16 April, 2010

သီတဂူဆရာတော်နှင့်ဗာရာဏသီမဟာသင်္ကြန်

သီတဂူဆရာတော်နှင့် ဓမ္မဂင်္ဂါ
မဟာသင်္ကြန်အတက်နေ့(၁၆-၀၄-၂၀၁၀)
ရန်ကုန်မြို့တော်သင်္ကြန်တွင် ဗုံးပေါက်ကွဲခြင်းဟူသော အမင်္ဂလာသတင်းကို ကြားရသော် ၀မ်းနည်းစာနာရ၏။ သီတဂူဆရာတော်ဘုရားကြီး ဗာရာဏသီသို့ ကြွရောက်တော်မူလာသည် ဟူသော မင်္ဂလာသတင်းကို ကြား ရပြန်သော် အားတက်ဝမ်းသာရပြန်၏။ ၀မ်းနည်း ၀မ်းသာ ဝေဒနက္ခန္ဓာတရားတို့သည် အချိန်ကိုက်ကာ ပြိုင်တူ ပွားစည်းခဲ့လေ သည်တကား။

ဗာရာဏသီရဟန်းတော်များစုပေါင်းကာ ကျင်းပမည့် သင်္ကြန်ဆွမ်းကျွေးအစီအစဉ်နေရာတွင် မဇ္ဈိမနွေကို ဆန်တက်ကာ ဘုရားဖူးကြွတော်မူလာသော သီတဂူဆရာတော်ဘုရား၏ သြ၀ါဒကထာကို နာယူကြရန် စုံညီ စည်းဝေးဖြစ်ခဲ့ကြလေသည်။ သီတဂူဆရာတော်သည်ပင် မဟာသင်္ကြန်အတက်နေ့ဆွမ်းအလှူရှင်ဖြစ်ခဲ့၏။ ဗာရာဏသီပညာသင်ရဟန်းတော်များစိတ်နှလုံးအိမ်၌ “သီတဂူဆရာတော်ဘုရားကြီး သက်တော်ရှည်၍ သာသနာ့ဝန်ကို ဆောင်နိုင်ပါစေသော်” ဟု ပတ္ထနာပြုသံများသာ ပဲ့တင်ထပ်နေကြမည်မှာ သေချာလှပါ၏။

ဆွမ်းစားပြီးသည်နှင့် ကြုံခဲကြုံခိုက်စွာ ဖူးတွေ့ခွင့်ရသော သီတဂူဆရာတော်ဘုရားထံမှ သြ၀ါဒကထာ များကိုလည်း အမိအရနာယူခဲ့ကြပါလေ၏။( သီတဂူဆရာတော်ဘုရားကြီး၏ သြ၀ါဒအသံဖိုင်ကို ကော်နက်ရှင်း ကောင်းသောအခါ တင်ပေးပါမည်။) သြ၀ါဒမပေးမီ ဆရာတော်က ပြုအပ်သော ဆုတောင်းပတ္ထနာသည် မဟာသင်္ကြန်တော်အခါသမယနှင့် တိုက်ဆိုင်စွာ အသိအကျင့်များဖြင့် တောက်ပလင်းလက်လေးနက်လှပါသည်။ မျှဝေလိုက်ပါ၏။ သီတဂူနှစ်သစ်ဆုတောင်းပတ္ထနာအစစ်ဖြစ်ပေသတည်း။

“ ပူရေန္တု သမ္မာသင်္ကပ္ပါ။

ဘိဇ္ဇန္တု မိစ္ဆာသင်္ကပ္ပါ”
“မှန်ကန်သော အတွေးအကြံများပြည့်စုံကြပါစေ။
မှားယွင်းသော အတွေးအကြံများ ပျက်စီးကြပါစေ။”
သီတဂူဆရာတော်

1 comment:

linnhtatshein said...

ကောင်းလှပါသည်
ကော်နက်ရှင်
ကောင်းတာ
ကိုလည်းမျှော်
မင်္ဂလာသတင်းများကိုလည်း
မျှော်လင့်မိပါ၏