23 February, 2010

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၄)

(၁)
အချီးမွမ်းခံချင်တယ်ဆိုတာ
လူတိုင်းကျူးလွန်နေတဲ့ ပြစ်မှုတစ်ခုပါကွာ
” တဲ့။
ဤကား မောင်နုခေါ် ၀န်ကြီးချုပ်သခင်နုကြီး၏ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်ဖိုးကျော်ငြိမ်းခေါ် ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းထံ ပေးစာမှ လိုရာကောက်ယူလိုက်သော စကားအပိုင်းအစကလေးပေတည်း။ သူ့ရွာသူ သူ့ရပ်သားတို့သည်လည်း လူထဲကလူများပင် ဖြစ်ရကား အချီးအမွမ်းခံချင်ကြ၊အထင်ကြီးခံချင်ကြသည်မှာ ဆတ်ဆတ်တုန်အောင်ပင် ပေါ်လွင်လှပေတော့၏။

ရွာ၏ ဂုဏ်သိက္ခာ၊ ရွာ၏ ထင်ပေါ်မှု၊ ရွာ၏ အသရေဟူသမျှသည် သူရရှိထားသော ဘွဲ့များ၌သာ တည်ရှိလေ ဟန် အဖန်ဖန်လျှောက်လှဲကြလေသည်တကား။ သို့ဖြစ်လေသော် အများနှင့် ဆန့်ကျင်ဘက်မထား ပဋိပက္ခမပွားဘဲ အ၀ိရောဓန တရားကိုသာ လက်ကိုင်ထားလေ့ရှိသော သူအနေဖြင့် ဘာများတတ်နိုင်ပါဦးတော့ မည်နည်း။ ရှိစုမဲ့စုဘွဲ့လေးများကို ချခင်းရေးပြရုံမျှတစ်ပါး လောကီနှုံးအလေ့များကို မောင်ဖုန်းမေ့ထား၍ မရပါချေပြီ။

သို့နှင့် သာသနာ့တက္ကသီလာ စိန်ပန်းရွာတွင် လေးနှစ်တာစာတွေ့ သင်ယူခြင်း၊ နှစ်နှစ်တာ နယ်စပ်နှင့် တောင်တန်းဒေသသာသနာပြုကွင်းဆင်းခြင်း ပြီးမြောက်ကာမှ နှင်းအပ်ခံရသော ချွေးသံရဲရဲ တိုက်ပွဲဝင် ဓမ္မာ စရိယ၀ိဇ္ဇာဘွဲ့တစ်ဘွဲ့၊ (ဓမ္မာစရိယ နှင့် ၀ိဇ္ဇာဘွဲ့ဟု နှစ်မည်ခွဲ၍ ပေးသော်လည်း တစ်ဘွဲ့ ဟုသာ သူက သတ် မှတ်သည်။) အပြည်ပြည်ဆိုင်ရာဟု အမည်ရွှေစာ ထည်ထည်ဝါ၀ါသော ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်ကြီးဆိုသဟာမှ ၀ိဇ္ဇာဘွဲ့တစ်ဘွဲ့၊ မဇ္ဈိမဒေသ သက္ကတ တက္ကသိုလ်ကြီးမှ မဟာဝိဇ္ဇာတစ်ဘွဲ့ဟု စိတ်တွင်းမှ ရေတွက်ကာ သူ့အမည်နာမတော် နောက်ဖျားတွင် တောက်ကြွားပြီ ထင်အမှတ်ဖြင့် ဘွဲ့တံဆိပ်သုံးခုကို ထင်းထင်းကြီး ရေးခြစ် လိုက်လေ၏။

အခြေအနေကား သူထင်သလို မဟုတ်ခဲ့လေပြီ။ပြဿနာဖွသူမှာ ဂေါပကကိုမြသန်းပေတည်း။ ရွာဦးကျောင်း ဆရာတော်၏ ညီအရင်းပီပီ မြို့ပြအရောက် အခေါက်ခေါက်အခါခါ သွားလာဖူးသည်နှင့်အမျှ သာသနာတွင်း သားတို့နှင့်လည်း ရင်းနှီးသည်ဖြစ်ရကား မြို့တရားပွဲများကိုလည်း ကိုယ်တိုင်ကိုယ်ကျ နာဖူးလေသူဖြစ်ပေ၏။

