24 February, 2010

နေက္ခမ္မလရောင်









၁-က။

ညအခါ
လသာသာ
ကစားမလား
နားမလား။
(သူငယ်တန်းဖတ်စာ)

ပီဘိကလေးငယ်ဘ၀က အသံသာသာဖြင့် ရွတ်ဆိုဟစ်အော် မြူးပျော်ခဲ့ရဖူးသော ကဗျာ..၊
ကျေးလက်ည၏ လရောင်ဆမ်းကွင်းပြင်ကျယ်တွင် ပြေးလွှားခုန်ပေါက် စိတ်မြောက်ခဲ့ရဖူးသော အလင်္ကာ..၊
သူငယ်တစ်ယောက်၏ ရိုးရှင်းကြည်မြနေသည့်စိတ်လွင်ပြင်တွင် ရုတ်ရုတ်သဲသဲနာရီများ၊ သေကောင်ပေါင်းလဲ ချိန်းဆိုချက်များ၊ ရှုပ်ထွေးေ၀၀ါးသော အိပ်မက်များနှင့် ခမ်းနားထည်ဝါသော မနက်ဖြန်များလည်း ရှိမနေခဲ့ပါ။

ကစားခြင်းနှင့် အနားယူခြင်းသည်သာ ကလေးငယ်တစ်ယောက်၏ အဘိဓမ္မာ (သို့) ပစ္စုပ္ပန်စစ်စစ်ဖြစ်ခဲ့သည်။
လရောင်လင်းပသော ညအခါတွင် လွတ်လပ်ပေါ့ပါးစွာ ခုန်ပေါက်ပြေးလွှားဆော့ကစားမည်။ နွမ်းနယ်ပင်ပန်း သွားခဲ့လျှင်တော့ အပူအပင်ကင်းစွာ အနားယူ အိပ်စက်ပစ်လိုက်မည်။

လရောင်သည် မြတ်နိုးစရာဟုတော့ နုနယ်သော နှလုံးသားကပင် ထိထိရှရှ ပွတ်တိုက်မိလေသည်။



၁-ခ

အန္ဓီဘူတော အယံ လောကော။
ဤလောကသည် အမှောင်သဖွယ်ဖြစ်၏။

(ကစ္စာယနဗျာကရဏ)

ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက်၏ နားစည်ကို ရိုက်ခတ်လာသောအသံ၊
ဘယ်မှာ မှောင်လို့လဲ။


ခြေလှမ်းတို့ကို မြှင့်တင်ပေးနိုင်သည် သင်ယူလေ့လာစရာသင်ခန်းစာများရှိသည်။ ရည်မှန်းချက်များကို ကြွတက် လာစေသည့် အတ္ထုပ္ပတ္တိစာအုပ်ထူထူများရှိသည်။ ကျောင်းသွားဖော်တို့၏ နွေးထွေးပွင့်လင်းသော ရယ်သံများ ရှိသည်။ ဗြဟ္မစိုရ်တွန်းအားနှင့် စေတနာဆွဲငင်အားလည်း ရှိသည်။ လတ်ဆတ်သောအတွေးနှင့် ယစ်မူးဖွယ်ဂီတ တို့ကလည်း လူငယ်တစ်ယောက်၏ ပုဂ္ဂလိကရင်ခွင်ကို သိမ်းပိုက်ကြပြန်လေသည်။
စာသင်ခန်းအဆောင် ဆောင်ကို အောင်မြင်စွာ ကျောခိုင်း နိုင်ခဲ့ပြီ ဆိုလျှင် မုဒိတာတံခါးချပ်များက အသင့်ဆီးကြိုနေကြပေဦးမည်။

ဘယ်မှာလဲ အမှောင်။

အတွေ့အကြုံ တိုးတိမ်လွန်းနေသေးသည့် လူငယ်တစ်ယောက်က သူ၏ အိပ်မက်မှတ်စုတွင် မျှော်မှန်းချက် အလင်းတို့ကိုသာ လက်လက်ထအောင် ရေးခြစ်နေမိလေသည်။


