27 November, 2011

ရဟန်းနှင့် မဆလာလေကြောင်း(၂)

(၃)

သူ့ငယ်ဘ၀တွင် ရွာလေး၏ ကောင်းကင်လမ်းမပေါ်က လေယာဉ်မွှားမွှားလေးများကို ငေးမောရင်း လသာညများကို ဖြတ်သန်းကြည်မွေ့ခဲ့ဖူးသည်။ ကြယ်စုံသည့် တိမ်လွင်ပြင်ထဲ လက်လက်ထ ပြေးလွှားနေသော လေယာဉ်ပျံများ တစ်စီးပြီး တစ်စီး ပျံသွားခဲ့ကြသည်။ သူကတော့ ကျောက်သင်ပုန်းတစ်ချပ်နှင့် ကောင်းကင်အိပ်မက်ကို ခိုးစီးရင်း လရောင်ကိုပဲ ဆွတ်ခူးနေခဲ့မိလေသည်။

သူ ရွာဦးကျောင်းစာသင်ဇရပ်လေးတွင် ပျော်ရွှင်ချမ်းမြေ့စွာ မြူးတူးခုန်ပေါက်ရင်း စာတွေ အော်ကျက်ခဲ့သည်။ ပညာရေးကောင်းမွန်သော စာသင်ဇရပ်လေးတွင် ကိုရင်ကျောင်းသားများသာမက ကျောင်းသူလေးများ၏ အသံစာစာလေးများကိုပါ ကြားခဲ့ရသည်။ အော် မိဦးတို့ မိထူးတို့...ဆန်းမြတို့ရေ.....စာသင်ဇရပ်လေးဆီ ပြန်မရောက်တာ နှစ်ပေါင်းသုံးဆယ်ရှိခဲ့ပြီပဲနော်.။

အမှန်တကယ် ရွာဦးကျောင်းဆိုသော်လည်း တစ်ရွာတည်းက ပိုင်သော ကျောင်းမဟုတ်၊ ညောင်သွယ်၊ချင်မြစ်ကျင်းနှင့် တင်ကုတ်ကြီး ရွာသုံးရွာ၏ အလယ်ဗဟို တစ်မိုင်အကွာအဝေးခန့်မှာ တည်ရှိသည့် တောရကျောင်းတစ်ခုသာဖြစ်သည်။ ယခင်က ရွာကြီးတစ်ရွာစည်ကားစွာ တည်ရှိခဲ့ပြီး ပျက်သုံးသွားရာမှ ထီးတည်းကျန်နေခဲ့သော ၀တ္တကမြေပေါ်တွင် ပြန်လည်တည်ထောင်ထားခြင်းဖြစ်သည်။ ထုံးဖြူဖြူဘုရားကြီးတစ်ဆူနှင့် ကဆွန်ဟုခေါ်သော အာရုံခံတန်ဆောင်းကြီးတစ်ခု ရှိသည်။ သူ့ပညာရေး အညှောက်ပေါက်ခဲ့ရာ ဘုန်းတော်ကြီးကျောင်းကို ဘုရားကြီးကျောင်းဟုပဲ လွယ်လွယ်ခေါ်ခဲ့ကြသည်။ (သူ့ကိုလည်း ဘုရားကြီးကျောင်းထွက်ကိုယ်တော်ဟု ရွာဘက်ဆီရောက်တော့ ကြားခဲ့ရသည်။)

(၄)

မြို့ပြတွင် ပညာသင်ယူပြိး ကျေးလက်ကို ငဲ့စောင်းကြည့်လိုသည့် သူ့ငယ်ဆရာဘုန်းတော်ကြီးသည် ဆိတ်သုဉ်းနေသော ဘုရားကြီးကျောင်း၏ တဲစုတ်သာသာဇရပ်လေးတွင် စတင်အခြေချသည်။ ဘုရားကြီးကျောင်း၏ စဦးဆင့်ကဲဖြစ်စဉ်များကို မှတ်မိခြင်းမရှိတော့သော်လည်း သူလေးနှစ်သားအရွယ် ဆွမ်းအုပ်ရွက်ထားသောအမေ့လက်ကို ဆွဲကာ ဘုန်းတော်ကြီးကျောင်းမြက်ခင်းပေါ် ဘုန်းကြီးကျောင်းသားလေးတစ်ယောက်အဖြစ် ပထမဆုံးခြေချခွင့်ရချိန် ဘုရားကြီးကျောင်းသည် စည်ကားစိမ်းလန်းနေခဲ့ပါပြီ။

ဦးထွန်းညွန့်ဆိုသော အဘိုးကြီးတစ်ဦးက ကိုယ်ပိုင်ကျွန်းသားအိမ်ကြီးတစ်ခုလုံးကို တိုင်းရင်းမှ နှုတ်ချွတ်ကာ ကျောင်းအဖြစ်လှူဒါန်းခဲ့သည်။ သူဘုန်းကြီးကျောင်းသားလေးဖြစ်ချိန်တွင် ဘိုးထွန်းညွန့်ကို ဘုန်းတော်ကြီးက ကျောင်းမှာ နေထိုင်ဖို့ခေါ်ထားသည်။ဘာမှမကျန်အောင် ပရိဘောဂပစ္စည်းများကိုပါ သာသနာအတွက် ရက်ရောစွာ လှူဒါန်းခဲ့သူမို့ ဆရာဘုန်းတော်ကြီးက သာသနာ့အရိပ်တွင် ခိုနားခွင့်ပေးထားခဲ့လေသည်။

ဘိုးထွန်းညွန့်ကျောင်းဆောင်ကြီးအပြင် အများကောင်းမှု သိမ်ကျောင်း၊ဓမ္မာရုံ၊ ဆွမ်းစားဆောင်နှင့်ွဥပုသ်ဇရပ်တို့ဖြင့် သိုက်ဝန်းခဲ့သည်။ သူတို့ ကလေးများအတွက် စာသင်ဇရပ်လေးလည်း ၀ါးကြမ်းခင်းလေးဖြင့် မတ်မတ်မားမားရှိနေခဲ့ပြီ။ စာသင်ခုံမရှိသောဇရပ်လေးတွင် ကိုရင်များနှင့် ကျောင်းသားကျောင်းသူတို့ ကြမ်းတပြေးတည်း စာအော်ခဲ့ကြရသည်။

ကျောင်းထိုင်ဘုန်းတော်ကြီးဦးဆောင်ပြီး စာချရဟန်းတော်များက အခြေခံဘာသာရပ်စုံအောင် သင်ကြားပို့ချပေးခဲ့ကြသည်။ သင်ပုန်းကြီးဖတ်စာနှင့် ပရိတ်ကြီးဆယ်စောင်တွဲကို အခြေပြုကာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာတို့အပြင် ဗေဒင်လင်္ကာများပါမကျန် ကျက်မှတ်ခဲ့ရသည်ကို သတိရနေသေးသည်။

တစ်နေကုန် ကျက်မှတ်ထားသော စာကို ညနေခင်း ကျောင်းမဆင်းမီ ဆရာဘုန်းတော်ကြီးများထံတွင် ပြန်ဆိုပြရသည်။ စာမရသူကို စာရသူက နားရွက်ဆွဲကာ ဇရပ်၏ တစ်ဘက်ခြမ်းမှ တစ်ဘက်ခြမ်းသို့ ခေါက်တုံ့ခေါက်ပြန် ပို့ရသည်။
( သူငယ်ငယ်တုန်းက ကျောင်းသားကြီးများကို နာရွက်ဆွဲခဲ့ရဖူးသည်။ ဘုန်းတော်ကြီးကွယ်ရာတွင် လက်သီးစာမိမှာ ကြောက်သဖြင့် ဖွဖွလေးသာ ဆွဲရဲသည်။ တစ်ခါတစ်ရံ ကျောင်းသူလေးများကိုပါ နားရွက်ဆွဲရသည့်အခါ မုန့်မကျွေးဘဲ နေလိုက်မှာ ဟု အဓိပ္ပါယ်ရသည့် မျက်စောင်းကို ပုံဖော်မိသဖြင့် ရွရွလေးသာ ထိရဲလေသည်။
အင်း ဘယာဂတိနှင့် ဆန္ဒာဂတိ...)