“ဦးဇင်းဘုရားနှယ် နိုင်ငံအရပ်ရပ်လည်ပြီး တက္ကသိုလ်ပညာသည်ကြီးဖြစ်နေမင့်ဟာ ဘွဲ့တံဆိပ်လေးသုံးမျိုးနဲ့ အချိုးမကျသေးဘူးဘုရာ့။ မြို့ပြက ဓမ္မကထိကအကျော် ကိုယ်တော်ဘုရားတွေလို နိုင်ငံတော်ကိုးဘွဲ့ရ ဆယ့်တစ်ဘွဲ့ရဆိုသဟာမျိုး ပြိုးပြိုးပြက်ပြက် ရွှေရောင်ထွက်နေမှဘုရာ့။ ပညာတွေ လျှိုမထားပါနဲ့ကိုယ်တော်၊ ရှိသမျှ ဂုဏ်သတင်းပေါ်အောင် အကုန်သာဖော်တော်မူပါဘုရာ့”တဲ့။

“ခက်ခက်ရချေပြီတကား” ဟုသာ သံဝေဂသက်ပြင်းကို ဟင်းကနဲ ချမိပေတော့သည်။ တရားဝင်ဘွဲ့ဟူ၍ ဤသုံးမျိုးမျှသာ ရရှိကြောင်း အခြားတရားဝင်အသုံးပြုဂုဏ်တင်စရာ မည်သည့်ဘွဲ့သညာမှ မရှိတော့ပါကြောင်း လင်းပြသည့်တိုင် မရှင်းမရှင်းဖြစ်၍ အတင်းညှစ်ထုတ်ကြပြန်လေသောအခါ သူ့မှာ အကြောင်းမဆိုက်ဘဲ ခေါင်းကိုက်ခြင်းသာ အဖတ်တင်ခဲ့လေသည်တည့်။

ပါရမီတော်ထူး ဉာဏ်တော်စူးကြပေသည့် အရှင်မြတ်များနှင့်ကား သူနည်းနည်းမျှ မယှဉ်နိုင်၊ ငိုင်၍သာ နေမိ၏။ သူ့အပြစ် သူ့အမှားတွေက သူ့အား မကြွားသာအောင် ဒဏ်ခတ်ခဲ့လေပြီထင်ပါ၏။ သူသည် ငယ်စဉ်ကပင် စာမေးပွဲ၊ စာပြန်ပွဲ မှန်သမျှနှင့် ဝေးနိုင်သမျှ ဝေးအောင် မကြင်မနာ ရှောင်ခွာပြေးလိုခဲ့သူကြီးပင် ဖြစ်ပါ၏။ စာမေးပွဲတွေကို မချစ်၊ စာဖြေခန်းတွေကို ပစ်ပယ်ခဲ့လိုသူ ကြီးပါတည်း။

လက်ဦးဆရာ မည်ထိုက်စွာသော ပုဗ္ဗာစရိယ မိနှင့်ဘမှသည် ကံကူလက်လှည့် ဘောလ်ပင်လက်လှည့် ကွန်ပြူတာမောက်စ်ကိုပါလှည့်တော်မူခဲ့ကြသည့် ကျေးဇူးရှင်ဆရာမြတ်အပေါင်းတို့သည်ကား အနာဂတ်ဂလို ဘယ်လ်(Global)ကို ချိန်တွယ်ကာ ကြိုမြင်သည့်အလား လက်ယားသမျှ စာဖြေ၍ လျှာရှည်သမျှစာပြန်ရန် အတန်တန် တိုက်တွန်းခဲ့ကြဖူးပေ၏။ (ဤနေရာ၌ “လျှာရှည်သမျှ စာပြန်”ဟူသောအသုံးသည် ကဲ့ရဲ့ခြင်း အနက်ကို မရည်ညွှန်း၊ ဂုဏ်ပြောင်ထွန်းသော ဝေါဟာရဖြစ်ပေ၏။ အနန္တဂုဏ်ရှင် သဗ္ဗညုတသခင်ကြီးသည်ပင် ရှည်လျား သောလျှာတော်ရှိသဖြင့်သာ ယောက်ျားမြတ်အင်္ဂါနှင့်ပြည့်စုံခြင်းဖြစ်ပါသတတ်။)