၁-ဂ။
အပ္ပမာဒေါ အမတံ ပဒံ၊
ပမာဒေါမစ္စုနော ပဒံ။
မမေ့ခြင်းသည် မသေလမ်း၊
မေ့ခြင်းသည် သေလမ်း။
(ဓမ္မပဒ)

ဦးနှောက်ထဲမှ သင်ခန်းစာကို စားဝတ်နေရေးသင်ခန်းစာတွင် အမှန်တကယ် ချခင်းပြရသောအခါ လူရွယ်တစ်ဦး ၏ နေ့စဉ်ရုန်းကန်ရမှုများက ချောင်ချောင်ချိချိ အင်္ကျီတစ်ထည်ကို ၀တ်ဆင်ရသလို လွယ်ကူချောမွေ့ခဲ့သည် တော့ မဟုတ်ပါ။ နာကျင်ကြေကွဲမှုများရှိသည်။ ချောင်ပိတ်ခံရခြင်းများ ရှိသည်။ တွန်းတွန်းတိုက်တိုက် ဖြတ်စီးလာသော လှောင်ရယ်သံများလည်း ရှိနေနှင့်လေသည်။ သို့သော် ချွန်ထက်မြိမြသော မာနဖြင့် မိမိကိုယ် ကိုယ် ချွန်းကုန်ဖွင့်ပစ်ခဲ့ပါသည်။

ဤသို့ဖြင့် ပိတ်ထားသော တံခါးများ ပွင့်ထွက်၊ ရန်လိုသော စမ်းသပ်မှုများ ချုပ်ငြိမ်း၍ ထုထည် ကောင်းကောင်း ပြဿနာများပြိုလဲသွားခဲ့သည်။ လောကဓံပြေးလမ်းရှင်း၍ ခါးသက်ကြမ်းရှသောနေ့ရက်တို့ ပြေလျော့စပြုသည် နှင့် ပကာသနစီးဝင်နှုံးက မြင့်တက်ခဲ့ပါသည်။

လက်ခုပ်သံတို့က တစ်ပွေ့ တစ်ပိုက်၊

ဂုဏ်ပြုတေးတို့က တမေ့တမိုက်။

အောင်မြင်ပြည့်စုံမှု အခြွေအရံနှင့် ရယ်သံလွင်လွင်တို့သာ လွှမ်းခြုံနေသည့် ပြက္ခဒိန်စာမျက်နှာကို မထင်မှတ်စွာ ပေါက်ပြဲသွားစေခဲ့သည်က အချစ်ဆုံးသူငယ်ချင်းတစ်ယောက်၏ နာရေးဖိတ်စာ။ နာရေးသတင်းပေါင်းများစွာကို အများနှင့်ထပ်တူ ရောနှောစုပ်သပ်ခဲ့ဖူးပါသည်။ အများနှင့်ထပ်တူပဲ စာနာအားဖြည့်ခဲ့ဖူးပါသည်။

သို့သော် ဤမျှလောက် သွေးပျက်ဖွယ် ထိတ်ပျာေ၀၀ါးမှု မပွားစီးခဲ့။
အနီးကပ်ကျကွဲသံက ပိုမို ကျယ်လောင်ခဲ့ပါသည်။
သေခြင်းတရား..။
ကိုယ်နှင်မဆိုင်သော ဘာသာရပ်တစ်ခုသဖွယ် မေ့လျော့ခြင်းသေတ္တာတွင် ခေါက်သိမ်းထားခဲ့ သောအရာ။

ငါ ဘာလဲ..
ငါ ဘယ်လဲ...
ငါဆိုတာကရော ဘာလဲ..
ငါဆိုတာကရော ဘယ်လဲ.......။
မေးခွန်းတို့က ရင်တစ်ခုလုံးကို တ၀ုန်းဝုန်းထုနှက်နေကြ၏။

