13 March, 2010

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၇)


(၁)

“ဦးဇင်းဘုရားရေ တရားနာပရိသတ်တွေကတော့ လန်ထွက်နေပေါ့ဘုရာ့၊ ထိုးထားတဲ့ မဏ္ဍပ်ထဲမှာတောင် မဆန့်တော့လို့ လမ်းမတွေပေါ်မှာ ဖျာတွေရော ယိုင်ပတ်တွေပါ ခင်းထားရပြီဘုရား”

ဤသို့လျှင် တရားပွဲသတင်းစကားကို အားတက်ဖွယ်ကြားရပေတော့၏။ အော် ဆွေတရား မျိုးတရား အကျိုးများအောင် မောင်ဘုန်းတစ်ပါး ဟောကြားရပေတော့မည်။ လေအဝှေ့နှင့်အတူ တစ်ချက်တစ်ချက် ဆောင့်တက်ကာ မွှေ့ပေသော ဖိုးလေးမြ၏ နိဗ္ဗာန်ဆော်သံကို အခံခက်သည့်တိုင် တရားအလေ့တွင် အမွေ့ ကြီးမွေ့ကြသည့် သူ့အမျိုးများကိုမူ အားရကျေနပ်မိရချေသည်တကား။

ဖိုးလေးမြ မည်သို့အော်၍ မည်ပုံပင် ဆော်စေကာမူ ခန္တီစတရားဖြင့် ပြန်ရီ(ရယ်)မပြနိုင်အားသော်လည်း သည်းခံရပေတော့မည်။ သို့သော် ဖိုးလေးမြကား ဘွဲ့များကို အလွဲရွတ်ဖတ်ကြေငြာရုံမျှနှင့် မပြီး “ ကျွန်တော် များရဲ့ ရွာလေးကို ခုလို နိုင်ငံတကာ (၇)ဘွဲ့ရဆရာတော်တစ်ပါး ကြွရောက်ချီးမြှင့်တာဟာဖြင့် ပထမဆုံးနဲ့ နောက်ဆုံး ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်ခင်ဗျား။” တဲ့။ ဘယ့်နှာပါလိမ့်။ ပထမဆုံးနဲ့ နောက်ဆုံးဆိုပါကလား။ သူသည်ပင် နားမ၀င်ချင်သော်လည်း ဖိုးလေးမြစကားကို နား ဆင်ရချေသေး၏။

“ပရိတ်ချည်ဆရာတော်ဆိုတော့ တော်ရုံတန်ရုံသာမညောင်ည ကချွတ်ကချော် ရွာကျော်ရပ်ကျော်၊ ချောင်းကျော် မြောင်းကျော်ပွဲမျိုးကို နောင်များမှာ ကျွန်တော်များကို သနားသော်လည်း လာရောက်ဟောချင်မှ ဟောနိုင်တော့ မယ်ကိုးဗျာ၊ နော်ကွယ် မောင်သောင်းရွှေ”။ နိဗ္ဗာန်ဆော်ကြီးကား ဘေးမှ စာကြည့်တိုက်မှူး ကိုသောင်ရွှေကိုပင် မိုက်ခရိုဖုန်းထဲမှ လှမ်းညှိလိုက်ပေသေးသည်။

“အတိုင်းတိုင်းအပြည်ပြည်က မင်းတွေ ဆက်ကပ်ထားတဲ့ ဘွဲ့တံဆိပ်တော်တွေကလည်း အများသားမို့ ကျွန်တော်များရွာလေးနဲ့ လားလားမှ မထိုက်၊ ကျွန်တော်များကလည်း ဆရာတော်ဘုရားရဲ့ ဂုဏ်တော်နဲ့ကိုက် အောင် အနာမာသ၀တ္ထုတွေနဲ့လည်း ဦးခိုက်ပူဇော်နိုင်မယ် မဟုတ်ပေဘူးဗျနော်။ ”