အမှန်စင်စစ် သူကိုယ်တိုင်သည်လည်း သာမဏေကျော်၊ အဌကထာပြန်အကျော်၊ ဓမ္မာစရိယဘယ်နှစ်ထပ်ကွမ်း နှင့် တိပိဋကအောင်ပန်းဟူပေသော ဘွဲ့ထူး ဂုဏ်ထူး ရွှေရောင်မြူးသည်များကို မက်မောသော ပုထုဇဉ် စိတ်ကူး လေးတော့ မွေးမြူခဲ့မိကြောင်း ၀န်ခံရပေမည်။ သို့တစေမူ သူကား ညံ့ခဲ့၏၊ အ,ခဲ့၏၊ ဆွံ့ခဲ့၏၊န,ခဲ့၏။ ဖျင်းခဲ့ပေ၏တကား။ သာမဏေကျော်လည်း ဖြစ်ချင် ၀တ္ထုလည်း ဖတ်ချင်၊ သကျသီဟဓမ္မာစရိယကြီးလည်း ဖြစ်ချင် အင်္ဂလိပ်စာလည်း သင်ချင်၊ ပိဋကတ်သုံးပုံဆောင်ကြီးလည်းဖြစ်ချင် တက္ကသိုလ်ကျောင်းသားကြီး လည်းဖြစ်ချင်ဖြင့် မပြတ်မသား ခပ်ဝါးဝါးသောမောင်ရှင်တစ်ပါးသာ ဖြစ်ခဲ့ပါလေသည်။

သို့နှင့် စာမေးပွဲ စာပြန်ပွဲတို့ကို ရှောင်ကွင်းခဲ့မိပါလေသည်။ ပရိယတ်သင်ရှင်ရဟန်းတစ်ပါးနှင့် တူရုံလေးမျှ ပါဠိပထမပြန်ပွဲလေးများကိုသာ မျက်နှာမမွဲအောင် နွှဲခဲ့ဖူးပါ၏။ ခေတ်အလိုအရ တက္ကသိုလ်မှန်သမျှ တက်နိုင်ရေး အမြင်ဖြင့် အင်ထရန့်စ်(Entrance)မည်သော ၀င်ခွင့်စာမေးပွဲလေးများကိုသာ ဖြေခဲ့ဖူးပါလေ၏။ ယခုတော့ ဘွဲ့ ဘွဲ့ ဟူသော အသံကြီးကား သူ့အား ဟိန်းဟောက်နေချေပြီ။ တက္ကသိုလ်များက ပေးသည့်ဘွဲ့လေးတွေတော့ ရပါ၏။ သို့သော် အရေအတွက်ကား နည်းလှချေသည်တကား။

(၂)

သူကား အကြံအိုက်ပြီးရင်း အိုက်ကာ ခေါင်းငိုက်စိုက်ကျနေစဉ် “ ဦးဇင်းဘုရားငယ်စဉ် ကိုရင်စမောလ်တုန်းက တဖျောဖျောရနေတဲ့ ဘွဲ့တွေကို ထည့်လိုက်ပေါ့ဘုရား” ဟု အစည်းအဝေးကော်မတီထောင့်ကြား ဘယ်အချိန်က ကိုယ်ရောင်ဖျောက်ထားမှန်းမသိသော ကပ္ပိယကြီးကိုရင်သံဒိုင်က ဘာမဆိုင်ညာမဆိုင် ၀င်လျှောက်ထားသော်
“ကိုရင်သံဒိုင့်နှယ် ဦးဇင်းဘုရား အတွေးပွားနေတာကို ဘေးစကားမဆိုစမ်းပါနှင့်” ဟု ဂေါပကကိုမြသန်းက ငေါက်ငန်းလိုက်ရာ ကပ္ပိယသကောင့်သားမှာ ထောင့်ကြားတွင် ခေါင်းပုဝင်သွားလေတော့သည်။ ဟုတ်ပေ၏၊ မှန်ပေ၏၊ သူကိုရင်ချာတိတ်လေးဘ၀က ဘွဲ့အမည်နာမတွေ များခဲ့လေသည်ပဲ။

