08 January, 2010

ဖရီးဒမ်းဆာလောင်မှုများနဲ့ နေက္ခမ္မလည်ပြန်


(ဒါလည်း အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့က ရေးဖြစ်ခဲ့တဲ့ အဟောင်းလေးပါ။ ချောင်ကပ်နေတာလေးတွေ မဖတ်ဖြစ်မှာစိုးလို့ ရှေ့ပြန်ပို့လိုက်ပါတယ်၊ ရွှေပြည်ကြီးရဲ့လွပ်လတ်ရေးနေ့ကိုလည်း ဂုဏ်ပြုလိုက်ပါရဲ့)









(၁)

ဒီနေ့က အိန္ဒိယနိုင်ငံကြီးရဲ့ ၆၃ ခါလည် လွတ်လပ်ရေးနေ့ပါ။
အောင်ပွဲခံနေတဲ့အသံတွေ၊ မြုးထူးရယ်မောသံတွေ၊ မဇ္ဈိမတေးသွားတွေနဲ့ နိုင်ငံအ၀ှမ်း ပျော်ရွှင်ကြည်မြနေကြပါရောလား။ သူတို့လွတ်လပ်ရေးထဲ ကိုယ့်ကိုယ်ကိုယ်လည်း ရောနှောထည့်ပြီး လွတ်လပ်ကြည့်လိုက်တယ်။ အား ပါးပါး ....၊

ငယ်စဉ်ကိုရင်ချာတူးလေးဘ၀က နေခဲ့တဲ့ကျေးလက်မြို့လေးမှာ
လွတ်လပ်ရေးနေ့ အနံ့ရပြီဆိုရင် ဆွမ်းခံသွားရင်း စာကျက်နေရင်း ဘုရားရှိခိုးရင်းကို အူမြူးနေတော့တာ။
တစ်နိုင်ငံလုံး ကျောင်းတွေပိတ် ရုံးတွေပိတ်နဲ့ ပျော်ပွဲ ရွှင်ပွဲတွေ အားကစားပြိုင်ပွဲတွေ ခြိမ့်ခြိမ့်သည်းကို ကျင်းပကြတော့ ဘုန်းတော်ကြီးရဲ့ စာတက်ခေါင်းလောင်းသံလေးလည်း တိတ်ပေးမယ်ထင်တာ။
လောကီနဲ့ မရောထွေးတဲ့ ဆရာဘုန်းကြီးကတော့ ခေါင်းလောင်းသံကို ပိုပြီးကျယ်လောင်စေခဲ့သပ။
“ကိုယ့်လွတ်လပ်ရေး ကိုယ်လုပ်” ဆိုတဲ့ ဆရာဘုန်းကြီးစကားကို ဘယ်မှာ ဘာသာပြန်တတ်ခဲ့မှာတုန်း၊
ဘာပဲဖြစ်ဖြစ် အဲဒီလွတ်လပ်ရေးညကတော့ ကိုယ့်လွပ်လပ်ရေး ကိုယ်ဖန်တီးခဲ့တာပဲ။ ပွဲခင်းဈေးထဲ လျှောက်လည်ပစ်တာပါ။
နောက်တစ်နေ့မှာတော့ တင်ပါးစုတ်အောင် အရိုက်ခံထိတော့တာပါပဲ။
အသိတစ်ခုတော့ ဆုပ်ကိုင်မိသွားတယ်။ လွပ်လပ်ရေးလိုချင်ရင်တော့ နာကျင်မှုကို ရင်းရမယ်ဆိုတာပဲ။

ရဟန်းတစ်ပါးအတွက်ကတော့ ဓမ္မပါစပက်ခ်တစ်နဲ့ ကြည့်ရင် သဘာဝအရ လွတ်လပ်ပြီးသားပါ။
ရဟန်းဘ၀ဆိုတာကိုက အချုပ်အနှောင်မှန်သမျှကို စွန့်လွှတ်ခြင်းပါပဲ၊
နေက္ခမ္မပါရမီဆိုတဲ့ စကားလုံးလေးကို ပြန်ရွတ်ကြည့်မိမှ
ချုပ်နှောင်မှုတွေဆီ မျက်နှာမူနေသလား
တကယ်ကျောခိုင်းနိုင်ပြီလား၊
မိတ်ဆွေတစ်ယောက်ရဲ့ စကားအတိုင်း မေးခွန်းတွေ တစ်လိပ်ပြီးတစ်လိပ်မီးညှိသောက်မိတော့တာပါပဲ။

