးလျှင်ကော အပြစ်ရှိပါသလား၊ ဒါကတော့ လူတိုင်း ခံယူချက်တစ်မျိုးစီ ရှိနေကြမှာပါ။”
“လူဆိုတာ ဒုက္ခများတယ်၊ ဆင်းရဲတယ်၊ ပူပင်တယ်၊ လောဘ ဒေါသ မောဟတွေက များတယ်၊ လူ့ဘုံကြီးဟာ ကျဉ်းမြောင်းလှတယ်၊ ဆင်းရဲရှိရင် ယင်းဆင်းရဲမှ ကင်းသော နိဗ္ဗာန်ဆိုတာ ရှိရမယ်လို့ ဗုဒ္ဓဘာသာတရားက ယူဆတယ်၊ လူ့ဘုံသာ မဟုတ်သေး၊ နတ်ဖြစ်လည်း ဆင်းရဲဒုက္ခမကင်းသေးဘူး၊ ဗြဟ္မာဖြစ်လည်း ဆင်းရဲဒုက္ခမကင်းသေးဘူး၊ ဒါတွေကြောင့် ဘ၀ဆိုတဲ့ သံသရာမှာ လူဖြစ်လိုက်၊ နတ်ဖြစ်လိုက်၊ ဗြဟ္မာဖြစ်လိုက်၊ ငရဲကျလိုက်၊ တိရိစ္ဆာန်ဖြစ်လိုက်၊အသူရကာယ်ဘုံသွားလိုက်နဲ့ တပြောင်းပြန်ပြန် စုန်ဆန်သွားလာနေကြရတဲ့ (၃၁)ဘုံမှာ ကျင်လည်နေရတယ်လို့ ဗုဒ္ဓဘာသာက ဆိုတယ်။ ကောင်းကင်ဘုံဆိုတာ လူတိုင်းမရောက်နိုင်ပေဘူး၊ ဒီ(၃၁)ဘုံဆိုတာဟာ ဘာနဲ့အလားတူသလဲဆိုတော့ အနောက်နိုင်ငံတွေမှာ တွေ့နေရတဲ့ အထပ်ပေါင်း များစွာရှိတဲ့ မိုးမျှော်တိုက်ကြီးတွေနဲ့တူတယ်။ အဲဒီ (၃၁)ထပ်ရှိတဲ့ တိုက်ကြီးတစ်ခုဆိုကြပါစို့။”
“အဲဒီမှာလူတွေဟာကိုယ့်အကြောင်းနဲ့ကိုယ်၊ဆင်းတဲ့သူက ဆင်း၊ တက်တဲသူက တက်နဲ့၊ကိုယ့်အကြောင်းနဲ့ ကိုယ်ပဲ အလုပ်များနေကြတယ်ဆိုပါတော့၊ ဆင်းလိုက်ကြ တက်လိုက်ကြဆိုတာကလည်း အဲဒီ(Elevator)ဆိုတဲ့ ခလုပ်ကို နှိပ်လိုက်ရင် ဆင်းတဲ့သူအတွက်က ဆင်း၊ တက်တဲ့သူအတွက်က တက်နဲ့ အထက်ပို့ အောက်ပို့လုပ်ပေးနေတဲ့ ဓါတ်လှေကားကြီးတွေက အဆင်သင့်ရှိနေကြတယ်၊ (၃၁)ဘုံသားတွေဆိုတာက ဒီလိုပါပဲ။ ဘ၀တွေများစွာ ဆင်းလိုက်ကြ၊တက်လိုက်ကြနဲ့ ခြေရာတွေကတော့ ထပ်လောက်အောင် များစွာ ကျန်နေပြီပဲ၊”
“ဒါပေမယ့် သတိမထားမိတဲ့ လူတွေအတွက်ကတော့ အဲဒီ(၃၁)ဘုံကနေ အပြင်ကို ထွက်လို့ရမယ့် သည့်ထက်သာယာအသက်ရှူချောင်မယ့် ထွက်ပေါက်ကို မမြင်နိုင်ကြလေဘူး၊လူ့ဘုံ နတ်ဘုံ ငရဲဘုံ တိရစ္ဆာန်ဘုံတွေကိုသာ စုန်ဆန်သွားလာနေကြရတာပါပဲ။ သတိမထားကြလို့ပေါ့၊ထွက်ပေါက်ဆိုတာက ရှိနေတာပဲဟာ၊ မလွယ်ပေါက်ကလေးတွေ။ ဆိုကြပါစို့ တော်တော်တန်တန် လူဟာ ဒီထွက်ပေါက် ကလေးတွေကို မမြင်ဘူး၊ဒီထွက်ပေါက်က ထွက်ရင်ရတာပဲ၊ ဒါတွေက ဘာတုန်းဆိုတော့ မဂ္ဂင်ရှစ်ပါးဆိုတဲ့ မလွယ်ပေါက်တွေပါပဲ၊ မဂ္ဂင်ဆိုတဲ့ စကားက နိဗ္ဗာန်ကို ရှာမှီးပို့ဆောင်ပေးတတ်တဲ့ တရားရယ်လို့ခေါ်ပါတယ်။တနည်းအားဖြင့်ဆိုရင်တော့ နိဗ္ဗာန်သို့ ပို့ပေးတတ်တဲ့ နိဗ္ဗာန်ရောက်ကြောင်း တရားပါပဲ။”