ပထမ ကိုရင်ရေ၀တဟူသောဘွဲ့။ သို့သော် မြို့ပြမှာ ရှင်ပြုခဲ့ပြီးမှ ရွာပြန်ကြွလာသည့် သူ့ထက်စီနီယာကျသော ရေ၀တတစ်ပါးကြောင့် အနားသားနိမ်းမ်ကို ထပ်ချိန်းရပြန်သဖြင့် လက္ခဏဟူသောဘွဲ့စိမ်းစိမ်းကြီးကို ရခဲ့ပြန်သ တည်း။ ရေ၀တမှ အခြားဘွဲ့တစ်မျိုးပြောင်းခြင်းသည် သူက အဦးအစမဟုတ်။ နောက်လိုက် မျှသာ ဖြစ်ချေ၏။ နာမည်ကျော်ပုဂ္ဂိုလ်ကြီးတစ်ပါးက ရှေ့သွားလမ်းပြခဲ့လေပြီတည်း။ထိုပုဂ္ဂိုလ်သူမြတ်ကြီးလောင်းလျာကိုရင်လေး၏ ဘွဲ့အမည်သည်လည်း ရေ၀တဟုပင် တွင်ခဲ့ပါသတတ်။

သို့သော် ပါရမီအရင့်အမာ ထိုရှင်သာမဏေလေးသည်ကား သူ့လို နမော်နမဲ့ ရွဲ့ရွဲ့စောင်းစောင်း အကြောင်းအကျိုးမဲ့သော ခပ်ချာချာလေးမဟုတ်ခဲ့။ စူးစမ်း၏။လေ့လာ၏။ မေးမြန်း၏။ သုစိပုဘာ ၀ိလိသိဓာ အက္ခရာရှစ်လုံးကို နေ့တိုင်းပင် သီကုံးပန်ဆင်ခဲ့သူဖြစ်ရကား ရေ၀တဟူသောဘွဲ့၏ အဓိပ္ပါယ်ကို ပရိယာယ် အမျိုးမျိုးဖြင့် မရိုးရအောင် ကြံဆလေသောဟူ၏။ သို့သော် ကိုရင်လေး၏ နုနယ်လှသော ပါဠိသဒ္ဒါအမြင်ဖြင့် အနက်မထင်နိုင်အောင်ရှိသောခဏ စီနီယာကျသောရဟန်းတော်တို့ထံချဉ်းကပ်ကာ မေးမြန်ခဲ့လေသတတ်။ ခပ်နောက်နောက်ခပ်ပျော်ပျော် ရဟန်းတော်ကြီးတို့ကား ကိုရင်လေးလက်တစ်ဆစ်က စာအရင်းအမြစ်တွေကို ကြံဆနေသည်ကို သရော်လေဟန်ဖြင့် အနက်ကြံဖန်ပေးကြလေသည်ကား “ရေ၊အကြင်သူတို့သည်။ ၀၊၀ါရင်း တုတ်ဖြင့်၊တ၊ တအားရိုက်ကြလေကုန်၏။”ဟူ၏။

အရင့်အမာ ပါရမီခက်ဖြာဝေသောကိုရင်လေးကား ရေ၀တဟူသောဘွဲ့အမည်ကို မကြိုက်နိုင်တော့လေပြီ။ သို့နှင့် သာသနာတော်လောကတွင် သြချလောက်သောဘွဲ့အမည်တော်ကို ပြောင်းလဲရွေးချယ်ခဲ့လေသတတ်။ ထိုမောင်ကိုရင်လေးသည်ကား ကျေးဇူးတော်ရှင်မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး အရှင်ရာဇဓမ္မာဘိဝံသဖြစ်လာ
သောဟူ၏။

သူနှင့်ကား ကွားခြားလှပါပေ၏။ ဘွဲ့တူနောက်တစ်ပါး အနားသား(another)ရေ၀တကြောင့် ပြောင်းဆို၍ ပြောင်း၏။ အဓိပ္ပါယ်လည်းမကြံဆ၊ ကြောင်အအကြီးပေတည်း။ လက္ခဏဟူသော နောက်တစ်မျိုးဘွဲ့ကလည်း ထောင့်ကျိုးသည်တော့ မဟုတ်။ ခင်ခင်ပုပု စုစုစွစွာ မဟ၀ှာလေးတို့၏ “ မောင်လေးလက္ခဏ” ဟု ညုတုတု ခရာတာတာ မခံသာအောင် အစခံရသော၊ ဆွမ်းခံသွားရင်း ခြေလှမ်းမှားစေသော အသည်းကွဲဘွဲ့ ပင်ဖြစ်ချေပြန်လေသည်။