ချွေးသီးချွေးပေါက်တို့ဖြင့် နစ်မွန်းရသည်က အခါခါ အိပ်မက်ဆိုးတို့ဖြင့် ချောက်ချောက်ခြားခြား လန့်နိုးရသည် က အကြိမ်ကြိမ်။
သေခြင်းတရားက ချစ်လှစွာသော သူငယ်ချင်းဆီ အချိန်ကိုက်ရောက်ခဲ့တာမှ ဟုတ်ရဲ့လား။
ချစ်လှစွာသော သူငယ်ချင်းကလည်း သေခြင်းတရားကို သတ္တိအပြည့်နဲ့ လက်ခံကြိုဆိုဖို့ အသင့်ရှိနေခဲ့တာမှ ဟုတ်ပါရဲ့လား။
မေ့လျော့မှုပမာဒ၏ သွေးဆောင်မှုမာယာတွင် နှစ်ခြိုက်ပျော်ဝင်နေခဲ့သည့် သူကိုယ်တိုင်ကရော.....။





၂-က

သေရာသို့ သွားနေခြင်းသည် ထာဝရအလုပ်။
စားဝတ်နေရေး ဆောင်ရွက်ခြင်းသည် ယာယီအလုပ်။
(မိုးကုတ်ဆရာတော်)

ကံကောင်းထောက်မစွာ အမှတ်မထင် ကြားနာခွင့်ရခဲ့သည့် ရှင်းလင်းပီပြင်သည့်သြ၀ါဒက တင်းတင်းဆုပ်ကိုင် ထားခဲ့သော အတွေးစများကို ဖျတ်ဖျတ်လူးသွားစေခဲ့သည်။

ဘ၀ရဲ့ အဓိပ္ပါယ် ဆိုတာ ရွှေရောင်စကားလုံးတွေနဲ့ ရေးထွင်းထားသည့် နာမည်တစ်ခုလား။

ဇိမ်ခံကားတစ်စီးပေါ်က မြင့်မောက်ဝင့်ဝါခြင်းတစ်မျိုးလား။
လက်ကိုင်စကားပြောကိရိယာတစ်ခုနှင့် ရှုပ်ထွေးဝင့်ကြွားခြင်းလား။
အရောက်လက်လက်သတ္တုစတွေကို တွဲစပ်ဝတ်ဆင်ခြင်းလား။
ဟန်ဆောင်ရောနှောရယ်မောရခြင်းတွေလား။

အမှန်တကယ်......
ဘ၀ဆိုသည်မှာ “သေရာသို့ အဆက်မပြတ်သွားနေရခြင်း” ၀န်ပိနေသည့် ကာလတိုဖြစ်ရှိမှုလေးမျှသာတကား။ မိမိနှင့် မိမိစွဲလမ်းသမျှ အရာရာကို အခိုင်အမာဟု သေချာမှတ်ယူ ထမ်းပိုးထားလိုသော ပုထုဇဉ်ပီသလွန်းသည့် မိစ္ဆာဒဿနတို့ လဲပြိုယိုင်နဲ့ သွားတော့၏။ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုများဆီ ခုတ်မောင်းနေဆဲအရှိန်အဟုန်များက လောင်မြိုက် လာကြသည်။ သူ့အဇ္ဈတ္တသည် ပူပြင်းအိုက်စပ်နေခဲ့၏။


အမှောင်ထုဖြင့် ပိတ်ဆို့လျက်ရှိသော သူ့ဝန်းကျင်တစ်ဆုံး သွေးရူးသွေးတမ်း ငဲ့စောင်းကြည့်မိ သောအခါ
လရောင်.....
သန္တရသ စက်စက်ယိုကျနေသော
ဓမ္မလရောင်.....
လွတ်မြောက်မှုတို့ဖြင့် ရုန်းကြွနေသော
ပရမတ္ထလရောင်...။

