(၁)
သူ့မွေးရပ်မြေကျေးလက်ရွာလေးတွင်တော့ သူရောက်ရှိသည့်ညမှာပင် ကြီးကျယ်စုရုံး အုံးအုံးညံသော တရား ပွဲကြီးကို ၀ှဲချီးကျင်းပခဲ့လေသည်တည့်။ ရွာဦးကျောင်းဆရာမထေရ်နှင့်တကွ (၇)ရက်သားသမီး ကြီးကြီး ငယ်ငယ် သော ရွာသူရွာသား သပ္ပုရိသအပေါင်း သူတော်ကောင်းတို့သည်ကား အရှေ့(၇)ရွာ အနောက်(၇)ရွာ ဂနိုင်တစ်ခေါ် ပြိုင်စံမပေါ်သော ကမ္ဘာကျော်မည့်အရှင်သည် ရွာဖြစ်ရွာထွက် အနဂ္ဃရတနာဟု ကြေငြာ လက်ခမောင်းခတ်ကြလေတော့၏။
သူ့ဒကာဆရာဒုံး၊ရပ်ရွာလူကြီး ကိုလှမြင့်၊ ဂေါပကကိုမြသန်း၊ စာကြည့်တိုက်မှူးကိုသောင်း ရွှေ၊လူပျိုခေါင်း ကိုလှမိုး စသူတို့ကား ရွာ၏အလယ် သဲမြေပြန့်ပြန့်တွင် တရားမဏ္ဍပ်ကြီးကို ဓမ္မသဘင်ပွဲအမီ အပြီးထိုးနိုင်ရန် ရပ်ရွာလူငယ်များကို အပြင်းဆော်သြကြ၏။ ရပ်နီးရပ်ဝေးသို့လည်း တရားအလှူခံကြွပါမည့်အကြောင်း ဖိတ် ကြားရန် တရားတမန် အတန်တန်လွှတ်ကြ၏။ အပျိုခေါင်းမလှတင့်နှင့် ကုမ္မာရီတစ်သိုက်သည်ကား တရားနာ ပရိသတ်တို့ အလေ့ မေ့မေ့မိုက်မိုက် အိပ်မငိုက်စေရန် လက်ဖက်သုတ် ဂျင်းသုတ်များနှင့် ဧည့်ခံရန် စီမံခန့် ခွဲကြလေ သတည်း။
သူ့ဖခင်ကြီးသည်ကား ဂနာမငြိမ်ဆုံးဖြစ်ပေ၏။ ရပ်ရွာလူကြီးများ၏ တရားပွဲတော်ကြီးကျင်းပရေး ဆွေးနွေး ပွဲတွင်လည်း ၀င်ပါ၏၊ ခဏထိုင်၏။ လူငယ်များ၏ မဏ္ဍပ်ဆောက်လုပ်ရေးကော်မရှင်တွင်လည်း နှီးထိုးဖျာ မိုးပါပြန်၏။ ခဏသာကြာ၏။ ကုမ္မာရီတစ်သင်း၏ ရယ်သံမစဲသောလက်ဖက်ပွဲတွင်လည်း လူလုံးပြ၏၊ ခဏ သာနေ၏။ ဦးလေးသန်းဟု တစ်မျိုး ဘကြီးသန်းဟု တစ်သွယ် ဖိုးလေးသန်းဟုတစ်ဖုံ ကြုံရာကခေါ်ကာ နှုတ် ဆက်ကြသောအသံတို့တွင် ပျော်ဝင်ပီတိဖြင့် တစ်ရွာလုံးနှံ့အောင် ခြေဆန့်ကာ လှိမ့်နေခြင်းပေတည်း။ မူလပင်ကိုယ် စကားအဆိုအပြောနည်းသောမိခင်ကြီးသည်ပင် မွေးချင်းပေါက်ဖော် ဒေါ်ကြီးဒေါ်လေး အရီးကြီး အရီးလေး ဒေါ်စွာတေးတို့ကြားတွင် စကားစွာစွာ ရေပက်မ၀င်သာအောင် ပြောလေသောဟူ၏။ အော် သာသနာ့ခမည်းတော် သာသနာ့မယ်တော်ဟု စာပေါ်ခဲ့လေဟန်တကား။
(၂)
တရားမဏ္ဍပ်ကြီးကို ဟီးထနေအောင် ဆောက်လုပ်နေဆဲမှာပင် သူကိုယ်တိုင်ကား တရားပွဲဖြစ်မြောက်ရေး ကော်မတီဟု ကိုယ့်ဘာသာစာရင်းသွင်းကာ ချက်ချင်းလက်ငင်းအတည်ပြုဖွဲ့စည်းထားသော ရွာဆွေမျိုး ရပ်ဆွေမျိုးတစ်သိုက်နှင့် အမှားမလိုက်ဘဲ စကားအကြိုက်ကို ဆိုရချေသေး၏။
“ဦးဇင်းဘုရားရေ ဒီညပွဲတော့ ရွာလုံးကျွတ်နွှဲကြမယ်ဘုရား။ အခြားရွာများကလည်း သတင်းကြားနဲ့ပဲ တရားနာချင်နေကြသပေါ့ဘုရား။ ခုဆို နိုင်ငံခြားပြန်ကိုယ်တော်ဆိုတာနဲ့ပဲ ရွာကျော် ရပ်ကျော်ဖြစ်နေပါပြီ၊ သို့ပေမယ့် လူရိုသေရှင်ရိုသေ မြို့ပြက တရားပွဲတွေလို အထူးတရားပွဲကြီးလို့ စာတမ်းပြူပြူးကြီးလည်း ထိုးချင်သေးသပဘုရာ့၊ ဦးဇင်းဘုရားရဲ့ အမည်နာမတော်နောက်နားကလည်း ဘွဲ့တံဆိပ်တော် အမြောက်အများကို တောက်ကြွားအောင် ထည့်သွင်းကြေငြာချင်ပါသေးဘုရား”တဲ့။ ဤကား ဆရာဒုံး၏ ခပ်ပြုံးပြုံး လျှောက်ထား သောအဆိုပြုချက်ပေတည်း။
သူကား လင်းရချေပြီ။ တရားပွဲဆိုသည်မှာ ရိုးရိုးပဲ ဖြစ်ဖြစ် အထူးပဲဖြစ်ဖြစ် တံဆိပ်ကပ်ပုံ ကွာခြားရုံမျှ သာဖြစ်ကြောင်း၊ ဗုဒ္ဓနည်းကျ သင်ယူခဲ့ရသော တရားဓမ္မကိုသာ ဟောကြားမည်ဖြစ်၍ စကားပရိယာယ် အသွယ်သွယ်မသုံးဘဲ တရားပွဲဟုသာ သုံးစွဲစေလိုကြောင်း ဖျောင်းဖျရလေ၏။ “ ဦဇင်းက ဘုရားသားမို့ ပကာသနမဖက်ချင်ပေမယ့် တပည့်တော်တို့ ပုထုဇဉ်မျိုးဆိုတာ ခပ်ရိုးရိုးမကြိုက်နိုင်ဘူးဘုရား။ ဘာဖြစ်ဖြစ် တစ်သက်တစ်ခါ ကြုံကြိုက်ခဲတဲ့ပွဲမို့ အထူးတရားပွဲပဲ လုပ်မယ်ကိုယ်တော်” ဟု ၀မ်းကွဲအကိုလည်းတော် ငယ်နိုင်ကစားဖော်လည်းဖြစ်သော လူပျိုခေါင်းကိုလှမိုးက အပေါ်က စီးမိုး၍ လျှောက်ထားလေလျှင် အထူးတရားပွဲဟူုသော အတည်ပြုချက်ကို မသက်မသာထုတ်ပြန်ရလေသည်တည့်။
(၃)
ဘွဲ့ကိစ္စတွင်လည်း သူပင် အရှုံးပေးရခဲ့ပါလေ၏။ သူကား ဟိုနားဒီနားနိုင်ငံခြားအတွေ့အကြုံလေးများကို ကိုးကားလျက် “ နိုင်ငံခြားတိုင်းပြည်တွေမှာတော့ သာသနာပြုဘုန်းကြီးတစ်ပါးကို ၀ိပဿနာပြနိုင်သလားလို့ မေးတယ်။ ခေါင်းညိတ်ပြရင် ၀ိပဿနာပြပေးရတယ်။ ပါဠိသင်နိုင်လား။ သင်နိုင်တယ်ဆိုရင် ပါဠိသင်ပေးရုံပါပဲ။ ထိုနည်းတူပါပဲအဘိဓမ္မာပို့ချပေးနိုင်လား။ အဘိဓမ္မာပို့ချပေးရုံပါပဲ။ ဘွဲ့တွေ ဘာတွေ မေးတာမကြားခဲ့ရပေဘူး ။ ခုလည်း တရားနာပရိသတ်ရယ် တရားဟောမယ့်ဘုန်ကြီးရယ် ပြည့်စုံနေမင့်ဟာ တရားဟောရုံပါပဲ ဒကာတို့ရယ်။ ” ဟု အထူးထူးအထွေထွေ ရှင်းပြမိချေ၏။
သို့သော် ရပ်ရွာလူကြီးကိုလှမြင့်ကား သူနှင့် အမြင်မတူပြီ။ “အရှင်ဘုရားက ရိုးရိုးလေးတွေးတော့ ရှင်းရှင်းလေးအဖြေထွက်ပေမယ့် တပည်တော်တို့ရွာလည်း ငဲ့ကွက်ဦးမှပေါ့ဘုရား၊ တစ်ခြားရွာကလူတွေလည်း လာကြမှာဘုရား၊ လိုသူတွေလည်းရှိ ။မလိုသူတွေလည်း ရှိမဟုတ်လားဘုရာ့၊ အရှင်ဘုရားက နိုင်ငံခြားပြန်ကိုယ်တော်ဆိုသော်လည်း ထီးထမ်းလမ်းလျှောက် လောက်လောက်လားလား လျှောက်သွားပြီး တရားမနာ စာပေမသင် လာဘ်ရွှင်အောင် အားထုတ်နေတဲ့ကိုယ်တော်လို့ တပည့်တော်တို့ရွာသား ဦးဇင်းဘုရားကို အထင်မခံနိုင်ဘူးဘုရား၊ ဦးဇင်းဘုရားကိုယ်တိုင် လုံ့လအားသန် ကံ ဉာဏ်ပြည့်စုံလို့ ရထားတဲ့ ဘွဲ့တွေတော့ အရင်းအတိုင်းပဲ ထည့်ရမှာပေါ့ဘုရား” ဟု စကားအနေ မခြေသာအောင် လျှောက်ထား လာသောအခါတွင်မူ သူ့အနေဖြင့် ခေါင်းတဆတ်ဆတ်လည်တစ်ခါခါ ကူကယ်ရာမဲ့ရလေတော့ သည်။
သို့နှင့် သူ့ရှေ့တော်မှောက်သို့ စာရွက်ဖြူဖြူတစ်ရွက်နှင့် ကလောင်တံတစ်လက် ဆက်ဆက်ရောက်ခဲ့လေ သတည်း

No comments:
Post a Comment