(၁)
ဒီတစ်ခေါက် ရွှေပြည်ကြီးကနေ မဇ္ဈိမကိုပြန်ဖို့ ထုပ်ပိုးပြင်ဆင်ပြီး အငှါးယာဉ်ပေါ်တက်ခါနီးလေးမှာ မိတ်ဆွေ ရဟန်းတော်တစ်ပါးက စာအုပ်ပါးပါးလေးတစ်အုပ်ကို ကမ်းပေးလိုက်ပါတယ်။ “ ငါ့ရှင် ကြိုက်တတ်မှန်း သိလို့”တဲ့။ ကြည့်လိုက်တော့ ပိုင်စိုးဝေကြီးရဲ့“ ဣတ္ထိယတောင်တန်း”ဆိုတဲ့ ကဗျာစာအုပ်ကလေး၊ မိတ်ဆွေ ရဟန်းတော်ကို ကျေးဇူးတင်သွားခဲ့ပါတယ်။ ၁၉၉၀ ပြည့်လွန် သာသနာ့တက္ကသိုလ်ရဲ့ မန္တလေးညတွေမှာ၊ နန်းတော်ရှေ့က ၆၂လမ်းမကြီးပေါ်မှာ ရွတ်ဆိုခဲ့ဖူးတဲ့ ကဗျာလေးတွေကို ပြန်လည်ဆုပ်ကိုင်မိသွားပါတယ်။ မိဝင်းဖတ်ဖို့နဲ့ အခြား ကဗျာများ။
မောင်ချောနွယ်နဲ့ ပိုင်စိုးဝေကြီးတို့အပါအ၀င် ခေတ်ကြီးထဲမှာ ခပ်ကြဲကြဲဖြစ်လိုက်၊ ခပ်စိပ်စိပ်ဖြစ်လိုက် လျှောက် နေကြတဲ့ ကဗျာဆရာကြီုးငယ်တွေရဲ့ ကဗျာမှန်သမျှကို အချို့ကို ရေးကူး၊အချို့ကိုတော့ အလွတ်ရအောင် အာဂုံ ဆောင်ထားတဲ့ သူ့မိတ်ဆွေ (ကာဗျဓရ)ရဟန်းတော် အချို့ရှိခဲ့ဖူးပါတယ်။ မိတ်ဆွေရဟန်းတော်တစ်ပါး အမြဲ ရွတ်ဆိုလေ့ရှိတဲ့ ဆွေးဆွေးမြေ့မြေ့ ကဗျာအပိုင်းအစလေးကိုတော့ ခုထိ ကြားယောင်နေဆဲပါပဲ။
“အဲဒီလိုစောင့်မျှော်ခြင်းကို
ညနေခင်းကို မျိုမျိုချခဲ့ရလွန်းလို့
စောင့်မျှော်ခြင်းနာရီတွေသာ ခရီးထွက်သွားမယ်ဆိုရင်
ခုလောက်ဆို နယူးယောက်ကို ရောက်လောက်ပြီလို့
ဒီလိုမျိုးတွေးမိလေသလား”တဲ့။
ငမိုးရိပ်ချောင်းတစ်ဘက် ကျူးကျော်အိမ်ယိုင်နဲ့နဲ့လေးထဲက အသက်ငယ်ငယ် အရွယ်အိုအို သားသည်အမေ ဆင်းရဲသူမလေးတစ်ယောက်က ပကာသနဂုဏ်သိက္ခာတွေထက် ညနေခင်းထမင်းတစ်နပ်စာ ငွေစကြေးစလေး သွားရှာဖွေနေတဲ့လင်သည်ယောက်ျားကို အချိန်မီ(ညနေစာချက်ချိန်လေးအမီ)ရောက်မလာနိုင်လို့ မျှော်နေခဲ့ရှာ ပါသတဲ့။ ကလေးတွေက ထမင်းမစားရသေးလို့ ငိုကြ၊ ရင်ခွင်ထဲက ကလေးကိုလည်း မိခင်ကိုယ်တိုင်က အဟာရပြတ်လပ်နေသူမို့ နို့ပိန်ပိန်လေးကိုပဲ လီဆယ်ပြီး တိုက်နေရပါသတဲ့။