၂-ခ

သွာက္ခာတော ဘဂ၀တာ ဓမ္မော၊
စရထ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယ။
တရားဓမ္မကို ကောင်းစွာ ဟောပြအပ်ပြီ။
ဆင်းရဲခြင်းကို အဆုံးသတ်ဖို့ အကျင့်မြတ်ကို မှန်ကန်စွာ ကျင့်သုံးကြ။
(ဗုဒ္ဓ)

လရောင်ရွှန်းမြသော ညတစ်ညဆီက တိမ်းညွတ်ဖွယ် ပဒေသရာဇ်အဆောင်အယောင်နှင့် အမြစ်တွယ်ကာ အကိုင်းအခက်ဝေစ မိသားစုဘ၀သံယောဇဉ်ကို နောက်ပြန်မလှည့်ကြေး စွန့်ခွာဝံ့ရဲ ထွက်ပြေးနိုင်ရက်သည့် မင်းပျိုမင်းလွင် သိဒ္ဓတ္ထ၏ ခြေလှမ်းစိပ်စိပ်တို့က အနောမာမြစ်ကမ်းဆီ ဦးတည်လျက်..။

စကြာဝဠာတစ်ခုလုံး၏ မျက်ရည်များကို သုတ်ပေးဖို့ ပုဂ္ဂလိကကြေကွဲမှုကို မျက်နှာလွှဲခဲ့ရသူ မင်းသားမြတ်သည် “တစ်သံသရာလုံးငိုခဲ့ရပြီးပြီပဲ” ဟူသော သံဝေတို့ဖြင့် ခြေလှမ်းတို့ကို တည့်မတ် ခရီးဆက်ခဲ့ရပေလိမ့်မည်။

ထိုသို့ဖြင့် ဗုဒ္ဓအရှင်သည် ကိုယ်တော်တိုင်နှင့်တကွ ဝေနေယျအနန္တတို့၏ သောကအပူမှန်သမျှကို ငြှိမ်း၍ မျက်ရည်ဇာတ်လမ်းတို့ကို သိမ်းစေခဲ့သည်။ အရှင်မြတ်၏ နေက္ခမ္မပါရမီအကျင့်မြတ်ဖြင့် ပကတိလရောင် အောက်တွင် ဓမ္မလ၀န်းထွန်းလင်းခဲ့ လေပြီ။


၃-က
သေတာကို မြတ်စွာဘုရားလည်း မတားနိုင်ဘူး။
နောက်ထပ်မသေဖို့ပဲ လမ်းပြနိုင်တယ်။
(မစိုးရိမ်ဆရာတော်)

တရားဓမ္မ၏ သန္တရသအရိပ်ထိုးကျရာ ဥပုသ်ကျောင်းဆောင်လေးသည် ဆိတ်ငြိမ်အေးမြလျက်ရှိသည်။ ကဗျာ အသက်ဓါတ်တို့ ပူးကပ်ယှက်သန်းနေသည့် ဓမ္မကထိကရဟန်းတော်လေး၏ စကားလုံးများက ပြိုးပြက် တောက်ပနေကြသည်။

“က
လေး
ဘ၀က သင်ခဲ့ရတဲ့
ညအခါ လသာသာကဗျာဟာ
မိမိတို့ နှလုံးသားပေါ်မှာ အကြိမ်ကြိမ်ဝဲနေရမယ့်
ကြာပွတ်ရိုက်သံဖြစ်သင့်တယ်။
သံသရာတစ်လျှောက်လုံး
မှောင်ခဲ့ကြပြီးပြီ။
မှားခဲ့ကြပြီးပြီ။
လမ်းကြောင်းလွဲခဲ့ကြပြီးပြီ။
မိမိတို့ရဲ့ ခြေလှမ်းတွေကို တည့်မတ်ဖို့
သစ္စာဓမ္မလရောင်သာတဲ့အချိန်ထက်
ကောင်းမြတ်တဲ့အချိန်ကာလမရှိနိုင်တော့ပါဘူး။
မိမိတို့ ခြေလှမ်းတွေမှာ ပ္ပမာအထိန်းအကွပ်ရှိကြရဲ့လား။
ဒါမှမဟုတ် ပမာဒခြေချင်းခတ်လို့ ကာမဂုဏ်မီးလျှံထဲမှာ ပိတ်မိနေကြသလား။”