ဇင်ဗုဒ္ဓဘာသာစာပေမှာ
“ တပည့်တော်ကို လွတ်မြောက်ခွင့် ပေးတော်မူပါဘုရား ” လို့ တစ်စုံတစ်ယောက်က ဘုန်းတော်ကြီးကို လျှောက်ထားတဲ့အခါ
“ ဘယ်သူက ချုပ်နှောင်ထားလို့လဲ ” တဲ့။
ဟုတ်ပ ဘယ်သူက ချုပ်နှောင်ထားတာတုန်း။
လက်သည်က ဘယ်သူလဲ။
လူကို ချုပ်နှောင်ထားတာလား။
စိတ်ကို ပိတ်ဆို့ထားတာလား၊

တကယ်တော့ ရဟန်းဘ၀ဆိုတာကို လောကုတ္တရာနံရံကြီး ခြားပစ်လိုက်လို့တော့ မရဘူး။
ငိုသံတွေ ကြားနေရတယ်။
ညီးတွားသံတွေ ပဲ့တင်ထပ်နေတယ်။

ဗုဒ္ဓဘုရားရှင်ထက် လောကီကို ဘယ်သူပိုစွန့်နိုင်မလဲ။
ကောလိယနဲ့ သာကီယတို့ ရောဟဏီမြစ်ရေပိုင်ဆိုင်မှုအတွက် စစ်ပြင်ကြတဲ့အခါ
ဘုရားရှင်ကိုယ်တော်တိုင်
စစ်မြေပြင်ဆီ ငြိမ်းချမ်းရေး သံကြီးတမန်ကြီးအဖြစ်ရောက်လာရသေးတာ။

ကိုယ်တော်မြတ်ရဲ့ မွေးရပ်မြေ ကပိလ၀တ်တိုင်းနိုင်ငံငယ်လေးကို ဆူပါပါဝါကောသလဘုရင် ၀ိဋဋူပက ကျူးကျော်စစ်ဆင်နွှဲဖို့ ချီတက်သွားတဲ့အခါ ကိုယ်တော်မြတ်ရဲ့ ဇာတိနိုင်ငံအစပ်က သစ်ခြောက်ပင်လေးအောက်မှာ ထိုင်ပြီး “ အမျိုးရဲ့ အရိပ်က ပိုအေးပါသကွယ် ” ဆိုတဲ့ စကားနဲ့ ၀ိဋဋူပရဲ့ စစ်တပ်ကြီး ပြန်ဆုတ်သွားအောင် ကာကွယ်တော်မူခဲ့ရှာသေးတာပဲ။

ရဟန်းဘ၀ကတော့ လွတ်လပ်တာအမှန်ပါ။
ဒါပေမယ့် မလွတ်လပ်သေးသူတွေရဲ့ ငိုရှိုက်သံတွေဆီလည်း လှည့်လှည့်ကြည့်မိသေးတာကလား။

1 comment:

Ma Min said...

"ကြောင့်ကျမဲ့သော စိတ်နှလုံးတော်မျိုးမရှိပါဘူး" ဆိုတဲ့ ဘုရားရှင်တော်မြတ်ရဲ့ အာဝေဏိက ဂုဏ်တော် နံပါတ် ၁၈ ကိုသတိရလိုက်ပါတယ် ဘုန်းဘုန်းဘုရား။ သံဃာတော်တစ်ပါးအနေနဲ့ တပည့်တော်အပေါ်..ကျေးဇူးကြီးလှပါပြီ... ဒီဓမ္မင်္ဂါ blog အတွက် ကျေးဇူးတင်လှပါကြောင်း။ ခြေတော်အစုံကို ဦးခိုက်လျက်...