07 January, 2010

ဗာရာဏသီမျက်လုံးများ



သင်တန်းဖွင့်ပွဲအမှတ်တရ



ပိဋကတ်ဆိုင်ရာခေတ်လေ့လာနည်း


သင်တန်းနားချိန်



ကွန်ပြူတာအမာထည် အပျော့ထည်


(၁)

ဗာရာဏသီဆောင်းက စိမ့်နေအောင်အေးပါတယ်။ ကိုယ်ပိုင်လိပ်စာမရှိသေးတဲ့ သူ့အတွက် မိတ်ဆွေအရှင်ဣဿရရဲ့အခန်းလေးဟာ လုံခြုံပေမယ့် ရာသီနှင်းရဲ့ လက်တံများက အခန်းလေးရဲ့ နံရံထူထူတွေကို စပ်စပ်လေးပုတ်တတ်ပါသေးတယ်။ နယူးယောက်ဆောင်းနဲ့ မပြိုင်နိုင်ပေမယ့် လျှပ်စစ်မီးလုံလောက်အောင်မရ၊ အပူပေးစက်လည်းကောင်းကောင်းမရှိရှာတဲ့ မိဂဒါဝုန်နံနက်ခင်းတွေက ကဗျာတစ်ပုဒ်ရဲ့ တုန်ခိုက်သောအပိုင်းအစတွေဖြစ်ကောင်းဖြစ်နိုင်ပါလေရဲ့။

ဒီရက်ပိုင်းတွေမှာ သူက စောစောထနိုင်အောင် အားစိုက်ဖြစ်ပါတယ်။ အရုဏ်တက်ချိန်လေးမှာ ရေးလက်စ စာတွေကို ဆက်ရေးဖြစ်ပါတယ်။ ပြီးတော့ ဆယ်နှစ်မြောက်နှစ်ပတ်လည်အစည်းအဝေးကြီးက ဖွဲ့စည်းပေးလိုက်တဲ့ ပညာရေးကော်မတီရဲ့ အတွင်းရေးမှူးရဟန်းတော်တစ်ပါးအနေနဲ့ ဗာရာဏသီဌာနရဲ့ ပညာရေးမြှင့်တင်ရေးအစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ကြိုးစားဖြစ်ပါတယ်။(အဖွဲ့ကြီးရဲ့ အထွေထွေအတွင်းရေမှူးဟာ ပညာရေးကော်မတီရဲ့ အတွင်းရေးမှူးအလိုအလျောက်ဖြစ်စေရမည် လို့ မူကြမ်းရေးထားပါတယ်)

တကယ်တော့ ပညာရေးကော်မတီမဖွဲ့မီလွန်ခဲ့တဲ့နှစ်တွေကလည်း သူ့အနေနဲ့ မိတ်ဆွေရဟန်းတွေရဲ့ တောင်းဆိုချက်အချို့ကို ပျော်ရွှင်စွာ ဖြည့်ဆည်းခဲ့တာပါပဲ။ ဆရာတပည့်ပုံစံထက် အချင်းချင်းအသိပညာဖလှယ်ရေးသဘောမို့ နွေးထွေးလှပါတယ်။ ဟင်ဒီတတ်သူက ဟင်ဒီ၊ ကွန်ပြူတာနားလည်သူက ကွန်ပြူတာ၊ အင်တာနက်သမားကလည်း အင်တာနက်၊ ဟင်းချက်ကျွမ်းသူကလည်း ဟင်းချက်မို့ တက်ကြွတဲ့ ပညာရေးလမ်းပါပဲ။ ပေးကြစေ ယူကြစေပေါ့။

ဗာရာဏသီဌာနအမှုဆောင်ရဟန်းတော်များ၊ပညာရေးကော်မတီဝင်များနဲ့ ညှိနှိုင်းပြီး ဗာရာဏသီဌာနအတွက် သင်တန်းသုံးခု သတ်သတ်မှတ်မှတ်ဖွင့်ဖို့ အတည်ပြုဖြစ်ခဲ့ပါတယ်။
(၁)ပိဋကတ်ဆိုင်ရာခေတ်လေ့လာနည်းသင်တန်း(NEW APPROACH TO PITAKA) ကို အရှင်ဓမ္မသီလာဘိဝံသ(ဗာရာဏသီဟိန္ဒူတက္ကသိုလ်)(မစိုးရိမ်တိုက်သစ်နာယကဆရာတော်) က ပို့ချပေးမယ်။
(၂)ကွန်ပြူတာသင်တန်း ကိုတော့ ဒေါက်တာအရှင်ကေ၀လာနန္ဒနဲ့ အရှင်သာသနတို့က လမ်းညွှန်ပြသပေးကြမယ်။
(၃)ပိဋကတ်ဆိုင်ရာအင်္ဂလိပ်စာပေသင်တန်းကိုတော့ သူက တာဝန်ယူသင်ကြားပေးမယ်ပေါ့။