“အဲဒီရှစ်ပါးကို သေသေချာချာ သိမြင်ရင်(၃၁)ဘုံက ထွက်ပေါက်ဖြစ်တဲ့ မလွယ်ပေါက်ကို တွေ့မြင်ပြီလို့မှတ်ကြရမယ်၊ အဲဒီမလွယ်ပေါက်ကမှ ထွက်ပြီး သာယာဝပြော အေးငြိမ်းလှတဲ့ နိဗ္ဗာန်ခရီးကို သွားနိုင်ကြမှာ ဖြစ်တယ်၊ အဲဒီ မဂ္ဂင်(၈)ပါး ဆိုတဲ့ မလွယ်ပေါက်(၈)ခုတွေက-
(၁)သမ္မာဒိဋ္ဌိ-မှန်ကန်စွာ ရှုမြင်တတ်ခြင်း၊မှန်ကန်စွာ ယူဆတတ်ခြင်းပါပဲ၊ကိလေသာ တဏှာ လောဘ ဒေါသ မောဟတွေက ဖုံးနေရင် မှန်ကန်စွာ မမြင်တတ်ကြဘူးတဲ့၊ အဲဒါ မှန်ကန်စွာ မြင်တတ်ကြဖို့လိုပါတယ်။
(၂)သမ္မသင်္ကပ္ပ-မှန်ကန်စွာ ကြံစည်ခြင်းတဲ့၊လောဘရမ္မက်ကိုလိုက်၍ မှန်ကန်စွာ မကြံစည်နိုင်တာတွေ၊ အတ္တကိုစွဲပြီး မှန်ကန်စွာ မကြံစည်နိုင်တာတွေကို ဖယ်ရှားပစ်ကြရမယ်။
(၃)သမ္မာဝါစာ-မှန်ကန်စွာ ပြောကြရမယ်တဲ့၊ ချစ်လို ဒီပါးစပ်၊မုန်းစေလို ဒီပါးစပ်ပါပဲ၊ မှန်ကန်တဲ့သစ္စာ ဆိုတာရှိကြရမယ်၊ မုသာဝါဒကို မသုံးဘဲ လောကမှာ မှန်တာကိုသာ ပြောကြ လုပ်ကြရမယ်လို့ ဆိုလိုတယ်။
(၄)သမ္မာကမ္မန္တ- မှန်ကန်စွာလည်း လုပ်ကိုင်ကြရမယ်တဲ့။ စီးပွားရေးမတော်လောဘစိတ်မရှိရဘူး၊ သူတစ်ပါး ပျက်စီးစေပြီး ကိုယ်တစ်ယောက်တည်း ကောင်းစားမယ့် အလုပ်ဆို ရှောင်ရမယ်တဲ့။
(၅)သမ္မာအာဇီဝ-မှန်ကန်စွာ အသက်မွေးဝမ်းကြရမယ်တဲ့။ အသက်မွေးမှုမှန်ကြရဲ့လား၊ ပရိယေသနမူလက ဒုက္ခတဲ့၊ အသက်မွေးမှုကို ရှာကြံကြရာ၌ ရှေးဦးစွာသော ဒုက္ခအရင်းအစစ်ကတော့ အသက်မွေးဝမ်းကျောင်းရတဲ့ ဒုက္ခပဲ မဟုတ်လား၊ သူများဥစ္စာကို မတော်လောဘနဲ့ လိုချင်တယ်၊ခိုးမယ်၊ တိုက်မယ်ဆိုတာတွေကို ရှောင်ကြည်ရမယ်တဲ့။
(၆)သမ္မာဝါယာမ-မှန်စွာ လုံ့လထုတ်ကြရမယ်တဲ့၊တစ်လွဲဆံပင်ကောင်းနေကြလို့မဖြစ်သေးဘူး၊ ယခု ပစ္စက္ခ အတွက် လုံ့လ၊ နောင်သံသရာအတွက် လုံ့လရယ်လို့အားထုတ်ကြရမယ်တဲ့၊
(၇)သမ္မာသတိ-မှန်ကန်စွာ အောက်မေ့တတ်ကြရမယ်တဲ့၊ သတိရှိကြရမယ်တဲ့။ သတိတမန် ဉာဏ်မြေ ကတုတ်တဲ့မဟုတ်လား၊ မမှားခင်က မိမိမှားတော့မယ်ဆိုရင် သတိဆိုတာ အရင်ပေါ်လာပါစေတဲ့၊ သတိရှိတော့ ဟိရီ၊သြတ္တပဆိုတဲ့ ရှက်ခြင်းကြောက်ခြင်းက တားမြစ်ပေးလိမ့်မယ်။
(၈)သမ္မာသမာဓိ-စိတ်အာရုံထားမှန်ကန်ရမယ်တဲ့၊ စိတ်တည်ကြည်ရမယ်၊ လူ့စိတ်ကို မျောက်စိတ်လို မမွေးကြရ ဘူးတဲ့၊ကတိတစ်လုံးကို မဖျက်ကြရဘူး၊ မဟုတ်တာကိုဖြင့် မလုပ်ရဘူး၊ ငတ်လို့သေချင် သေသွားပါစေဆိုတဲ့ စိတ်အာရုံမျိုးကို မွေးကြရမယ်။”
“အဲဒီ မလွယ်ပေါက်(၈)ပေါက်ကို တွေ့ရင်ဖြင့် (၃၁)ဘုံက ထွက်နိုင်မယ်၊ နိဗ္ဗာန်ရောက်ချင်ကြရင် အဲဒီမလွယ်ပေါက်တွေကို အပတ်တကုတ်ရှာကြရမယ်တဲ့။ အဲဒီလိုပဲ ဗုဒ္ဓဘာသာတရားက ဆိုတယ်။ဒါကြောင့် ဗုဒ္ဓဘာသာတရားဟာ သိမ်မွေ့တယ်၊ နူးညံ့တယ်၊ အဆီအနှစ်နဲ့လည်း ပြည့်စုံတယ်၊ဒီတရားတွေကို ကျုပ်တို့ ခင်ဗျားတို့ရဲ့ ခရစ်ယာန်တရားနဲ့ ဉာဏ်ယှဉ်ပြီးကြည့်နိုင်မှ မိမိတို့လိုလားတဲ့ နိဗ္ဗာန်ကို ရောက်ကြရမှာ ဖြစ်ပါတယ်။ အသင်တို့အားလုံး ကောင်းကင်ဘုံသို့ ရောက်နိုင်ကြစေသတည်း၊ ရောက်နိုင်ကြစေသော်ဝ်။”
(၆)
ဆရာကြီးဘသက်ရှည်ရဲ့ တရားအဆုံးမှာတော့ “အာမင်” ဆိုတဲ့ ကောင်းချီးအနုမောဒနာသံကြီးက ဘုရားရှိခိုးကျောင်းကြီးတစ်ခုလုံး လွှမ်းသွားခဲ့ပါသတဲ့။ ကောင်းလေစွ။ ဗုဒ္ဓဓမ္မရဲ့အနှစ်သာရပိုင်းကို ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဓမ္မမိတ်ဆွေတွေ ထင်သာမြင်သာဖြစ်အောင် ရိုးရှင်းစွာ ဟောပြခဲ့လေသမို့ သူကလည်း စာဖတ်ရင်းနဲ့ သာဓုခေါ်မိပါရဲ့။
မြကေတုကတော့ ဗုဒ္ဓဓမ္မနဲ့ပတ်သက်လာရင် ပါရဂူမြောက်ဖြစ်ခဲ့တဲ့ ဆရာကြီးရဲ့ ဘာသာရေးခံယူချက်ကို ဒီလိုရေးပြပြန်ပါတယ်။
“ဆရာကြီးနှင့် ကျွန်တော်တို့ တရားပွဲပြီးဆုံးလျှင် အိမ်သို့ပြန်လာကြပါသည်။ တစ်လမ်းလုံး ကျွန်တော်တို့ စကားမပြောခဲ့ကြ၊ ကျွန်တော့်စိတ်၌ကား တအုံ့နွေးနွေးနှင့်ရှိနေသည်။ ဆရာကြီးသည် ဗုဒ္ဓဘာသာတရားကို ကိုယ်တိုင်နားလည်ရုံမျှမက ၀ိသုဒ္ဓိမဂ်ကျမ်းကိုလည်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ဖူးသည်။ပဋိစ္စသမုပ္ပါဒ်နှင့် ဓမ္မစကြာတို့ကိုလည်း ဘာသာပြန်ဆိုခဲ့ဖူး၏၊ နိုင်ငံခြားတက္ကသိုလ်များတွင် ဗုဒ္ဓကျမ်းစာကိုလည်း ပို့ချဖူးသူဖြစ်၏။ နိုင်ငံခြားတွင် ပါဠိဘာသာ၌ ပါရဂူဖြစ်သော ပါဠိဒေ၀ီအမည်ရ ပါမောက္ခမစ္စစ် ဒေဗစ်နှင့်လည်း အကြေအလည် ဗုဒ္ဓတရားကို ဆွေးနွေးခဲ့ဖူး၏။ ဒါပေမယ့် ဆရာကြီးသည် ခရစ်ယာန်ဘာသာဝင်အရင့်အမာကြီးပေပါပဲကလား၊ ဆရာကြီးကို တစ်ခြားသူများက-“ဆရာကြီးဟာ ဗုဒ္ဓဘာသာလား၊ခရစ်ယာန်ဘာသာလား” ဟူ၌ မေးသည်ဖြစ်ငြားအံ့၊မည်သည့်အခါမှ အဖြေကို မပေး၊“ ခင်ဗျားကကော ကျုပ်ကို ဘယ်လိုထင်သလဲ” ဟူ၍ ပြန်မေးတတ်သည်။ ဆရာကြီးသည် ဗုဒ္ဓဘာသာကို လေးစားသော ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သည်ဟု ရဲရဲဆိုရအံ့ထင်သည်။”
“ဤမျှ ဗုဒ္ဓဘာသာတရားကို လေးစား၍ နားလည်သော ကျမ်းတတ်ပုဂ္ဂိုလ်ကြီးသည် အဘယ့်ကြောင့် ဗုဒ္ဓဘာသာဝင်မဖြစ်သနည်း ဟု ကျွန်တော် စဉ်းစားနေမိသည်။ဆရာကြီးသည် သေသည့်တိုင်အောင်ပင် ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့သည်။ သေသည့်တိုင်အောင်ပင် ဗုဒ္ဓဘာသာတရားကိုဖြင့် လေးစားခဲ့သူဖြစ်သည်။”
(၇)
ဆရာကြီးမြကေတုရဲ့ အခြားမှတ်ချက်ကိုတော့ မလိုအပ်လို့ မဖော်ပြတော့ပါ။
ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးကို စဉ်းစားစရာအတွေးတွေ အများကြီးပေးတဲ့ ဒီဆောင်းပါးအတွက် ဆရာကြီးမြကေတုကို ကျေးဇူးတင်မိကြောင်းသာ ဖော်ပြလိုပါတော့တယ်။

4 comments:
"ခရစ်ယာန်ကွန်ဖရင့်မှာ ခရစ်ယာန်အရင့်အမာကြီး ဟောမယ့်တရားက ဗုဒ္ဓတရားတော်" ဆိုလို့ စိတ်ဝင်စား မိခဲ့လို့ အသေအချာ ဖတ်ခဲ့ပါတယ် ဘုရား။ ဘုန်းဘုန်းရဲ့
စိတ်ရှည်စွာဖြင့် ဗုဒ္ဓသာသနာတော်ရဲ့ အရင်းအမြစ် လေးတွေမျှဝေသိခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘုရား။ တပည့်တော်မရဲ့ လင့်ခ်လေး ပြောင်းသွားပါတယ်
http://www.zonma.co.nr
ဖြစ်သင့်ပါတယ်။
သတ္တိရှိတဲ့သူတွေ ပုံနှိပ်ထုတ်ဝေသင့်ပါတယ်
Ref: Google Chat (9 hours ago)
ဦးတင်ပါတယ်ဘုရား...
May I share Bar ph yar
Post a Comment