သို့နှင့် ဘွဲ့နောက်တစ်ခုပေးပါမည့်အကြောင်း ဆရာဘုန်းတော်ကြီးအား လျှောက်ထားတောင်းပန် ရပြန်လေ သည်။ သူ၏ တတိယမြောက်ဘွဲ့ဆက်ခံမည့်အချိန်ကား မင်းကွန်းဆရာတော်ကြီး၏ ဘုန်းမီးနေလ တိပိဋက ဟူသော ဂုဏ်ရောင်ထွန်း၍ သာသနာ့မိုးကောင်းကင်တစ်ခွင်လုံး ပြောင်ရွှန်းသောနေသောကာလ မဟာသမယ ကြီးဖြစ်ပေရကား “ မင်းကွန်းနောက်သို့ လိုက်ကြစို့” ဟူသော ဆရာဘုန်းကြီး၏ ရည်သန်ချက်ဖြင့် မင်းကွန်းဘွဲ့ သညာ(ဂျူနီယာ)ဖြစ်ခဲ့ရလေတော့၏။

အမှန်တကယ်ပင် သူသည် ကပ္ပိယကြီးကိုသံဒိုင်လျှောက်ထားလေသော ကိုရင်စမောလ်ဘ၀မှာပင် ဘွဲ့တွေ တဖျောဖျောရခဲ့ဖူးလေသူပါတည်း။ သို့သော် ထိုဘွဲ့များကား ဘွဲ့ဖြစ်ရုံမျှသာတည်း။ အမည်သညာခေါ် စရာမျှသာတည်း၊ မင်းပွဲစိုးပွဲသဘင် အကျုံးဝင်အောင် ဂုဏ်တင်အပ် သောဘွဲ့များ မဟုတ် ချေတကား။

(၃)

တရားပွဲကျင်းပရေးကော်မတီလူကြီးလူကောင်းများကား သူ့အား ပေစောင်းစောင်းကြည့်လျက်သာ ဘွဲ့အဖြာဖြာ ထွက်လာတော့မည့်အထင်ဖြင့် ငံ့လင့်နေကြပါလေ၏။ သူကား ရွာသူရွာသား မျှော်လင့်ချက်ကြီးမားသူတို့ကိုသာ သနားမိသည်နှင့်အမျှ သူ့ကိုယ့်သူလည်း အားမရအခဲမကြေဖြစ်ရလေတော့၏။ သို့နှင့် ရွှေပြည်ကြီးတစ်ခုလုံး လက်ခံကျင့်သုံးနေသည့် ဘွဲ့ဒီဂရီဖော်ထုတ်ရေးမူကို နောက်ဆုံးလက်နက်အနေဖြင့် ထုတ်သုံးရလေတော့၏။

သာသနာ့တက္ကသီလာ စိန်ပန်းရွာတွင် ပွင့်သည့် အဓိပ္ပါယ်တစ်ခုတည်းထွက်သောဓမ္မာစရိယနှင့် ၀ိဇ္ဇာဘွဲ့ကို နှစ်ခုခွဲလိုက်၏။ အပြည်ပြည်ဆိုင်ရာ ရွှေစာတမ်းဖြင့် အံမခန်းသော ထေရ၀ါဒတက္ကသိုလ်တွင် ၀ိဇ္ဇာတန်းမတက်မီ ဒီပလိုမာလက်မှတ်ရတစ်နှစ်သင်တန်းလေးကိုလည်း တက်ရသေး၏။ ထိုဒီပလိုမာလက်မှတ်လေးကိုလည်း ဘွဲ့တစ်ခုအဖြစ်ထည့်သွင်းရေးထည့်လိုက်၏။ ထို့နောက် ထေရ၀ါဒ၀ိဇ္ဇာဘွဲ့ကို ဆက်ရေး၏။

ထို့နောက်တွင် မဟာဝိဇ္ဇာတန်းကို မပြီးမစီး နှစ်နှစ်တာတက်ခဲ့ဖူးသေးကြောင်း သတိရ၏။ ကျမ်းပြုနှစ်ကို ချန်ထားခဲ့မိ၍ ဘွဲ့ကားမရခဲ့။ သို့သော် ကိစ္စမရှိ၊မဟာဝိဇ္ဇာ(အပိုင်း-ခ)ဟု ကမ္ဗည်းထိုးမည်ဆိုပါက မဟာဝိဇ္ဇာ ဘွဲ့ရိုးရိုးထက်ပင် တစ်မျိုးအမြင်ဆန်းပေမည်။ ထို့နောက် မဇ္ဈိမဒေသဖြစ် မဟာဝိဇ္ဇာ(ပါဠိ)ဟူသော စာတမ်း ကိုကား မဇ္ဈိမဟူသောစကားလုံးထည့်သွင်းပြီး ခပ်ကြီးကြီးရေးချလိုက်ပြန်၏။ မဟာဝိဇ္ဇာဘွဲ့ပြီးသော် ပါရဂူဘွဲ့ရ မည်မလွဲတည်း၊ သို့သော် ယခုကား ကျမ်းပြုသုတေသနအဆင့်မျှသာ ရှိသေး၏။ ပြဿနာမရှိ၊ ပါရဂူ(ကျမ်းပြု) ဟု ရေးချ လိုက်လျှင် ပိုပြီးရှည်လျား ပိုပြီးခန့်ငြားချိမ့်မည်။

သူရေးချလိုက်သောဘွဲ့အထူးထူးကို တရားပွဲကျင်းပရေးကော်မတီလူကြီးမင်းများကား အူမြူးသောအကြည့်ဖြင့် ကြည့်ကြလေတော့၏။ ထိုသို့ကြံဆ ရှိသမျှလေးရေးချသည်ကိုပင် အချို့လူကြီးမင်းများကား အားမရကြသေး။ (၇)ဘွဲ့လေးပဲ ရှိသေးတယ် ဆိုတာမျိုးလုပ်ကြပေသေး၏။ သူကား မည်သို့မျှ မတတ်သာချေပြီ။ သို့သော် စာကြည့်တိုက်မှူးကိုသောင်းရွှေကား ဤလိုအရေးအခင်းမျိုးတွင် ဉာဏ်ပွင့်လင်းသူဖြစ်ချေ၏။

“ကျုပ်တို့ဦးဇင်းဘုရားက ရွှေပြည်ကြီးက ဘွဲ့တွေတင်မက၊ အတိုင်းတိုင်းအပြည်ပြည်က ဘွဲ့တော်တွေပါ ရသမို့ ဦးဇင်းဘုရားရဲ့ ဘွဲ့တော်ရှေ့မှာ နိုင်ငံတကာ(၇)ဘွဲ့ရ လို့ ကမ္ပည်းထိုးကြစို့” ဟု တင်သွင်းလေသော် အားလုံးက သာဓုခေါ်အတည်ပြု၍ တရားပွဲကျင်းပရေးကော်မတီအစည်းအဝေးပွဲကြီးကို ရုတ်သိမ်းခဲ့လေ၏။
ထိုညနေခင်းဆီက ရွာအ၀င်လမ်းအပါအ၀င် မြင်မြင်သမျှသောနေရာမှန်သမျှ၌ အောက်ပါဆိုင်းဘုတ်ကြီးများကို ရှုမငြီးအောင် ရေးဆွဲကာ ဓမ္မသဘာသို့ ဖိတ်ခေါ်ထားလေသတည်း။

ကမ္ဘာကျော်မဟာအထူးတရားပွဲကြီး
နိုင်ငံတကာ(၇)ဘွဲ့ရ
အရှင်ဓမ္မဂင်္ဂါ
သာသနတက္ကသီလဓမ္မာစရိယ၊ ဗုဒ္ဓဓမ္မဒီပလိုမာ
B.A(Buddhism)
B.A(BDh)
M.A(Part 2)
M.A(Pali) (India)
PhD(Research)


အော် သူကား ဘာမျှမပြောသာချေတကား၊ သူ့အရပ်နှင့် သူ့ဇာတ်ပေဟု နှလုံးမူရသော်လည်း မျက်နှာကား ပူလှချေသည်တကား။

1 comment:

Nay Lin said...

Comments မချန်ဖြစ်ခဲ့ပေမဲ့
လာလာချောင်းတဲ့သူတွေထဲမှာ
တပည့်တော်လဲ ပါတယ် လို့ပဲဆိုပါရစေဦးပဇ္ဖင်း..:)