သူကတော့ ၂၀၁၀ နှစ်ဆန်း (၁) ရက်နေ့ နံနက် ၈း၃၀ မှာပဲ သူ့ရဲ့ သင်တန်းကို ဖွင့်လှစ်ကာ နှစ်သစ်ကို မင်္ဂလာရှိစွာကြိုဆိုဖြစ်ခဲ့ပါတယ်။ သင်တန်းကို ချမ်းပေမယ့် လှမ်းခဲ့ကြတဲ့ မိတ်ဆွေရဟန်းတော်များရဲ့ ပညာရေးထက်သန်မှုအတွက် အားတက်ခဲ့ရပါတယ်။ တက္ကသိုလ်စာသင်ခန်းတွေက နေ့ခင်းပိုင်းတွေမှာရှိတတ်တာမို့ သူ့ရဲ့သင်တန်းကို နံနက်ခင်းမှာ ဖွင့်လိုက်ရတာပါ။
ဒီနေ့ဟာ သူ့ရဲ့သင်တန်း သတ္တမမြောက်နေ့ပါပဲ။သူရဲ့သင်တန်းခန်းမကတော့ သူ့အတွက် အရှင်ကောဝိဒ(ရှမ်းလေး)တို့အဖွဲ့ ငှါးပေးထားတဲ့ အိပ်ခန်းလေးပါ။ အိမ်လခကတော့ မပေးရသေးဘူးပေါ့။
အခန်းလေးက ကျယ်ကျယ်ဝန်းဝန်းရှိတာမို့ သင်တန်းအတွက် အဆင်ပြေသွားပါတယ်။
ဒါပေမယ့် သူကတော့ ရွက်ကျပင်ပေါက်မို့ နေမိနေရာမှာ ပျော်လေ့ရှိပါတယ်။ နေလက်စ ကိုးန၀င်းလို့ အမည်ပေးထားတဲ့အဆောင်ကနေ မပြောင်းဖြစ်သေးပါဘူး။
စာသင်ရုံသက်သက်ပဲ အခန်းလေးကို အသုံးပြုဖြစ်တာပါ။

မိတ်ဆွေရဟန်းတော်များနဲ့အတူ သူ့ရဲ့သင်တန်းလေး နွေးထွေးနေစဉ်မှာပဲ “ ချမ်းမြေ့ပါစေ”တေးသွားအလိုက် တယ်လီဖုန်းခေါ်သံတစ်ခုက စူးစူးလေးဝင်ရောက်လာခဲ့တော့တာပါ။ သင်တန်းဟန်ချက်ပျက်မှာမို့ ဖုန်းကို ပိတ်ပစ်လိုက်ပါတယ်။
ဒါပေမယ့် သူ့စိတ်မှာတော့ ပြိုးပြက်သွားလေရဲ့။

(၂)

ဒီနေ့ဗာရာဏသီမှာ သင်တန်းစုံဖွင့်မယ့်နေ့လို့ လွန်ခဲ့တဲ့ရက်ကတည်းက တစ်မြို့လုံးမှာ အဆောင်ဆောင် အခန်းခန်းကွဲပြားနေတဲ့ ရဟန်းတော်များကို ပြန်ကြားရေးမှူးအရှင်ဝါယာမိန္ဒက ဆော်သြောနေခဲ့ပါတယ်။ သင်တန်းဖွင့်လှစ်မယ့်နေရာကိုတော့ ဗာရာဏသီဆေးဝင်္ကဘာကျောင်းက ဆွမ်းစားဆောင်ကို သတ်မှတ် လိုက်ကြပါတယ်။ နေရာလည်း ကျယ်ဝန်း၊စာသင်ခန်းအဖြစ်ဖန်တီးဖို့လိုအပ်မယ့် ဆွမ်းစား စားပွဲတွေ ထိုင်ခုံတွေ ကလည်း အဆင်သင့်ရှိနေခဲ့တာကိုး။

အရှင်ဓမ္မသီလာဘိဝံသရဲ့ ပိဋကတ်ဆိုင်ရာခေတ်လေ့လာနည်းသင်တန်း၊ ဒေါက်တာအရှင်ကေ၀လာနန္ဒနဲ့ အရှင်သာသနတို့ရဲ့ ကွန်ပြူတာ(အမာထည်၊အပျော့ထည်)သင်တန်းတွေကို ဒီနေ့ညနေ သုံးနာရီတိတိမှာ ဖွင့်လှစ်ပို့ချကြတော့မှာဖြစ်ပါတယ်။ အဲဒီအတွက် “ချမ်းမြေ့ပါစေ”တေးသွားအလိုက် တယ်လီဖုန်းခေါ်သံ တစ်ခုက ၀င်ရောက်လာခဲ့တော့တာပါ။ “ နေ့ဆွမ်းအမီ သင်တန်းချိန်များညှိနှိုင်းရန် ကြွခဲ့ပါဦး” ဆိုတဲ့ ပညာရေးကော်မတီဝင်အရှင်နန္ဒသာရရဲ့ အသံ။
“အိုခေ အိုခေ”
ဒီလိုနဲ့ ပညာရေးကော်မတီတွဲဖက်အတွင်ရေးမှူးအရှင်ဉာနောဘာသာလင်္ကာရနဲ့အတူ သင်တန်းများဖွင့်လှစ် မယ့် ဆေးဝင်္ကဘာကျောင်းတော်ဆီ အော်တိုကားတစ်စီးနဲ့ ချီတက်ခဲ့ကြပါတော့တယ်။ သူ့သီတင်းသုံး ဖော်အရှင်ဣဿရနဲ့ နာဂဇုနတက္ကသိုလ်က အရှင်သီဟဉာဏာလင်္ကာရတို့လည်း လိုက်ပါခဲ့ကြလေရဲ့။


(၃)

ညနေသင်တန်းမစမီပိဋကတ်ဆိုင်ရာခေတ်လေ့လာနည်းဆရာတော်နဲ့ အချိန်ညှိကြပါတယ်။ ပိဋကတ် သင်တန်းနဲ့ ကွန်ပြူတာကတော့ တစ်ပတ်မှာ နှစ်ရက်။သူ့သင်တန်းကတော့ တစ်ပတ်ငါးရက်၊ တစ်ရက် နှစ်ကြိမ်ဖွင့်မှာပါ။သင်တန်းစချိန်မှာတော့ တကယ့်အားရစရာပါပဲ။ တက္ကသိုလ်သင်တန်းရှိတဲ့၊ ပါရဂူဘွဲ့အတွက် ကျမ်းကြိကြပ်တဲ့ဆရာနဲ့တွေ့နေရတဲ့ရဟန်းတော်အချို့မှ တစ်ပါး ဗြာရာဏသီမှာပညာသင်နေတဲ့ ရဟန်းတော် အားလုံးနီးပါးတက်ရောက်ကြတာပါ။

အရှင်ဓမ္မသီလာဘိဝံသက သာသနာတော်မှာ ရဟန်းတော်များအတွက် အရေးကြီးလှတဲ့ သုတ္တန္တပိဋက၊ ဒီဃနိကာယ်၊ သီလက္ခန္ဓ၀ဂ္ဂပါဠိတော်ထဲက သာမညဖလသုတ်ကို စပြီး ပို့ချပေးပါတယ်။ သူကပို့ချပေးတယ်လို့ ဘလော့မှာ ရေးလိုက်ပေမယ့် ဆရာကတော့ ဆွေးနွေးတာပါလို့ သုံးသွားတာမှတ်မှတ်ရရပါ၊ ကွဲလွဲခွင့်ရှိတယ်လို့လည်း ဖိတ်ခေါ်ပါသေးတယ်။ ဆရာကြီးမလုပ်ချင်ပါဘူးး ခေါင်းဆောင်ပဲ ဖြစ်ချင်ပါသတဲ့။ ဆရာကြီးဆိုသူကတော့ ဒါပဲ လုပ်ရမယ်လို့ အမိန့်ပေးလေ့ရှိပြီး ခေါင်းဆောင်ကတော့ ဆွေးနွေးတိုင်ပင်ပြီး အဖြေရှာလေ့ရှိကြောင်းလည်း ရှင်းပြပါသေးတယ်။

တကယ်တော့ သင်တန်းတက်ရောက်သူအားလုံးဟာ ဓမ္မာစရိယရဟန်းတော်တွေချည်းမို့ သာမညဖလ သုတ်တော်နဲ့ အကျွမ်းတ၀င်ဖြစ်ခဲ့ကြဖူးပါတယ်။ စာမေးပွဲမှာ တခုတ်တရဖြေခဲ့ကြရတာကိုး။အားလုံးမှာ ဒီသုတ်တော်နဲ့ပတ်သက်ပြီး ရှုထောင့်စုံအမြင်တွေ ရှိနေမှာ သေချာလှပါတယ်။ အဲဒီအမြင်တွေကို ဆရာက အစဆွဲထုတ်နေတာပဲ ဖြစ်ပါတယ်။ ပြီးတော့လည်း ရိုးရာသင်နည်းစနစ်နဲ့ခေတ်အမြင်ပေါင်းစပ်ပြီး ပိဋကတ်ကို ပါးပါးနပ်နပ်ချဉ်းကပ်တတ်ဖို့လည်း ရည်ညွှန်းပါတယ်။ ဒီသင်တန်းဟာ တစ်ဦးတစ်ယောက်တည်း ဒိုင်ခံပြောခြင်း(monologue)ကနေအများစုပေါင်းအပြန်အလှန်ပြောဆိုဆွေးနွေးခြင်း(Dialogue) နည်းနာကောင်း များကို မွေးမြူပေးနိုင်ပါလိမ့်မယ်။

သာမညဖလသုတ်ကတော့ ဖခင်ကို သတ်မိလို့ပူဆွေးနေတဲ့ အဇာတသတ်ရဲ့ ဘုရားရှင်ထံချဉ်းကပ်ခန်း၊ရဟန်း ဘ၀ရဲ့ အကျိုးဆိုတာ ဘာပါလဲလို့ အဇာတသတ်ရဲ့ အမေးနဲ့၊ ဘုရားရှင်ရဲ့ အဖြေကို မှတ်တမ်း တင်ထားတဲ့သုတ်တော်ပါ။ သာမညဖလဆိုတာ ရဟန်းအဖြစ်ရဲ့ အကျိုးကျေးဇူးပါပဲ။ဖဆပလညီလာခံ(၁၉၄၆ခု ဇန်န၀ါရီလ)မှာဗိုလ်ချုပ်အောင်ဆန်းကတော့ရဟန်းအဖြစ်(Priesthood)နဲ့ ဘုန်းကြီးလုပ်စားခြင်း (Priestcraft) ဆိုတဲ့ စကားလုံးနှစ်လုံးကွဲကွဲပြားပြားသုံးသွားတာ အမှတ်ရစရာပါ၊ ဘာသာဝင်အချင်းချင်းကရော၊ ဘာသာခြားတွေကပါ ပြစ်တင်ကဲ့ရဲ့စရာဖြစ်တဲ့ ဘုန်းကြီးလုပ်စားနေသူတွေနဲ့ ရဟန်းဘ၀ကို အမှန်တကယ် သက်ဝင်ကျင့်သုံးလိုက်နာပြီး လောကဟိတနဲ့ လောကသုခကို ငဲ့ကွက်အားထုတ်နေသူတွေကို ခွဲခြားပြီး ပြောလိုက်ခြင်းပါပဲ။ အမြင်ရှင်းကြဖို့ပါ။ဘာပဲဖြစ်ဖြစ် ဒီနေ့သင်တန်းကို အခြေခံပြီး ဆွဲထုတ်စရာ အစတွေများခဲ့ပါတော့တယ်။

သင်တန်းချိန်၄၅ မိနစ်ဟာ အလွယ်တကူကုန်ဆုံးသွားခဲ့ပါတယ်။ အချိန်ကုန်းမှန်းမသိကုန်သွားတာ သင်တန်းချိန်တစ်ခုရဲ့ အောင်မြင်မှုပဲဖြစ်ပါတယ်။ နောက်ထပ်တစ်နာရီကတော့ အရှင်သာသနရဲ့ ကွန်ပြူတာသင်ခန်းစာများပဲ ဖြစ်ပါတယ်။ အသစ်တွေချည်းမှတ်နေရတာမို့ ခေါင်းထဲမှာ စာလုံးအသစ် တွေ၊အမာထည်တွေ၊အပျော့ထည်တွေ တန်းစီချိတ်ပြီးသားဖြစ်သွားပါတယ်။ နေရာတကျပြန်စီရဦးမှာပါ။ သင်ယူစရာတွေက များလှပါပကော။ အို အသင်လောက။
မသိတော့ မတတ်တော့လည်း သင်ပေါ့လေ။

သင်တန်းပြီးတော့ ညနေစောင်းပါပြီ။ (၇)ကီလိုမီတာဝေးတဲ့ မိဂဒါဝုန်ညနေကိုတော့ မမီလိုက်တော့ပါဘူး။
ဘာပဲဖြစ်ဖြစ် ဗာရာဏသီညနေကလည်း လှပါတယ်။

(ဒီနေ့ရက်တွေမှာပဲ အဖွဲ့ပိုင်ကျောင်းတော်ကြီးတည်ရှိရာ မဂဓဌာနနဲ့ နာလန္ဒာဌာနတို့မှာလည်း သင်တန်းတွေ စနေပြီ၊အဖွဲ့ဝင်ရဟန်းတော်တွေ တက်တက်ကြွကြွ ပညာရေးကွန်ရက်ကြီးထဲ ကိုယ်တိုင်ကိုယ်ကျ အပိတ်ခံလိုက်ကြပြီ။ဆိုတဲ့ သတင်းကောင်းတွေ ဗာရာဏသီ ဂင်္ဂါမြစ်ကို ဆန်တက်လာပါတယ်။ သာဓုခေါ်ထိုက်ပါပေစွ)

No comments: