(၁)
မွေးနေ့အလွန်မနက်ခင်းမှာတော့ သူ့အိပ်ရာဘေးကို အန္ဒိယတိုင်းသတင်းစာတစ်စောင်ရောက်လာပါတယ်။ ဘလော့ဂါကိုနော(အရှင်ဉာနောဘာသာလင်္ကာရ)ရဲ့ ကျေးဇူးပါ။ လွန်ခဲ့တဲ့ တစ်ပတ်က ကိုနော သူ့အခန်းကို ဟင်ဒီသတင်းစာတစ်စောင်ကို ဟန်ပါပါကိုင်ပြီး ရောက်လာပါတယ်။ သူ့အနားမှာထိုင်ပြီး လျှာလိပ်သံပြင်းပြင်းနဲ့ ကမ္မ၀ါဖတ်သလို ကုလားသတင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ်ဖတ်ပြပါတော့တယ်။
ဟင်ဒီစာက သူ့အတွက် နားမစိမ်းပေမယ့် အဓိပ္ပါယ်ကိုတော့ ကိုနောရှင်းပြမှပဲ နားလည်တော့တာပါ။ အင်း သူလည်း ရွှတ်ရှက်ဒွတ်ဒက်သတင်းစာတစ်စောင်တော့ ယူဖတ်ဦးမှလို့ အကြံဖြစ်ရပြန်ပါတယ်။ ကိုနောက ဘက်ရှာနေတာဆိုတော့ သူတစ်လစာလှူပါ့မယ် လုပ်တော့တာပါ။ သတင်းစာယူဖို့ဆိုတာကလည်း နေရာအထိုင်လေးကလည်း ရှိဦးမှကိုး။ အခုမှပဲ နေရပ်လိပ်စာအတိအကျနဲ့နေနိုင်တော့တာမို့ သတင်းစာတစ် စောင်တော့ တကယ်လည်း ရှိသင့်ပါရဲ့။ဒီလိုနဲ့ အိန္ဒိယတိုင်းသတင်းစာတစ်စောင် သူ့အခန်းထဲကို ရောက်လာ တော့တာပါ။
ဒါပေမယ့် သတင်းစာပို့သမားရဲ့ ရက်ချိန်းမမှန်ကန်မှုကြောင့် ရက်ကျော်သတင်းစာတွေကိုသာ ဖတ်ရလေ့ရှိ ပါတယ်။ ပြီးတော့ ဒီရာသီက နှင်းတွေ ထူထပ်စွာ ကျရောက်တတ်တာမို့ ပြည်နယ်မြို့တော်ဖြစ်တဲ့ လက်ခ်နောင်းနဲ့ ဗာရာဏသီခရီးလမ်းမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတတ်တာလည်း သတင်းစာ ကြန့်ကြာခြင်းရဲ့ အကြောင်းတစ်ရပ်ဖြစ်နိုင်တာပါပဲ။
ဒီနေ့ တနင်္ဂနွေနေ့ပါ။ သူ့လက်ထဲရောက်နေတာက စနေနေ့ထုတ်သတင်းစာဖြစ်နေလေရဲ့။ ဘာပဲဖြစ်ဖြစ် ဖတ်ရတော့မှာပါ။ အိန္ဒိယတိုင်းသတင်းစာမှာ သူပထမဆုံးကြည့်ဖြစ်တာက နာမည်ကျော် ကာတွန်းဆရာ အာရ်.ကေ.လက်ဇမန်း( R.K. Laxman) ရဲ့ ကာတွန်းကွက်လေးပါ။ ကာတွန်းလေးတွေက တစ်ကွက်ဆို တစ်ကွက် ထိထိမိမိသရော်နိုင်စွမ်းရှိပါတယ်။ ၂၀၀၇ ခုနှစ်က ထင်ပါရဲ့ ။ ဒီကာတွန်းဆရာကို ရုပ်ရှင်မင်းသားကြီး အမီတာဘာချန်နဲ့ တစ်ပြိုင်တည်း ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ပေးခဲ့ပါတယ်။
ကဲ ဒီနေ့ သူဘာပြောမလဲကြည့်လိုက်တယ်။ ပုံထဲမှာ စာရွက်စာတမ်းတွေ တောင်လိုပုံနေတဲ့ ရုံးခန်းထဲမှာ လူနှစ်ယောက်စကားပြောနေပါတယ်။ စာရွက်စာတမ်းတွေရှေ့က အလုပ်စာပွဲမှာတော့ လူမရှိပါဘူး။ “ ဒီလူ ဘယ်တော့မှ ရုံးမလာဘူးဗျ၊ ဒါပေမယ့် သူအမြဲပြောတာကတော့ အလုပ်သိပ်များတယ်ဆိုပဲ”။ကာတွန်းက ဒီလောက်လေးပါ။ ဆက်တွေးကြဖို့ ချန်ထားတာပါ။ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ အလုပ်များနေကြသူတွေကို သွားမြင်မိပါသေးတော့တယ်။ အခြားရှုထောင့်ကလည်း အများတွေးလို့ရဦးမှာပါ။ ကိုယ်လိုရာကိုသာ ဆွဲတွေးကြလေကုန်။
အဲဒီနောက် သူဖတ်ဖြစ်တာက သတင်းပါ။ အိန္ဒိယတိုင်းသတင်းစာက ပြည်တွင်းသတင်းနဲ့ ဒေသထွက် သတင်းကို ဦးစားပေးဖော်ပြလေ့ရှိပါတယ်။ အဓိကသတင်းစာရဲ့ အာဘော်နဲ့ ဦးစားပေးသတင်းတွေကလွဲရင် ကိုယ့်ပြည်နယ်အလိုက်စိတ်ကြိုက်သတင်းတွေရေးသားထုတ်ဝေကြတာပါ။ ပြည်နယ်တစ်ခုစီမှာ အိန္ဒိယတိုင်း သတင်းစာတိုက်ခွဲတွေ ရှိနေကြတာကိုး။ ဘယ်ပြည်နယ်က သတင်းစာပဲဖြစ်ဖြစ် နိုင်ငံတကာသတင်းကိုတော့ အမြည်းသဘောပဲ ပေးလေ့ရှိပါတယ်။ အားကစားသတင်းမှာတော့ တင်းနစ်စ်နဲ့ ဂေါက်ရိုက်ခြင်းတွေကိုသာ တခုတ်တရ ဖော်ပြတတ်ပါတယ်။ သူတို့ရဲ့ မဟာအားကစားကြီးဖြစ်တဲ့ ခရစ်ကက်ကိုတော့ ပြူးပြဲနေအောင်ကို ရေးကြတော့တာပါ။ ဘာပဲဖြစ်ဖြစ် အိန္ဒိယတိုင်းသတင်းစာဟာ နိုင်ငံရေး။စီးပွားရေး၊လူမှုရေး၊ စာပေရုပ်ရှင်ဂီတ အနုပညာနဲ့ အရေးအရာတော်တော်များ ကဏ္ဍစုံပါတဲ့ သတင်းစာကောင်းတစ်စောင်ပါပဲ။
သူနောက်ဆုံးမှ ဖတ်ဖြစ်တာကတော့ သတင်းစာခေါင်းကြီးပိုင်းနဲ့ ဒဿနအတွေးစာအပိုင်းတွေပါပဲ။ တစိမ့်စိမ့် တွေးပြီးမှ ဖတ်ရတာကိုး။ ဒဿနအတွေးစာဆိုလို့ စကားပြောသစ်ပင်(Speaking Tree)ဆိုတဲ့ ကော်လံ လေးဟာ စွဲဆောင်မှုရှိပါတယ်။ ဘာသာပေါင်းစုံတို့ရဲ့ အဆုံးအမတွေ၊ကမ္ဘာ့ခေါင်းဆောင်ကြီးတွေရဲ့ အတွေး အခေါ်၊ စာပေဒဿနပညာရှင်တွေရဲ့ အဆိုအမိန့်စတာတွေကို ကိုးကားရေးသားထားတဲ့ ကော်လံလေးတစ်ခုပါပဲ။
စကားပြောသစ်ပင်က ဘာတွေများ ပြောပါလိမ့်။ သူ့အတွက်တော့ မွေးနေ့လက်ဆောင်ရလိုက် သလိုဖြစ်သွားပါတော့တယ်။ “အမန် ကီ အရှ”အတွေးများ(Thoughts On Aman Ki Asha) တဲ့။ အမန် ကီ အရှ ဆိုတာ မသိလို့ ရှာရဖွေရပါသေးတယ်။ ငြိမ်းချမ်းရေးပန်းတိုင်(The Destination Peace)
(၂)
ငြိမ်းချမ်းရေးပန်းတိုင်(The Destination Peace)လို့အဓိပ္ပါယ်ရတဲ့ “အမန် ကီ အရှ” ဆိုတာဟာ ဟိန္ဒူစတန်(အိန္ဒိယ)နဲ့ ပါကစ္စတန်နိုင်ငံတို့ကြားက အမုန်းမီးလျှံတွေ အဆုံးသတ်ရေးအတွက် အိန္ဒိယတိုင်း သတင်းစာ( The Times of India) နဲ့ ဂျန်းအုပ်စု( Jang Group)တို့ပူးတွဲလုပ်ဆောင်ကြတဲ့ ငြိမ်းချမ်းရေး ပရောဂျက်(AN INDO-PAK PEACE PROJECT)တစ်ခုပါပဲ။ နှစ်နိုင်ငံအနုပညာရှင်တွေ လက်ချင်းချိတ်ပြီး ငြိမ်းချမ်းရေးဆီ သီချင်းတွေနဲ့ လျှောက်ကြတာပါ။ မြို့ကြီးပြကြီးတွေမှာ ဂီတဖျော်ဖြေပွဲကြီးတွေ ကျင်းပပြီး နှစ်နိုင်ငံပဋိပက္ခတွေကြားထဲက အလွမ်းနဲ့ ကြေကွဲမှုတွေကို ဖောက်ခွဲပြခဲ့ကြတာပါ။ စစ်မီးလျှံကြားမှာ လက်တွဲပြုတ် သွားတဲ့ ချစ်သူတွေ။ နယ်နိမိတ်အကန့်အသတ်နဲ့ ဘာသာရေးမျဉ်းတစ်ဘက်က ကျောင်းတက်ဖော်တွေ ၊ နိုင်ငံရေးမုန် တိုင်းနဲ့ လူမျိုးရေးဝိရောဓိတွေက သွေးခွဲပစ်လိုက်တဲ့ အိမ်းနီးချင်းတွေအကြောင်းတွေ ဖွဲ့ဆိုကြတာပါပဲ။
အနုပညာရှင်ဂီတသမားတွေကတော့ ပထမဆုံးတွဲလျှောက်ပြနေကြပါပြီ။ ကဲ ဘာသာရေးသမားတွေ နိုင်ငံရေးသမားတွေ အဲဒီငြိမ်းချမ်းရေးလမ်းပေါ်ဆက်လျှောက်ကြမလား။မျက်ရည်လမ်းတွေကိုပဲ ဆက်ဖောက်ကြ မလား။ ဘာသာရေးသမား တွေက ငြိမ်းချမ်းရေးကို ပြောလေ့ရှိကြသလို နိုင်ငံရေးသမားတွေကလည်း သာယာဝ ပြောရေးကို ကြွေးကြော်လေ့ရှိကြပါသတတ်။ ဖြစ်လိုက်ရင် အဲဒီနယ်နိမိတ်ထဲကပဲ မီးတွေ ထထတောက်တာပါ။
စကားပြောသစ်ပင်ကို မူရင်းအတိုင်းပဲ နားထောင်ကြည့်လိုက်ပါတယ်။ မူရင်းစာရေးဆရာက စီဗွီအက်စကေ ရောင်း(C.V.S.KRAO)ဖြစ်ပါတယ်။
(ဆွာမိဝိဝေကာနန္ဒက“ကောင်းမြတ်သောအင်အားများကိုစုစည်းကြ၊ မည်သည့်အလံတော်အောက်တွင် သင် တို့ချီတက်နေကြသနည်း ဆိုသည်ကိုဂရုပြုဖွယ်မလိုအပ်၊ သင့်အရောင်အသွေးသည်ဝါစိမ်းနီပြာဖြစ်ချင်ရာဖြစ် ပါစေ၊ထိုအရောင်များကို ပေါင်းစပ်ကာ တစ်ခုတည်းသောဖြူလွလွမေတ္တာအရောင်အလင်းကိုသာ ဖန်တီးရ ပေမည်။ ကျွန်ပ်တို့ သင်တို့၏ အရေးအရာတာဝန်ဟူသည် အလုပ်လုပ်ရန်သာ ဖြစ်သည်၊ အကျိုးဆက်ကား သူ့သဘောသူဆောင်ပေ လိမ့်မည်။“ ဟု ဆိုထားသည်။
ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်ကို အားပေးလှုံ့ဆော်ရန်နှင့် “အမန် ကီ အရှ ”မစ်ရှင်အဖွဲ့ကို အရှိန်မြှင့်လမ်း ဖွင့်ပေးကြရန်အတွက် အရာဝတ္ထုနှစ်ခုကို စူးစိုက်ဖို့ အရေးကြီးနေသည်။ပထမတစ်ခုမှာ အတ္တဗဟိုပြုကာ မြင့်မြတ်သော ဘာသာရေးကျမ်းဂန်များကို တလွဲဘာာသာပြန်ဆို၍ ပဋိပက္ခမီးမွှေးရသည်ကို ပျော်မွေ့သော လက်တစ်ဆုပ် စာလူနည်းစုကို ဆန့်ကျင်ဖယ်ရှားပစ်ကြရန်ဖြစ်ပေသည်။ ဒုတိယတစ်ခုမှာ အဓိပ္ပါယ်ပြည့်ဝသော ငြိမ်းချမ်းရေး ဒိုင်ယာလော့ဂ်စကားဝိုင်းဖြစ်ပေါ်စေနိုင်မည့် ဟန်ချက်ညီညီ ဟာမိုနီကျ၍ ပဋိပက္ခကင်းသောပတ်ဝန်းကျင်ကို ဖန်တီးကြရန်ဖြစ်ပေသည်။
ဘာသာတရားဆိုင်ရာကျမ်းဂန်များသည် အကြမ်းဖက်မှုနှင့် အာဃာတတရားတို့ကို ထောက်ခံလေ့မရှိကြပေ။ အကြမ်းမဖက်မှု၊ ငြိမ်းချမ်းရေးနှင့် မေတ္တာတရားကိုသာ ထင်ထင်ရှားရှား အားပေးလေသည်။ ဥပမာအားဖြင့် စစ်ပွဲနှင့် (ညီအကိုသားချင်းပါမကျန်) သတ်ဖြတ်ညှင်းဆဲမှုကို အားပေးလေ့ရှိသည်ဟု မဟာဘာရတ ကျမ်းမြတ်ကို ကိုးကားရည်ညွှန်းကြသည်။ အမှန်စင်စစ်လည်း မဟာဘာရတကျမ်းမြတ်၏ သုံးပုံတစ်ပုံထက် မနည်းသောအပိုင်းက ပဋိပက္ခ၊စစ်ပြင်ဆင်ခြင်း၊သွေးစက်ပေကျံသောအကြမ်းဖက်စစ်ဆင်မှုတို့နှင့် သက်ဆိုင် နေပေသည်။ သို့သော် မဟာဘာရတ ကျမ်းမြတ်၏ အဓိကရှေ့သွားရည်ညွှန်းချက်တာဝန်မှာ “ အဟိံသာ ပရမာ ဓမ္မာ” (အကြမ်းမဖက်ခြင်း အဟိံသာတရားသည်သာလျှင် ဓမ္မအစစ်ဖြစ်၏) ဟူသောသွန်သင် ချက်ပင်ဖြစ်ပါသည်။
ဂျိန်းဘာသာ(Jainism)ဟူသောစကားလုံးသည် အောင်နိုင်သူ၊ကျော်လွှားသူဟု အဓိပ္ပါယ်ရသည့် ဇိန(Jin)မှ ဆင်းသက် လာသည်။ဂျိန်းဘာသာဝင်တို့သည် အကြမ်းမဖက်ရေးတရားဓမ္မကို ဟောကြားခဲ့သည့် မဟာဝီရဘုရား၏ တပည့် သာဝကများဖြစ်ကြလေသည်။စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ဂျိန်းဘာသာဝင်တို့၏ “နမော အရိဟန္တနံ”(ရန်သူအပေါင်းကိုဖျက်ဆီးသူတို့အားရှိခိုးပါ၏) ဟူသော အဦးအစ၀တ်ရွတ်စဉ်ပင်ဖြစ်သည်။ ဆန့်ကျင်ဘက်အင်အားစုကို ဖျက်ဆီးပစ်ရန်ဆိုသည်မှာ ရန်သူအပေါင်းတို့ကို နှိမ်နှင်းချေမှုန်းပြီးမှသာ ဆောင်ရွက်နိုင်ပေမည်။
ရန်သူဟူသည် အဘယ်နည်း။ မည်သို့သောရန်သူတို့ကို မညှာမတာ ဖျက်ဆီးပစ်ရလေမည်နည်း။ ရန်သူဆို သည်မှာ ကွဲပြားခြားနားမှုရှိသောပြိုင်ဘက်လူပုဂ္ဂိုလ်တို့ကို မဆိုလို၊ လူသားအချင်းချင်းကွဲလွဲမှုများကို ငြိမ်းချမ်း သောနည်းများဖြင့် ဖြေရှင်းညှိနှိုင်း၍ ရနိုင်ပေသည်။သိရီ ပရမ်ဟံသာ ယောဂနန္ဒက ဘဂ၀တ်ဂီတအဖွင့် ကျမ်းတွင်မဟာဘာရတ၏အနှစ်သာရစကားကိုရှင်းပြထားသည်။
ဓရိတရရှတြ၏ ယုတ္တိအဆင်ခြင်မဲ့သောစိတ်၏သင်္ကေတဖြစ်သည့် သားတော် ပေါင်းတစ်ရာတွင်မနာလိုဝန်တိုမှု၊ ရန်လိုမှုဒေါသ၊ ခက်ထန်မှု၊ ဖျက်ဆီးမှု၊ လူမျိုးရေးမာန်၊ ခိုက်ရန်ငြင်းခုန်မှု၊ လက်စာချေမှု၊ အမြင်မကျယ်မှု၊ မိုက်မဲမှု စသော စရိုက်များရှိကြသည်။ ထိုစရိုက်များသည်သာလျှင် ရန်သူများဖြစ်ကြသည်။ ထိုစရိုက်များကိုသာ စစ်သွေးစစ်မာန်အပြည့်ချေမှုန်းသကဲ့သို့ အပြတ်နှိမ်နှင်းကြရပေမည်။ ဤသည်ပင်လျှင် ပုဂ္ဂလိကတစ်ဦးချင်း သာမက လူမှုအဖွဲ့အစည်းအတွင်း တကယ်တိုက်ခိုက်ရမည့် မဟာဘာရတစစ်ပွဲအမှန်ဖြစ်ပေသည်။ ဆန့်ကျင် ဘက်အင်အားစုများကို ဖျက်ဆီးနှိမ်နှင်းနိုင်သူကို ဂျိန်းဘာသာဝင်တို့က ရဟန္တာဟု ရည်မှတ် ပူဇော်ကြ လေသည်။
ဆတျ ဆိုင် ဘာဘာက “ သစ္စာတရား၊ ဖြောင့်မတ်မှု၊ မေတ္တာ၊ ငြိမ်းချမ်းမှုနှင့် အကြမ်းမဖက်မှုတရားများသည်
အကုသိုလ်စိတ်များကို ဖျက်ဆီးနိုင်သော ပဏ္ဍ၀တရားများဖြစ်၏” ဟု ဆိုသည်။ ဂုရုနာနခ်၊ ကဗီးရ်နှင့်
အခြားသောရှေ့တော်ပြေးပုဂ္ဂိုလ်ကြီးတို့၏ တရားအနှစ်တို့မှာလည်း ကျွန်ုပ်တို့ လိုက်နာရမည့် ထပ်တူ
တရားများ ပင်ဖြစ်လေသည်။
ပုဂ္ဂလိကအရေးအရာနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်ပျက်သုဉ်းစေမည့် အမြင်မကျယ်ခြင်း၊
အဖျက်စိတ်နှင့် ရုန့်ရင်းကြမ်းတမ်းသောစကားစသည်တို့သည် အကျိုးမဲ့သောအရာများသာဖြစ်၏၊
ထိုအရာများကို စေ့စပ်ဖြန်ဖြေရေး ကာလအတွင်းဝယ် စောင့်စည်းထိမ်းသိမ်းရပေမည်။ နောက်ထပ်မေးခွန်း
တစ်ခုမှာ လျော်ကန်သင့်မြတ်သောစကားဝိုင်း တစ်ခုဖြစ်ပေါ်လာရန် လွတ်လပ်၍ သဟဇာတကျသော
ရပ်ဝန်းတစ်ခုကို မည်သို့တည် ဆောက်ကြမည်နည်း ဟူ၍ ဖြစ်သည်။
ပတဉ္စလီက “ အဟိံသတရားရှိရာ အာဃာတမလာနိုင်” ဟု ဆိုသည်။ အဟိံသဆိုတာ ဘာလဲ။
ဆွာမိဝိဝေကာနန္ဒကပင်
“
2 comments:
ဖတ်သွားပါတယ် ကိုယ်တော်
လာဖတ်သွားပါတယ်...
Post a Comment