22 January, 2010

ရဟန်းက တစ်ပန်းသာပြီးသားဆိုသော်လည်း

ဒီရက်ပိုင်းတွေမှာ သူ့ရဲ့ အီးမေးလ်စာတိုက်သေတ္တာထဲမှာ ဓမ္မဂင်္ဂါဘလော့ဂ်နဲ့ပတ်သက်ပြီး ဝေဘန်အကြံပြု စာလေးတွေ ရောက်လာတတ်ပါတယ်။ အမှန်တကယ်တော့ ရေးပို့သူအများကြီးရှိတာမဟုတ်ပါဘူး။ုဘလော့ဂါက ရဟန်းတစ်ပါးမို့ စာရေးရတာ အခက်အခဲရှိတာလည်း ဖြစ်နိုင်ပါတယ်။ ဟိုတလောကပဲ သူ့ရဲ့ ပရိုဖိုင်လေးမှာ ကိုယ်ရေးအကျဉ်းလေးတင်ထားမိတော့ ဘလော့ဂါမိတ်ဆွေ ဒကာလေးတစ်ယောက်က ရွှေရောင်စာလုံးတွေကို ရှိန်းပြီး မျက်စိကျိန်းစပ်တယ်ဆိုလို့ ဖြုတ်ပစ်လိုက်ရပါသေးတယ်။

ရင်းနှီးခင်မင်စွာ စာရေးကြသူတွေ ဝေဘန်အကြံပြုကြသူတွေကတော့ စောင့်ဖတ်နေတဲ့ စာတွေ နိဂုံးမချုပ်နိုင်သေးတာကို အများစုက ပြောကြပါတယ်။ မစိုးရိမ်အ၀ိုင်းအ၀ိုင်းက မိတ်ဆွေရဟန်းတော် အချို့ကလည်းမစိုးရိမ်အလွမ်းကို မျှော်ကြသလို သီတဂူထေရ၀ါဒတက္ကသိုလ်များညီလာခံနဲ့ နီးစပ်ခဲ့ကြသူတွေ ကလည်း သီတဂူလမ်း ဘယ်မှာ ဆုံးမလဲ စိတ်ဝင် စားကြပြန်ပါတယ်။ အထက်အညာမြို့လေးကို ဖြတ်သွားဖြတ်လာသွားဖူးသူတွေကတော့ ဒေါင်းမြူးချောင်းတေးက ဘာဖြစ်လို့ ဆိတ်သုဉ်းနေရပါလိမ့်တဲ့။ သူ့ရဲ့ဆရာတစ်ပါးကတော့ မူရင်းပိဋကတ်နိကာယ်ကျမ်းကြီးတွေကို လူငယ်တွေကြား ရောက်အောင် ရေးဖို့ တိုက်တွန်းပါသေးတယ်။ ဗုဒ္ဓအရှင်ရဲ့ စကားကို လူငယ်တွေ တိုက်ရိုက်ကြားကြစေပေါ့။

အပိုင်းအပိုင်းရေးဖြစ်တဲ့ စာတွေကိုတော့ အားရမိကြောင်းလေးတွေလည်း ကြားရပါရဲ့။ ရယ်ရတယ် လို့ဆိုသူတွေလည်း ဆိုကြလေတော့ သူက ပြုံးမိပြန်ပါတယ်။ ခပ်ညှာညှာလေးတွေးဆပြောသူတွေကတော့ ရယ်ရပေမယ့် ကျန်ပါတယ်တဲ့။ လက်ရွေးစင်ဆောင်းပါးတွေကို စုပြီး စာအုပ်လေးထုတ်နိုင်ရင်တော့ အင်တာ နက်ကမ္ဘာနဲ့ ဝေးကွာသူတွေအတွက်လည်း စဉ်းစားရာရောက်ပေမယ်တဲ့။ ဓမ္မဒါန (တန်ဖိုး ၂၀၀၀ိ )ဆိုသဟာမျိုး ထင်ပါရဲ့။

ရွှေဥဒေါင်းကြီးရဲ့ ဘ၀တစ်သက်တာအတွေးအခေါ်မှတ်တမ်းထဲက “ရဟန်းက တစ်ပန်းသာခြင်း”ဆိုတဲ့ အခန်းကို သွားသတိရမိပါသေးတယ်။ ဆရာကြီးရွှေဥဒေါင်းဆိုတာက ကိုယ့်ကိုယ့်ကို အမြဲတမ်းမြှင့်တွက်ထားလေ့ရှိပါတယ်။ ပညာဉာဏ်ကြီးသလို အတွေ့အကြုံလည်း စုံသူပါ။ ဘာသာပြန်စာပေနဲ့ အမှီးဝတ္ထုလောကမှာ Bestseller တန်းဝင်စာရေးဆရာဂုရုကြီးတစ်ဆူလည်းဖြစ်ပါတယ်။စာမူတစ်ပုဒ်ကိုတစ်ထိုင်တည်းတစ်ခါတည်းရေးလေ့ရှိပြီး
နောက်ထပ်ဖတ်ရူပြင်ဆင်စရာမလိုအောင် မြန်မာစာကို ချောက်ညက်အောင်ရေးနိုင်စွမ်းရှိတဲ့ ဆရာကြီးလည်း ဖြစ်ပါ တယ်။“ငါရေးတဲ့စာမူ တစ်ခါမှ အပယ်မခံရ”လို့လည်း လက်မထောင်လေ့ရှိသူပါ။ ပြောရရင်တော့ ဆရာကြီးဟာ စာပေနဲ့ပတ်သက်ရင် ထင်တစ်လုံးနဲ့ နေသလို ဆရာကြီးရပ်နေတဲ့နယ်မှာ ဘယ်သူ့ကိုမှလည်း ဗိုလ်တင်လေ့ရှိသူမျိုးမဟုတ်ပေဘူး။

တစ်နေ့မှာတော့ ဆရာကြီးရွှေဥဒေါင်းက ရင်းနှီးတဲ့ ဘုန်းတော်ကြီးတစ်ပါးထံ အလည်အပတ်ရောက်ခဲ့ပါသတဲ့။ စစ်ကိုင်းဘက်မှာ ထင်ပါရဲ့။ ဆရာကြီးဟာ ဘုန်းတော်ကြီးနဲ့ အောက်မေ့ဖွယ်ရာ စကားတွေပြော ဖြစ်ခဲ့ကြပါတယ်။အဲဒီမှာ ဘုန်းတော်ကြီးက ဆရာကြီးကို “ဒကာဦးဖေသိန်းတို့က နာမည်ကြီး စာရေးဆရာ ဆိုတော့ စာအုပ်တစ်ခါထုတ်ရင် ဘယ်လောက်များရောင်းရသတုန်း”လို့ မေးခွန်းတစ်ခုမေးပါသတဲ့။

ဆရာကြီးက “နှစ်ထောင်မျိုး သုံးထောင်မျိုးလောက်တော့ ရောင်းရပါတယ်ဘုရား”လို့ ဖြေတဲ့အခါ ဘုန်း တော်ကြီးက“ဘယ်လောက်ကြာအောင် ရောင်းရသတုန်း” လို့ ဆက်မေးပါသတဲ့။ ဆရာကြီးက တစ်ခါတစ်ရံ အရောင်းအေးရင် ခြောက်လတစ်နှစ်ကြာတတ်ကြောင်း လျှောက်ထားခဲ့ပါသတဲ့။ အဲဒီမှာ ဘုန်းတော်ကြီး ပြန်လည် အမိန့်ရှိတဲ့ စကားက ဆရာကြီးရွှေဥဒေါင်းရဲ့ ရင်ဘတ်ကို အောင့်သွားစေပါတယ်။ “ဘုန်းကြီးတို့များ စာအုပ်တစ်ခါ ရေးပြီး ထုတ်လိုက်ရင် ငါးထောင်မျိုးတစ်သောင်းမျိုးတော့ နေ့ချင်းညချင်းကုန်သွားတာပါပဲ”တဲ့။ နာမည်ကျော် စာရေး ဆရာကြီး ထိသွားခဲ့တာပါ။ စစ်တုရင်ဝေါဟာရဆိုရင်တော့ ဆရာကြီးက ပွန်းဖြစ်သွားတာပါ အဟမ်း အဟမ်း ဘစ်ရှော့က စားပြီပေါ့။ အကွက်ကျွံဝင်မိမှကိုး။

တစ်သက်တာအတွေးအခေါ်မှတ်တမ်းစာအုပ်ကြီးသာ အနားမှာ ရှိရင်သိပ်ကောင်းမှာပဲ။ ဆရာကြီးစကားလုံး မူရင်းအတိုင်းဖတ်ရရင် ပိုပြီး အရသာရှိမယ်။ ဆရာကြီးစိတ်ထဲမှာ ဘုန်းကြီးမို့လို့ ခံလိုက်ရတယ်လို့ ထင်လိုက်တာပါ။ ဆရာကြီးက ဘုန်းတော်ကြီးရေးတဲ့ စာအုပ်တွေ ပြိုက်ကနဲကုန်သွားတာကို ဒီလို တွေးပါတယ်။ ကုန်မှာပေါ့တဲ့။ ဘုန်းကြီးကို ကြည်ညိုတဲ့ လူချမ်းသာ ဒကာ ဒကာမတွေက ငါးရာမျိုး တစ်ထောင်မျိုးဝယ်ပြီး ဓမ္မဒါနဖြန့်ကြတာကိုးတဲ့။

ဆရာကြီးကတော့ ဘုန်းကြီးရေးတဲ့ စာကောင်းလို့ ကုန်တာမဟုတ်ဘူးလို့ ယုံနေ တာပါ။ အကြောင်းသိလို့လည်း ဖြစ်နိုင်ပေသပေါ့။ ဆုပေးအမျိုးမျိုး၊ ဘုရားရှိခိုးအဖုံဖုံဆိုတာမျိုးကို ကျမ်းစာလုပ်ပြီးထုတ်နေကြတဲ့ခေတ်ကိုး။ Bestseller စာရေးဆရာကြီးရယ်လို့ ကိုယ့်ကိုယ့်ကို ထင်ထားတဲ့ ဆရာကြီး ဘုန်းတော်ကြီးကို ဘာမှ ပြန်မပြော သာခဲ့ပါဘူး။ ဒါနဲ့ “ရဟန်းကတစ်ပန်းသာခြင်း” ဆိုပြီး ကိုယ်ပိုင်စာမျက်နှာမှာ မှတ်တမ်း ရေးခဲ့ပါ တော့တယ်။

သူ့အနေနဲ့ စဉ်းစားရပေမပေါ့။ ဒီနေ့ခေတ်ကြီးက အယ်လ်ဗင်တော်ဖလာရဲ့လှိုင်းကြီးတွေလိမ့်အလာမှာ မီဒီယာလှေကလေးကို လှော်ခတ်ပြီး ကူးဖြတ်နိုင်ပါမှကိုး။ အင်း ဘာပဲဖြစ်ဖြစ် ဆရာကြီးရွှေဥဒေါင်း စကားနဲ့ ပြောရရင် ရဟန်းက တစ်ပန်းသာတာတော့ သေချာနေပြီ။ ဒါပေမယ့် သူ့စာကို ဖတ်သူရှိမရှိ။ ဓမ္မဒါနချောင်ထိုး ဖြစ်သွားမှာလည်း စိုးရသကိုး။

(၂၃-၁-၂၀၁၀ သည် ဓမ္မဂင်္ဂါ၏ မွေးနေ့ဖြစ်ပါသည်။ အကြောင်းကြောင်းသော အကြောင်းကြောင်းများကြောင့် တစ်ပါးတည်းသာ ကျင်းပပါမည်။)

5 comments:

ဇွန်မ said...

ဘုန်းဘုန်းရဲ့မွေးနေ့မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပြည့်စုံပြီး သူတော်ကောင်းတရားများ ထွန်းတောက်စေရန် ဒီထက်ပိုမိုပြီး သာသနာအကျိုး သည်ပိုးနိုင်ပါစေသား။ ဘုန်းဘုန်းကို ဦးခိုက်ကန်တော့ပါတယ် ဘုရား။

အရှင်ဝိစိတ္တ (ဒိုက်ဦး) said...

အရှင်ဘုရား..
မွေးနေ့ဆိုလို့ “ပျော်ရွှင်ဖွယ် မွေးနေ့လေးဖြစ်ပါစေ”လို့ မြန်မာလိုပဲ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်..
စကားမစပ် အရှင်ဘုရားရဲ့ စာတွေဖတ်ဖြစ်နေပါတယ်။ ရသစုံလှသလို အရေးအသားကလည်း စွဲဆောင်မှုရှိတဲ့ အတွက် စောင့်ဖတ်နေပါတယ်။ အားလည်းအားပေးလျက်ပါ...။ ရှေ့သို့ပေါ့ဘုရား..^^

The Bliss Of Emancipation said...

ဘုန်းဘုန်းရဲ့ (....+-x%....) မြောက် မွေးနေ့ မှသည် ဓမ္မဂင်္ဂါမြစ်ကြီး ရေမတိမ်၊ သောင်မထွန်းဘဲ စဉ်ဆက်မပြတ် စီးဆင်းနိုင်ပါစေကြောင်း မွေးနေ့ မင်္ဂလာဆုမွန်ကောင်း တောင်းလိုက်ပါသည်။

မော်ကွန်းသစ် said...

၂၃ နှစ်ရောက်တော့မယ်။ ဆရာနည်းတူ ကျင်းပမယ်။ သာသနာ့အကျိုး ဆထက်တပိုး အကြောင်းကြောင်းသော အကြောင်းများကြောင့် ပျော်ရွှင်စွာ ဆောင်ရွက်နိုင်ပါစေ ဘုရား။

nay said...

ဦးတင်ပါတယ်ဘုရား...