အဲဒီအရောင်မှိန်မှိန်ရှုကွက်လေးကိုကြေကွဲဖွယ်ဖွဲ့ဆိုထားတဲ့မောင်ချောနွယ်ကြီးရဲ့“မျှော်လင့်ခြင်းထမင်းသိုးများ” ကဗျာထဲက အပိုင်းအစတွေဟာ ရဟန်းတစ်ပါးကို ကရုဏာတွေဆို့တက်သွားအောင် ထိရှစေခဲ့နိုင်ခဲ့ပါတယ်။
(၂)
ကဗျာဆရာတွေရဲ့ ၀ိဉာဉ်မှာ ကမ္ဘာမြေရဲ့ နံရံတွေ တပ်ဆင်ထားတယ်ဆိုပဲ။ လောကရဲ့အသံဗလံတွေကိုနား ထောင်ချင်တဲ့ ရဟန်းတစ်ပါးအတွက် ကဗျာဆရာတွေရဲ့ ကဝေလက်က လွတ်ကျလာတဲ့ ဒါမှမဟုတ် လွှတ်ချ လိုက်တဲ့ စကားလုံးတွေဟာ လိုအပ်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။
ကမ္ဘာမြေရဲ့ဝေဒနက္ခန္ဓာတွေနဲ့ တစ်သားတည်းကျတဲ့ ရဟန်းတစ်ပါးဟာ သာသနာပြုစိတ်နှလုံးကို အသင့်မွေးစား ယူပြီးသားဖြစ်နေတတ်ပါတယ်။ ကဗျာဆရာတွေရဲ့ ပွန်းရှနေတဲ့နှလုံသားဟာ နာကျင်နေတဲ့ ကမ္ဘာမြေရဲ့ မျက်နှာပြင်ပဲ ဖြစ်ပါသတဲ့။ ကဗျာဆရာတွေက ခေတ်ပြိုင်ကမ္ဘာမြေရဲ့ နာကျင်မှုကို ဆွဲထုတ်ပြကြတဲ့အခါ ကဗျာ တွေ တစ်ပုဒ်ပြီးတစ်ပုဒ်ဖတ်ရင်း ကမ္ဘာ့သာသနာပြုအိပ်မက်တွေသာ တိုးမက်ခဲ့ပါတယ်။ ပိုင်စိုးဝေကြီးကတော့ “ကမ္ဘာမြေရဲ့ နာမကျန်းမှုတွေကို ကုသဖို့ ကျွန်တော်ကဗျာဆရာလုပ်မှ ဖြစ်မယ် အမေ”တဲ့။
တကယ်တော့ လောကီနယ်ထဲကကဗျာဆရာတွေက လောကဆင်းရဲရဲ့ အရိပ်အရောင်ကိုသာ ဖွဲ့နိုင်ခဲ့တာပါ။ လောကကိုလွန်မြောက်နိုင်ခဲ့တဲ့ အနှိုင်းမဲ့မဟာကဗျာရှင်ဗုဒ္ဓကိုယ်တော်ဘုရားကတော့
လောကဆင်းရဲအစစ် (ဒုက္ခ)ကိုသာမက
လောကဆင်းရဲရဲ့အကြောင်းတရား(သမုဒယ)၊
လောကဆင်းရဲကလွတ်မြောက်ရာလမ်း(မဂ္ဂ)နဲ့
လောကဆင်းရဲချုပ်ငြိမ်းရာ(နိရောဓ)ဆိုတဲ့ အရိယသစ္စာတရားတွေကိုပါ အတိအလင်းသီဖွဲ့ ဟောကြားခဲ့ပါတယ်။
(၃)
ဗုဒ္ဓအရှင်ဟာ မဟာကရုဏာကိုလည်းလမ်းပြခဲ့ပါတယ်။ သစ္စာသာသနာကိုတည်ထောင်နိုင်စွမ်းရှိတဲ့ ဘုရားဆုပန် ယောက်ျားမြတ်တို့ရဲ့ ပထမဆုံးအုတ်မြစ်ဟာ မဟာကရုဏာပဲဖြစ်ပါတယ်။ လောကကို သနားခြင်းဟာ ယောက်ျားမြတ်တို့ ပေါ်ထွန်းခြင်းနဲ့ သာသနာတော်ပွင့်လင်းခြင်းရဲ့ ခိုင်မာတဲ့အကြောင်းတစ်ရပ်ဖြစ်ကြောင်း သေချာခဲ့ပါပြီ။
လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းအလွန်က ဒီပင်္ကရာဘုရားမြတ်ရှေ့မှောက်မှာ ၀မ်းလျားထိုးမှောက်ပြီး ခန္ဓာကိုယ်ကို တံတားအဖြစ်ဆောက်ခဲ့တဲ့ သုမေဓာရသေ့လေးရဲ့ လက်ဝဲဘက်ရင်အုံထဲမှာ လောကကိုသနားခြင်း မဟာ ကရုဏာဓါတ်တွေက တဆတ်ဆတ်ခုန်နေခဲ့မှာပါပဲ။ မှန်းဆပြီး ကြည်ညိုလွမ်းမောမိသေးတော့။
မဟာကရုဏာရဲ့တွန်းအားနဲ့ သဗ္ဗညုတပညာတော်ကို ရှာဖွေတော်မူခဲ့တဲ့ ဗုဒ္ဓအရှင်ဟာ သာသနာတော်ရဲ့ ပဓာနရည်ရွယ်ချက်အဖြစ်“လောကဟိတ”နဲ့ “လောကသုခ” ကြွေးကြော်သံတွေသာ ပဲ့တင်ထပ်စေတော်မူခဲ့ ပါတယ်။ ကမ္ဘာမြေကြီးပွားဖို့၊ ကမ္ဘာမြေချမ်းသာဖို့တဲ့။
(၄)
သာသနာတည်ထောင်ကာ သစ္စာအလင်းကို ထွန်းညှိသူ ယောက်ျားမြတ်တို့ရဲ့ မဟာကရုဏာလမ်းအတိုင်း ထပ်ချပ်မကွာလျှောက်ခဲ့တဲ့ သာသနာပြုထေရ်အရှင်အဆူဆူတို့ဟာလည်း တောတောင်ပင်လယ်တွေဖြတ်ကာ အန္တရာယ်ပြွမ်းလှတဲ့ ခရီးတွေဆက်လို့ သစ္စာမီးရှူးတိုင်ကို လက်ဆင့်ကမ်းသယ်ဆောင်ဖြန့်ဝေခဲ့ကြရတာပါ။ ။ သစ္စာအရောင်တွေ လက်နေတဲ့ ဓမ္မကဗျာတွေကို ရွတ်ဆိုကာ သာသနာပြုခဲ့ကြတာပါပဲ။
ကြမ်းရှတဲ့စိတ်နှလုံးမောင်းနှင်အားနဲ့ မတရားကျူးကျော်စစ်တွေဆင်နွှဲခဲ့တဲ့ အသောကဧကရာဇ်ရဲ့ နန်းတော် ထဲမှာ နိဂြောဓသာမဏေငယ်လေးက ဓမ္မကဗျာတစ်ပုဒ်ကို ရွတ်ခဲ့တယ်။ အသောကဧကရာဇ်ရဲ့ ထူပြိန်းမဲမှောင် နေတဲ့နှလုံးသားဟာ လင်းသွားခဲ့ပါတယ်။ ဒီလိုနဲ့ ပါဋလိပုတ်နေပြည်တော်ကြီးဟာ သာသနာအရောင်လွှမ်းတဲ့ ဓမ္မနိုင်ငံတော်ကြီး ဖြစ်ခဲ့သလို ကမ္ဘာ့သမိုင်းစာမျက်နှာတွေကလည်း အလင်းချင်းဆုံးမင်းဧကရာဇ်နဲ့ အတောက်ပ ဆုံးမောရိယ ခေတ်ကို ရွှေရောင်စာလုံးတွေနဲ မှုန်းခဲ့ရပါတော့တယ်။
အရိမဒ္ဒနပူရ ပုဂံရွှေခေတ်ဟာလည်း ဓမ္မဒဿီဘွဲ့ခံ ရှင်အရဟံရဲ့ ဓမ္မကဗျာရွတ်သံနဲ့ စခဲ့တာ ထင်ရှားခဲ့ပါတယ်။ အယူဝါဒက ထွေပြား၊ နန်းတွင်းရေးရာတွေက ပွေလီလို့ အစိတ်စိတ်အမွှာဖြစ်နေတဲ့ နိုင်ငံကို စုစည်းထူထောင်ဖို့ လမ်းရှာနေတဲ့ အနိရုဒ္ဓ(နော်ရထာမင်းစော)အတွက် ရှင်အရဟံရဲ့ ဓမ္မကဗျာဟာ မှန်ကန်သော လမ်းကြောာင်း အသစ်ဖြစ်ခဲ့သလို ပထမမြန်မာနိုင်ငံတော်ကြီးရဲ့ ဓမ္မဥပဒေတော်လည်း ဖြစ်ခဲ့ပါလေရဲ့။ ဓမ္မအရိပ်အောက်မှာ အေးချမ်းစည်ပင်ခဲ့တဲ့ ပုဂံခေတ်ကြီးရဲ့ ဥဒါန်းကို ဒီနေ့ထိ ရေးဖွဲ့ကုန်နိုင်ဖွယ်ဖြစ်ခဲ့ပါတော့တယ်။
အံ့သြဖွယ်ကောင်းစွာ မောရိယနဲ့ ပုဂံကို ရွှေရောင်တောက်ပတဲ့ သာသနာ့နိုင်ငံတော်ကြီးများအဖြစ် ပြောင်းလဲပစ်လိုက်တဲ့ ဓမ္မကဗျာက တစ်ပုဒ်တည်း ဖြစ်နေပါရောလား။
ဘာပဲဖြစ်ဖြစ် ခေတ်ပြိုင်ကဗျာဆရာတွေရဲ့ လောကီကဗျာခန်းထဲဝင်ပြီး ကမ္ဘာမြေကို သင်ယူကာ ကရုဏာကို ခိုင် အောင်မွေးရပေမပေါ့။ ကမ္ဘာမြေတစ်နေရာရာမှာတော့ ကရုဏာဟာ အမှန်တကယ် လိုအပ်နေမှာပါပဲ။
ဗုဒ္ဓအရှင်ရဲ့ ဓမ္မကဗျာခန်းထဲဝင်ပြီး သစ္စာကို သင်ယူကာ သိက္ခာကို လေ့ကျင့်ရဦးပေမပေါ့။ သာသနာပြုဆိုတဲ့ ဆိုင်းဘုတ် လေးကို အစစ်အမှန်ချိတ်နိုင်ဖို့လေ။
လက်ထဲက ပိုင်စိုးဝေကြီးရဲ့ ကဗျာစာအုပ်လေးကို လှန်လှောလိုက်မိပါတယ်။

“အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။”
(ဓမ္မပဒ၊၂၁)
“မမေ့ခြင်းဟာ မသေရာလမ်း၊
မေ့လျော့ခြင်းက သေရွာလမ်းဖြစ်ရဲ့။
မမေ့သူတို့ မသေ၊
မေ့လျော့သူတို့ အသေထပ်တူ။”

1 comment:
ဒီမှာ ဖတ်ရတာက အရသာတစ်မျိုးဗျ၊
ပထမပိုဒ်ကတော့ ပုလင်းကွဲကိုင်ရသလိုပဲ။
Post a Comment