စာသင်ဇရပ်လေးရှေ့တွင် လွတ်လပ်ကျယ်ပြောသော ကစားကွင်းကြီးရှိသည်။ ကျောင်းသားကြီးကိုရင်ကြီးများအတွက် ဆရာဘုန်းတော်ကြီးက ဘောလုံးများဝယ်ပေးထားသည်။ ကျောင်းသူများအတွက်တော့ ကြိုးခုန်ဖို့၊ ကြက်တောင်ရိုက်ဖို့ အားပေးထားသည်။ သူတို့လို ဟိုမရောက်ဒီမရောက်လေးတွေအတွက် သားရေကွင်းနှင့် ကျောက်ဒိုးများ ချီးမြှင့်ပေးလေ့ရှိ၏။ ပစ်ကြပေရော..။

ထိုသို့ ပေးကမ်းစွန့်ကြဲနိုင်ရန် ဆရာဘုန်းတော်ကြီး၏ ကျောင်းပတ်လည်တွင် စိုက်ပျိုးနိုင်သော ၀တ္တကမြေများရှိလေသည်။ ဂေါစရဂါမ်ရွာများမှ ဒကာဒကာမတို့က ရာသီအလိုက်သီးနှံများကို လုပ်အားပေးကုသိုလ်ဖြစ် ထွန်ယက်စိုက်ပျိုးပေးကြသည်။ ကိုရင်ကျောင်းသားများနှင့် ကျောင်းသူများက ရေလောင်းပေါင်းသင်ခြင်းစသော ဝေယျာဝစ္စများကို
ဆောင်ရွက်ကြရလေသည်။ နှမျောတွန့်တိုမှုမရှိသော ဆရာဘုန်းတော်ကြီး၏ ၀တ္ထကမြေတွင် သီးနှံပေါင်းစုံအောင်မြင်ဖြစ်ထွန်းလေသည်။ဂျုံစိုက်ခင်း၊ ကြံခင်းနှင့် မြေပဲခင်းများရှိသည်။

သီးနှံပေါ်ချိန်ရောက်လျှင် သီးနှံရောင်းချ၍ ရသော ၀တ္ထုငွေများဖြင့် တပည့်များအတွက် ဆရာဘုန်းတော်ကြီးက စီမံခန့်ခွဲကာ စာအုပ်ခဲတံများ၊ ကျောင်းစိမ်းဝတ်စုံများ၊ ကစားစရာဘောလုံးများ၊သာရေးကွင်းနှင့် ကျောက်ဒိုးများအထိ ၀ယ်ခြမ်းစွန့်ကြဲလေတော့သည်။ ထိုမျှသာမက ၀တ္တကမြေစိုက်ခင်းမှ ရသည့်ဂျုံများကို ချန်ထားကာ ဆရာဘုန်းတော်ကြီးကိုယ်တိုင် ပေါက်စီလုပ်ကျွေးတတ်သေးသည်။ ပေါက်စီကို ဘ၀တွင် ပထမဆုံးစားခဲ့ဖူးခြင်းဖြစ်လေသည်။

သံပုရာခြံမှ ထွက်သမျှ သံပုရာသီးများကိုမူ ရောင်းချခြင်းခွင့်မပြုပေ။ကျန်းမာရေးအတွက် လာရောက်တောင်းရမ်းလျှင် အချိန်မရွေးဆွတ်ခူးပေးရသည်။ ဆရာတော်ကြီးများနှင့် သက်ကြီးရွယ်အိုများကို ဆရာဘုန်းတော်ကြီးကိုယ်တိုင် အလည်အပတ်သွားရင်း လှူဒါန်းပေးကမ်းတတ်လေသည်။ သံပုရာသီးများ မှည့်ချိန်တွင် အရည်ညှစ်ကာ ပုလင်းများဖြင့် ထည့်ပြီး အလှူခံလာသမျှ ပေးကမ်းတတ်သေးသည်။
(နောက်ဘုန်းကြီးလက်ထက်တွင် ရောင်းချသဖြင့် သံပုရာခြံကြီး ညှိုးခြောက်သွားခဲ့သည် ဟု သိရသည်။)

ဆရာဘုန်းတော်ကြီး မြို့မှ တပည့်များအတွက် လက်ဆောင်ပစ္စည်းများ ၀ယ်ယူကာ လှည်းဖြင့် ပြန်လာသည့်နေ့က မြင်ကွင်းတစ်ခုကိုတော့ မြင်ယောင် လွမ်းဆွတ်နေဆဲဖြစ်သည်။ တစ်ကျောင်းလုံးဆရာဘုန်းတော်ကြီးရှေ့တွင် စုရုံးနေကြသည်။

''ဒါက ဘောလုံးတွေ ကျောင်းသားတွေ ကိုရင်တွေအတွက်။ ဒါကတော့ ကလေးမတွေ ကြိုးခုန်ဖို့ ၊ ဒါကတော့ ကြက်တောင်ရိုက်ဖို့..။အေး ပေါက်စတွေကတော့ တန်းစီ။ သားရေကွင်းနဲ့ ကျောင်းဒိုးတွေ ဝေပေမယ်..။ ကဲ ဒီနေ့ ကျောင်းပိတ်တယ်ဟေ့.။ ဘောလုံးပွဲကွင်းဖွင့်ရအောင်..။ ဦးပဏ္ဍိ ကိုယ်တော်နဲ့ ကျုပ်နဲ့ တစ်ဘက်စီ ဂိုးဖမ်းမယ်''

တိုင်းနှင့် ပြည်နယ်ဘောလုံးပွဲများကို နေရှင်နယ်လ်ရေဒီယိုလေးဖြင့် အားပေးလေ့ရှိကြသော ဘုန်းတော်ကြီးများမို့ ကြာကြာမညှိလိုက်ရ...
''ကြာသလား အရှင်ဘုရားရေ''

ဝေး....
ပျော်ရွှင်စွာ ဟစ်ကြွေးသံများ ဘ၀က်ညံသွာသည်။
ထိုနေ့က ဘောလုံးပွဲသည် မှတ်မှတ်ထင်ထင်ဖြစ်ကျန်ခဲ့ပါသည်။
ကျောင်းသူလေးများလည်း ကြက်တောင်မရိုက်နိုင်ခဲ့ကြပါ
သစ်သားပြားများကို ဘက်မင်တန်အဖြစ်အသုံးပြုဖို့ ကျောင်းဆောက်သည့် လက်သမားဆရာကြိးကို လုပ်ခိုင်းထားဆဲမို့ ဘောလုံးပွဲကြည့်ပရိသတ်ဖြစ်သွားသည်။ သူတို့ကိုယ်တိုင်လည်း သာရေးကွင်းမပစ်နိုင်၊ ကျောက်ဒိုးမလှိမ့်နိုင်လောက်အောင်ပင် ဘောလုံးပွဲက ဆွဲဆောင်ခဲ့လေသည်။ ဆရာဘုန်းတော်ကြီးများကိုယ်တိုင် ပါဝင်နေမှကိုး..။
ကျောင်းထိုင်ဘုန်းတော်ကြီး၏ အသင်းက တစ်ဂိုးကပ်ရှုံးသွားခဲ့သည်။

ထိုနေ့တစ်နေ့သာ ဆရာဘုန်းတော်ကြီးများက ကွင်းဖွင့်ပေးခဲ့ခြင်းဖြစ်လေသည်။ နောက်ရက်များမှာတော့ ပွဲကြည့်ပရိသတ်အဖြစ် ရံခါအားပေးတတ်ကြလေသည်။

1 comment:

Ashin Acara. said...

ဒီလောက်ထိ . . .
. . . မထင်မိခဲ့ဘူး။
:)