ခုပွဲကလည်း ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ဆရာရှင်နဲ့ မိခင်ဖခင်တွေ ကျန်းခန့်သာကြောင်း သတင်းကောင်းကြားလို၍ ကြွလာတဲ့အခိုက်မှာ အလိုက်ထိုက်လေးဟောတဲ့ပွဲပေကိုးဗျ။ သားကောင်း တစ်ယောက် ကျောက်ကောင်းတစ်စေ့ မွေးဖွားသန့်စင်ပေးလိုက်ကြတဲ့ ဖိုးကျော်သန်းတို့ မိရွှေမြင့်ခင်တို့ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ အသက်ရာကျော်ရှည်ကြ ပါစေ၊ နိဗ္ဗာန်တိုင်ပေါက် ရောက်နိုင်ကြပါစေ။”

စိတ်ကူးလည်း ပေါက်၊ ရောက်တတ်ရာရာ ပြောလည်းပြောတတ်ပါပေသော ဖိုးလေးမြတည်း။ ပရိတ်ချည်ဆရာ တော်တဲ့။ အနာမာသ၀တ္ထုနဲ့ ထိုက်အောင် ပူဇော်နိုင်မှာမဟုတ်လို့ နောက်တစ်ကြိမ်ကြွချင်မှ ကြွနိုင်တော့မှာ တဲ့။ နိဗ္ဗာန်ဆော်တရားအညွှန်းထဲမှာလည်း သူ့မိခင်ဖခင်များကိုပါ ဆွဲထည့်လျက် ရွှန်းရွှန်းဝေအောင် မေတ္တာဖောင်ဒေးရှင်းချလိုက်ပေသေးသည်။

ဖြစ်ချင်ရာဖြစ်ကြပစေတော့။ တရားပွဲကိုသာ မြန်မြန်ဟော မြန်မြန်နိဂုံးချုပ်လိုက် ချင်ပါပြီ။

“မောင်ပဉ္ဇင်းရေ ဦးလေးမြကတော့ အဆိုကောင်း အပြောကောင်းဘုရာ့။ ဒီနယ်တစ်ကြောမှာ အဟော အပြော ဘက်ကတော့ ဦးလေးမြမှီသူ ဘယ်ရှိလိမ့်မတုန်း”တဲ့၊ သူ့အနားတွင်ဆေးပေါ့လိပ်ခဲရင်းခပ်ဟဲဟဲဖြစ်နေရှာသည့် ဓမ္မကထိကခမည်းတော်ကြီးက ပြုံးပြုံးကြီးပြောလေ၏။ ဟုတ်ပေမှာပဲ။ ခမည်းတော်ဘုရား၏ အမည်နာမကြီးက ဖိုးလေးမြ၏ မိုက်ခရိုပါးစပ်အသိမ်းတွင် ဟိန်းဟိန်းကြီးမည်နေတော့သည်ကိုး။

(၂)

မည်သို့ဖြစ်စေ သူမျှော်လင့်နေသော ဓမ္မသဘင် ဆင်ယင်ကျင်းပမည့်အချိန်ကား အမှန်တကယ် ရောက်လာခဲ့ ပါ၏။ ဓမ္မကထိကလက်သစ်တစ်ပါးဖြစ်သည့် သူ့အနေဖြင့် ငယ်ဆရာသခင် ကျောင်းကြီးရှင်ထံမှ တရားပလ္လင် မတက်မီ သြ၀ါဒစကားကို နာကြားရပေမည်။ ဆရာသခင်သည်လည်း မွေးမြူမိသော တပည့်မျောက်လောင်း လေးက ရွာကျော်ရပ်ကျော် နိုင်ငံကျော်ကမ္ဘာကျော်ဟု နိဗ္ဗာန်ဆော်ကြီးက ကုန်းအော်ရလောက်အောင် ဘုန်းတောက်သွားသည်ကို ပီတိမျက်လုံးဖြင့် ခပ်ပြုံးပြုံးကြီးမှာပါလေတော့၏။