“ လူ့ဘ၀ဆိုတဲ့ အပြည့်စုံဆုံး အချိန်ကို ပိုင်ဆိုင်ထားသူတွေအတွက် မေးခွန်းတွေ အများကြီးမလိုဘူး။
နှစ်ခုပဲ ကစားမလား နားမား။”



၃-ခ

ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ။

ပြုပြင်ပေးရ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိကုန်၏။
မမေ့မလျော့ခြင်းဖြင့် ကိစ္စပြီးစေကြ။
(ဗုဒ္ဓ)

တီဗွီချန်နယ်လ်တစ်ခုကို ဖွင့်ကြည့်လိုက်မိသည်နှင့် မသေချာမှုများနှင့်သာ သေချာလှသော ပစ္စက္ခ ကမ္ဘာမြေ၏ ကူကယ်ရာမဲ့ အခြေအနေအရပ်ရပ်က သူ့ရင်ဝကို စူးအောင့်နာကျင်စေပါသည်။ ဆူနာမီ ဒီလှိုင်း၊ဟာရီကိန်းနှင့် တိုင်ဖုန်းမုန်တိုင်း။အင်အားကြီးမြေငလျင်၊ တောင်ပြိုမြေကြွံနစ်မှု၊ ကြက်ငှက်တုပ်ကွေးစသော သဘာဝဘေး အန္တရာယ်များနှင့် အသေခံဗုံးဖောက်ခွဲမှု၊ လူမျိုးရေးပဋိပက္ခ၊ စစ်မက်ပြုကျူးကျော်ခြင်းစသော ပြဿနာအရပ်ရပ် က ဘ၀၏ပြည့်စုံမှုဆိုသည်ကို ရယ်သွမ်းသွေးနေကြသည်။

အကြောင်းတရားအမျိုးမျိုး၏ နောက်ကွယ်တွင် သေခြင်းတရားရှိလေသည်။
မွေးစားရင်းဝင်ခဲ့ပြီးမှတော့ သေစာရင်းတွင်လည်း ကိုယ့်နာမည်က အထင်းသားဖြစ်နေတော့မှာ သေချာလှပါသည်။ အချိန်မရွေး ရောက်လာနိုင်သော သေခြင်းတရား၏ တံခါးခေါက်သံမကြားရမီ၊ သစ္စာဓမ္မလရိပ် မလွန်မီ၊ သူကိုယ်တိုင် အပြီးသတ်ဖြေဆိုရမည့် မေးခွန်းကို သူမိတ်ဆွေများကိုလည်း မျှဝေလိုက်ချင်ပါသေးသည်။
ညအခါ
လသာသာ
ကစားမလား
နားမလား။

(လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က ကွယ်လွန်သွားတဲ့ မိတ်ဆွေတစ်ယောက်အတွက် အမှတ်တရ ရေးဖြစ်ခဲ့တာပါ၊ ဘလော့ရှေ့ပိုင်းမှာ ဖော်ပြခဲ့ဖူးပါတယ်။ တစ်စုံတစ်ရာ စဉ်းစားစရာ ကြုံလာလေတိုင်း နေက္ခမ္မလရောင်ကို ပြန်ပြီးဖတ်လေ့ရှိပါတယ်။ ခုလည်း တစ်ကိုယ်တည်း တိုးတိတ်စွာ ဖတ်ရင်း ပြန်မျှမိပြန်တာပါ။ ကျေနပ်ပါစေ)

No comments: