22 August, 2009

အင်ကြင်းပန်းရနံ့ကို လွမ်းခြင်း


အင်ကြင်းပန်းဆိုတာ ဗုဒ္ဓ၀င်စာအုပ်ထဲက ဒဏ္ဍာရီဆန်လွန်းတဲ့ ပန်းအဖြစ်သာ မြတ်နိုးခဲ့ဖူးတာ။ မြန်မာနိုင်ငံမှာနေတုန်းက အောက်ရပ်ညာကြေ ဒေသစုံအောင် ပရိယတ်ဆရာအဆူဆူရဲ့ ခြေမှုံတွေကိုပဲ ရနံ့အဖြစ် ခံစားခဲ့ရလေတော့ အင်ကြင်းပန်းဆိုတာ အဝေးကြီးပါ။ ပိတောက်ပန်းပွင့်ချိန်တွေကိုတောင် လွဲလွဲချော်ချော်ဖြစ်ခဲ့ရသူပါ။

ဘာပဲဖြစ်ဖြစ် မဇ္ဈိမကိုပြန်လျှောက်ခွင့်ရတဲ့အခါမှ အင်ကြင်းပန်းတွေက ဝေလို့လှလို့ ကြေလို့မွလို့ပါပဲ။
ဘုရားရှင်ဖွားတော်မူရာ လုမ္ဗိနီမှာလည်း အင်ကြင်းတွေက ဝေလို့။
ဘုရားရှင်နောက်ဆုံးမြတ်သောထွက်သက်တော်ဝန်းကျင်မှာလည်း အင်ကြင်ပန်းတွေက ကြေလို့မွလို့ပေါ့။
ဗုဒ္ဓအရှင်ရဲ့ စဦးနေ့ရက်ကို အင်ကြင်ပန်းရနံ့တွေက သင်းပျံ့ခဲ့သလို နောက်ဆုံးနေ့ရက်တွေမှာလည်း အင်ကြင်းတွေက ဝေခဲ့ပါသတဲ့။ ကုသိနာရုံမှာ ဗုဒ္ဓကို လွမ်းဆွတ်တသသူတိုင်း အင်ကြင်းတောထဲမှာ မျက်ရည်တွေ ဝေ့၀ဲလွင့်ကြွေခဲ့ကြရတာချည်း။ တကယ်လွမ်းဖို့ကောင်းခဲ့တာပါ။
ဘုရားရှင်က မွေးဖွားတုန်းကလည်း အင်ကြင်းပင်အောက်မှာ။ မဟာပရိနိဗ္ဗာန်စံတော်မူတော့လည်း ဒီအင်ကြင်းပင်အောက်မှာပဲတဲ့။

ဗုဒ္ဓစာပေတွေမှာ အင်ကြင်းနဲ့ပတ်သက်လို့ရှားရှားပါးပါး ကြေကွဲစရာဇာတ်လမ်းလေးတော့ ရှိခဲ့ဖူးတာပါပဲ။
“ရွေသုံးရံခြယ် ကြာရိပ်လယ်မှာ ရယ်ကာမောကာ မျက်နှာငွေလ ရွှင်ပပနဲ့ ခင်မ ၀မ်းမြောက်ပါလေတော့” ဆိုတဲ့ စာဆိုတော် ဦးပုညရဲ့ စာသားလေးက အမှတ်ထင်ထင်ရှိခဲ့ဖူးပါတယ်။ ဆဒ္ဒန်ဆင်မင်းဇာတ်မှာ အင်ကြင်းပန်းတစ်ခိုင်နဲ့ အသည်းကွဲခဲ့ရတဲ့ စူဠသုဘဒ္ဒါနဲ့ သူမရဲ့ အာဃာတတွေကြားဘ၀စတေးခဲ့ရတဲ့ အလောင်းတော်အတွက် မျက်ရည်သီသီဝေ့ခဲ့ရဖူးပါတယ်။

ဘာပဲဖြစ်ဖြစ် အင်ကြင်းပန်းတွေကတော့ ပွင့်နေကြဦးမှာပါ။
ကြေကွဲစရာပဲဖြစ်ဖြစ် အံ့ချီးဖွယ်ရာပဲဖြစ်ဖြစ် အင်ကြင်းပန်းရနံ့ကို ရှူရှိုက်သူရဲ့ ဝေဒနက္ခန္ဓာပေါ်မှာပဲ ထင်ကျန်နေပါလိမ့်မယ်။

တစ်ဆက်တည်း တွေးမိတာက လပြည့်နေ့တွေ အကြောင်းပါ။
ဗုဒ္ဓအရှင်ရဲ့ အရေးကြီးတဲ့ လပြည့်နေ့တွေဟာ လနှစ်လနဲ့ သက်ဆိုင်နေတာပါ။
ဝါဆိုလပြည့်နဲ့ ကဆုန်လပြည့်တွေပါပဲ။
ဒီမှတ်တမ်းလေးကြည့်ရင် ထင်ရှားပါတယ်။

ဝါဆိုလပြည့်- ပဋိသန္ဓေတည်နေတော်မူပါတယ်။
ကဆုန်လပြည့်- မွေးဖွားတော်မူပါတယ်။


ဝါဆိုလပြည့်- တောထွက်တော်မူပါတယ်။
ကဆုန်လပြည့်- ဘုရားအဖြစ်ကို ရောက်ရှိတော်မူပါတယ်။

ဝါဆိုလပြည့်-ဓမ္မစကြာတရားဦးကို ဟောတော်မူပါတယ်။
ကဆုန်လပြည့်-မဟာပရိနိဗ္ဗာန်စံတော်မူပါတယ်။

ဗုဒ္ဓအရှင်မြတ်ရဲ့ အထိမ်းအမှတ်လို့ ပြောရမယ့် အင်ကြင်းပင်နဲ့ လမြတ်နှစ်ပါးနဲ့ ပတ်သက်ပြီး ရုက္ခဗေဒပညာရှင်တွေနဲ့ နက္ခတ္တဗေဒပညာရှင်တွေ ဆက်တွေးကြဖို့ပါ။

ဒါပေမယ့် အရေးကြီးဆုံး သဗ္ဗညုတအသိမြတ်ကို ရတော်မူတဲ့ အချိန်မှာ အေးရိပ်ပေးခဲ့တဲ့ မဟာဗောဓိညောင်ပင်မြတ်ကိုလည်း စဉ်းစားရမှာပါ။
ဒါကတော့ ဆက်ပြီးဆွေးနွေးချင်စရာပါပဲ။

2 comments:

Unknown said...

ဘုန်းဘုန်း ရေ စာဝင်ဖတ်သွားပါတယ် ကောင်းပါတယ်နော် စာသားလေးတွေကတော့ .......တပည့်တော်လည်း အင်ကြင်းပန်းရနံ့လေးကို ရှုချင်ပါသေးတယ် .......ဟီ.

Unknown said...

ဘုန်းဘုန်း ရေ စာဝင်ဖတ်သွားပါတယ် ကောင်းပါတယ်နော် စာသားလေးတွေကတော့ .......တပည့်တော်လည်း အင်ကြင်းပန်းရနံ့လေးကို ရှုချင်ပါသေးတယ် .......