“ မောင်ပဉ္ဇင်းကို ဆရာစကား အများကြီးမပြောလိုပြီ။ ဆရာသင်ပေးလိုက်နိုင်သည်က အခြေခံစာမျှသာ ဆို သော်လည်း မောင်ပဉ္ဇင်းရဲ့ ဇွဲလုံ့လ ဥဿာဟနဲ့ အခြေခံပညာကို တိုးပွားအောင်အားထုတ်၍ ကောင်းကင် တမွတ် ကြယ်တွေလတွေပါ ဆွတ်နိုင်ခဲ့သောကြောင့် ယခုဆိုလျှင်တက္ကသိုလ်ပြည်က အဋ္ဌာရသပညာတွေ တောင် တတ်နေမင့်ဟာပဲ။”

“သို့သော်လည်း ပညာရှိတို့မည်သည် ဆိုခဲစေ မြဲစေပ။ မောင်ပဉ္ဇင်းရဲ့အမည်နောက်မှာ အတည်ပေါက်ရေးထားတဲ့ ဘွဲ့တော်တွေက ငါဆရာကိုယ်တိုင်ပင် ခပ်ရှိန်းရှိန်းဖြစ်လေသည်မို့ အများသူငါ ၊ ပိဋကတ်စာနဲ့ ဝေးသူ ကျေးတောသူ ကျေးတောသားတို့မှာ ဆိုဖွယ်ရာမရှိ ငုံးတိတိနဲ့ ယုံမိယုံရာ ယုံကြရှာပေတော့မည်။ ”

“မောင်ပဉ္ဇင်း၏ နှုတ်ထွက်စကားရပ်ကို အကုန်ပိဋကတ်ဟု ရောက်လာသမျှသောပရိသတ်က ယုံမှတ်ကြပေတော့မည်။ မောင်ပဉ္ဇင်း အပြောလွဲသည့်တိုင် သဘောတရားအမှန်ပဲဟု စွဲကြပေတော့မည်။ ထို့ကြောင့် ချစ်တပည့် မှတ်လေ။ “စကားဆို မရမ်းနှင့်။ တရားဆို မဆန်းနှင့် ”တဲ့ကွဲ့။ ဆိုတော့ကွယ် အဆန်းလည်း မထွင်ပါလေနဲ့ ။ အရမ်းလည်း မ၀င်ပါလေနဲ့၊ မောင်ပဉ္ဇင်းတို့တတ်ပွန်တဲ့ ဘိလပ်စကားကို ဆရာဘုန်းကြီး တစ်လုံးစနှစ်လုံးစ မှတ်မိသမျှလေးနဲ့ နိဂုံးချုပ်တော့မည်။ မန့်ခ်(monk)က မန့်ခ်လိုမနေရင် မန်းကီး(monkey)နဲ့ နီးတတ်သတဲ့ ကွယ်ရို့။ ငါ့တပည့်မြဲမြဲမှတ်လေ ” တဲ့။

အော် ကောင်းလေစွ၊ မှတ်ထိုက်လှပေစွ၊ ဦးညွတ်လိုက်နာသင့်ပေစွ။ ဆရာသခင်၏ စာသံပေသံ၊ ဘိလပ်သံ၊ အရပ်သံပါသောသြ၀ါဒတော်ကြီးသည်ကား ဓမ္မကထိကလက်သစ်၏ တရားလက်ဖြစ်ဟောမည့် အကြံသာ ရှိခဲ့ပါက အမှန်ပင် နောက်တွန့်သွားစေနိုင်လေသည်တကား။

နိုင်ငံခြားပြန်တပည့်ကို တစ်လုံးစ နှစ်လုံးစသော ဘိလပ်စကားဖြင့် အမှားမလိုက်အောင် တအားရိုက်ထည့် လိုက်လေသော ဆရာမြတ်ပေတကား။

(၃)

သို့သော် ဤမျှဖြင့် သူ့ဝန်တာမပြီးသေး။ ပလ္လင်တော်ဦးဆီသို့ တရားစိတ်ကူးဖြင့် ယတ်တောင်ကိုထမ်း သင်္ကန်းကို ရုံလျက် ချီတက်ကြွသွားရန် အသင့်ဖြစ်စဉ် နောက်တော်ပါးက ရွှေထီးဆောင်း၊ ငွေထီးဆောင်း သောင်းသောင်းဖျဖျ ၀န်းရံလိုက်ပါကြလေမည့် ကျောင်းဒကာ၊ ဘုရားဒကာ၊ တရားပွဲဖြစ်မြောက်ရေးကော်မတီ မင်ဘာလူကြီးမင်းများ၏ စကားကိုလည်း နာယူရပေသေး၏။

“ ဦးဇင်းဘုရားရေ ကျောင်းထိုင်ဘုန်းဘုရားက မည်သို့ပင် မိန့်ကြားသော်လည်း ပလ္လင်ပေါ်ရောက်သွားမှတော့ ဦးဇင်းဘုရားတရားပေါ့ဘုရာ့။”

”တပည့်တော်များက ငါတို့ဦးဇင်းဘုရားက ကျွမ်းကျင်တာက ဆယ့်နှစ်ဘာသာ။ နိုင်ငံတကာဘွဲ့တွေက စုံ။ ကမ္ဘာလည်း ကုန်လုနီးပါးရောက်ပြီးပြီလို့ ရှိသမျှလူကုန်နဲ့ ရွာလုံးတုန်အောင် ကြွားပြီးပြီနော်ဘုရား။ ”

“ရွှတ်ရှက်ဒွတ်ဒက်လေးနဲ့ ခပ်ထက်ထက်လေးဟောမှဘုရာ့။”

“ ဦးဇင်းဘုရားရဲ့ ကွန်ပြူတာတော်ကြီးလည်း မသယ်လို့မဖြစ်ဘူးနော်ဘုရား”

“ဒါနကထာ သီလကထာတွေကတော့ ရွာနီးချုပ်စပ်က ဆရာတော်တွေ ဟောကြလွန်းလို့ အပ်ကြောင်းထပ်ရုံမက စီဒီပွန်းအောင် နာကြရလှပါပြီ ဦးဇင်းဘုရားရယ်။”

“နိုင်ငံခြားအတွေ့အကြုံအဆန်းအသစ်လေးတွေနဲ့ လက်ဖြစ်တရားသဘောကို ဟာသစကားလေး နှောပြီး ပွဲကျအောင် ဟောမှကိုးဘုရား”

“တရားခေါင်းစဉ်လေးတွေလည်း နုနုလေးတွေမှနော်ဘုရာ့၊ အချစ်တွေ သံယောဇဉ်တွေ အနမ်းတွေ အကြင်နာတွေ များချင်သလောက်များဘုရား။ ရွာသူတွေဆိုပေမယ့် ဒီက လေဒီလေးတွေကလည်း ခေတ်မှီကြပါတယ် ဘုရာ့။ သမုဒယပွားတရားလေးတွေကိုမှ ရွေးနာချင်ကြသကိုး ကိုယ်တော်ရဲ့”

ဤသည် ဤမည်သော ဒိုင်ယာလော့ခ်ပုဒ်စုတို့သည်ကား တရားပွဲဖြစ်မြောက်ရေးမင်ဘာ လူကြီးမင်းများ၏ တစ်ယောက်လျှင် တစ်ပေါက်နှစ်ပေါက်မက သုံးလေးခါပင်ပေါက်ကြကာ နှီးနှောဝေဘန် အကြံကုန်ပေးကြလေ သော စကားများပင်တည်း။

အော် ဟုတ်ပေ၏။ တရားအမည်လေးကလည်း ပေးရပေဦးမည်။ ဆရာ့စကားတော်အရ တရားဆိုသည်က ဆန်း၍ မဖြစ်၊ သို့သော် တရားပွဲဖြစ်မြောက်ရေးကော်မတီမင်ဘာတို့၏ တွန်းချက်ညွှန်းချက်အရ တရားက လန်းရပေလိမ့်မည်။ နိုင်ငံခြားအတွေ့အကြုံလေးများဖြင့် ဖမ်းစားရပေဦးမည်။ ဘာသာစကား ဆယ့်နှစ်မျိုးဆိုသဟာကြီးကလည်းပါ၊ ဟာသလေးကလည်း နှော၊ နာမည်ချောချောလေးကလည်း ပေး။ မလွယ်ရေးချ မလွယ်လှသော မဟာအထူးတရားပွဲပေတကား။

ဆရာဘုန်းကြီးစကားနှင့်ဆိုရသော် မန့်ခ်ချင်မန့်ခ်၊ မမန့်ခ်လျှင်တော့ အဟမ်း အဟမ်း...ဟုသာ ချောင်းတစ် ချက်ဆိုးဟန်ပြု၍ ပလ္လင်တော်ရှိရာ တရားမဏ္ဍပ်သို့ ရှေးရှုချဉ်းကပ်ရလေတော့သတည်း။

8 comments:

Crystal said...

ပုံဖေါ်ကြည့်သွားပါ၏။

nyein nyein htwe said...

မန့်ခ်(monk)က မန့်ခ်လိုမနေရင် မန်းကီး(monkey)နဲ့ နီးတတ်သတဲ့ ကွယ်ရို့။

ဘုန်းဘုန်းရဲ. ဆရာတော် ဘုရားကြီး ကို ဦးခိုက်ကန်တော.ခိုက်ပါတယ်ဘုရား။

Ashinlokapala said...

မျက်လုံးထဲ မြင်အောင် စာပန်းချီ ပုံဖော်နိုင်ပါပေသည်ဘုရား...

kopain said...

စီဗောက်ရှာမတွေ့တာနဲ့ ကွန်အိတ်ထောင်ထဲ ထည်ထားခဲ့တယ် ကောင်း၏လေစွ ကောင်းလေစွ အဟမ်းအဟမ်း ဓမ္မကထိက။ ဆက်ကြွ..ဆက်ကြွ..

ဇနကမော်လူး............ said...

ဆြာမော်တို့ကတော့..မလွယ်တာကြီးကို
တော်တော်ကလေးကို တွယ်လိုက်နိုင်တယ်နော့..
ဂွတ်ထ....ဂွတ်ထ....ဂွတ်ထ
လွတ်ကိုချနေတော့တာပဲ...
စကားမလှပေမဲ့ ...အားကျတယ်ဗျာ....
စာတွေအကုန် ကိုင်ပစ်လိုက်တယ်...
ဆက်လက်ပြီး.....စောင့်ဖတ်နေတယ်

pannawa said...

go on ...........DhammaKahtika

pannawa said...

ကိုယ်တိုင်ကြွား ဖြစ်ရပ်ကို တကယ်အသက်ဝင်တယ်ဗျာ၊သဘက်က မရေးတတ်တော့ဆရာရေးတာကိုဘဲ အားကိုးပြု ဖတ်နေရတာပေါ့ကွယ်၊ နောက်ထပ် ဖြစ်ရပ်ဆန်းများရှိခဲ့လျှင် ရေးစေချင်တယ်။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ဘုန်းဘုန်း ဘုရား..

ကိုယ်တိုင်ကြွား အတ္ထုပ္ပတ္တိ အပိုင်းအားလုံး ဖတ်ကောင်းကောင်းနဲ့ မို့ ဖတ်လိုက်တာ အားလုံးပြီးပါပေါ့ ဘုရား။ တကယ့်ကို ကွက်ကွက်ကွင်းကွင်း..သဘာဝကျကျ တင်ပြဖော်ပြထားလို့ ဖတ်ရတာ အရသာ ရှိလိုက်တာ ဘုရား။

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)