24 April, 2011

ရဟန်းနှင့် မိုင်ပေါင်းကုဋေမုန့်ဟင်းခါး(၂)

(၃)

သမိုင်းရပ်ကွက်များတွင် ရာသီနှင့်အမျှ မဟာဒုဂ်စာရေးတံပွဲ၊ ဆွမ်းလောင်းပွဲ၊ ဆွမ်းသိမ်းအောင်ပွဲ စသည် ကုသိုလ်ရေး အမှုများ လှိုင်လှိုင်ထွန်းကားလေ့ရှိပါသည်။ သူ စတင် ရောက်ရှိသွားသည့် ဆောင်းရာသီတွင် သံဃဒါနမဟာဒုဂ် စာရေးတံမဲအလှူပွဲတော်များ အပြိုင်အဆိုင် ကျင်းပနေသည်။ ထိုမဟာဒုဂ် စာရေးတံပွဲများသည် စာသင်သားရှင်ငယ်ရဟန်းငယ်တို့ အထူးမျှော်လင့်တတ်သော ပွဲမျိုးဖြစ်ပါသည်။ ဆွမ်းကွမ်းပြည့်စုံစွာ ဘုန်းပေးသုံးဆောင်ရသလို ပါဠိပထမပြန်စာမေးပွဲဖြေခါနီး စာရေးကိရိယာဝယ်ယူရန် လိုအပ်သောအချိန်နှင့် အံဝင်ခွင်ကျဖြစ်စွာ ၀တ္ထုငွေကံစမ်းရသော ထိုပွဲမျိုးကို စာသင်သားအများစုက အားထားလေ့ရှိပါသည်။

သူသည်လည်း မန္တလေးတွင် ရှစ်နှစ်တာ ဖြတ်သန်းခဲ့ရသမျှ တစ်နှစ်လျင် တစ်ကြိမ်မျှ ကံကောင်းထောက်မ၍ မဲပေါက်သည့် စာရေးတံဘုရားပွဲကို မက်မက်စက်စက် ကြွခဲ့ဖူးပါသည်။ မစိုးရိမ်မှာ နေစဉ်က သကျသီဟဘုရားကြီးပွဲ..။ နန်းတော်ရှေ့ သာသနာ့တက္ကသိုလ်ရောက်တော့ ကုသိုလ်တော်ဘုရားပွဲ...။ စာချစာသင် သံဃာတော်ပေါလှသည့် မန္တလေးမြို့တော်တွင် စာသင်သားရှင်ငယ်ရဟန်းငယ်တစ်ပါးအတွက် ဆွမ်းစားကွမ်းစားဆိုသည်က မန္ဓာရ၀နတ်ပန်းပွင့်ချိန် ဖြစ်လိမ့်မည်။ ရှားပါးလှပါဘိတောင်း..။

ရန်ကုန်မြို့တော်၌ စာချဘုန်းကြီးတစ်ပါးဖြစ်လာသည့်အချိန်တွင်မူ သီလပေးရေစက်ချ ဦးဆောင် ဦးရွက်ပြုသည့် ရဟန်းတစ်ပါးအနေဖြင့်သာ မဖြစ်မနေ စာရေးတံပွဲများကို ကြွခဲ့ရခြင်းဖြစ်သည်။

သူ သမိုင်းမြို့မ စာချဘုန်းကြီးဘ၀တွင် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်တက်ရောက်နေသည့်အတွက် စာအုပ်စာတမ်း စသည်ဝယ်ရန် ၀တ္ထုငွေလိုအပ်လျှင် အလှူခံဖို့ ဖိတ်ကြားထားသူ ဒကာကြီးတစ်ဦးရှိနေခဲ့ပါသည်။ ထိုဒကာကြီးထံမှလည်း သူက အမြဲအလှူခံလေ့ရှိသူ မဟုတ်ပြန်ပါ..။ ကြုံရာမိတ်ဆွေရဟန်းသုံးလေးပါးထံမှ မတွန့်တိုလောက်သည့် ငွေကြေးပမာဏကို ထပ်ဆင့်အလှူခံခြင်းဖြင့် သူ့လိုအပ်ချက်ကို ဖြည့်ဆည်း လေ့ရှိတတ်ခဲ့ပါသည်..။ ၀တ္ထုငွေငါးရာလိုအပ်လျှင် မိတ်ဆွေရဟန်းငါးပါးဆီက တစ်ရာစီအလှူခံခြင်းမျိုးပင်..။ သည်းခံကြ ကုန်လော့....ဘုရားအလောင်း သူတော်ကောင်းတို့ ထုံးဟောင်းဓမ္မတာ မြတ်လှစွာသော ဒါနပါရမီ အတန်တန်ကို စွမ်းစွမ်းတမံ ဖြည့်ဆည်းကြလေလော့ ။

မစိုးရိမ်စာသင်တိုက်တွင် အတူ စာသင်ခဲ့ဖူးသည့် သီဟပူရရောက် မိတ်ဆွေရဟန်းတစ်ပါးကတော့ သူ ရန်ကုန်မှာ နာယက စာချဘုန်းတော်ကြီးဖြစ်နေသည့်အတွက် ၀တ္ထုငွေပြည့်စုံနေပြီထင်ဟန်ဖြင့် နိုင်ငံခြား ပညာသင်မကြွသေးဘူးလား မေးဖူးသည်။ သူက သမိုင်းမှတ်တိုင်မှ စွယ်တော်ဘုရားမှတ်တိုင်သို့ အမှတ်(၄၃) နှင့် အမှတ်(၈၀)(၈၁) ဘတ်စ်ကားများ တိုးစီးရန်ပင် ငွေစကြေးစ မပြည့်စုံ..။ တစ်ခါက တက္ကသိုလ်တက်ရန် အသွားစရိတ် (၂၀)ကျပ်ကို စာသင်သားရဟန်းတစ်ပါးဆီက အလှူခံသည်။ သူ့တပည့်က ပိုပိုလိုလို အလှူခံဖို့ လျှောက်သည်။ သူက လက်ကာပြပြီး တက္ကသိုလ်ကို ထွက်လာခဲ့သည်။ ''သာသနာ ဒီလောက်ထွန်း ကားနေမင့်ဟာ အပြန်ငွေနှစ်ဆယ်လောက်တော့ ဘယ်တစ်ယောက်ဆီက နှိုက်နှိုက်ပေါ့လေ..။''

ဖြစ်ချင်တော့ ကျောင်းဆင်းချိန်တွင် သူနှိုက်နေကျ မိတ်ဆွေရဟန်းများကို မဖမ်းမိလိုက်..။ သူ့စိတ်အကြံကို ပရစိတ္တ၀ိဇာနနဥာဏ်တော်စူးရှ၍ သိနေကြသည့်အလား သူ ရုံးခန်းထဲဝင်၍ ကျောင်းတက်လက်မှတ် ထိုးနေချိန်တွင် မိတ်ဆွေရဟန်းများက ပျောက်သွားကြသည်။ စွယ်တော်မှတ်တိုင်တွင် သူ ယောင်ချာချာ ရပ်နေမိသည်။ တက္ကသိုလ် အမျိုးသားဆောင်(A) ကို သွားပြီး မိတ်ဆွေရဟန်းတစ်ပါး၏ အခန်းကို တံခါးခေါက်လိုက်လျှင် ငွေနှစ်ဆယ်သည် အလွယ်တကူဖြစ်နိုင်သည့် အနေအထားဖြစ်သည်။ ခုတော့ ညနေခင်း စာတစ်ဝါပို့ချချိန်အမီ ကျောင်းကို အရောက်ပြန်ရမည်..။ ဟိုမှာ ကားက လာပြီ..။

နောက်ဆုံးတော့ သူနှင့် အတူ ဗုဒ္ဓဓမ္မဒီပလိုမာတန်းတက်နေသည့် အမျိုးသမီးရှေ့တွင် ခပ်တည် တည်ရပ်ရပေတော့သည်..။ '' ဦးဇင်း ဘာလိုပါသလဲ '' တဲ့..။ အင်းတဲ့ ဘာလဲတဲ့ သို့သော်လည်း တဲ့ပေါ့လေ..။ အိမ်း အိမ်း...ဒကာမရေ ဘတ်စ်ကားခ လိုနေလို့...။ ဒကာမကလည်း အံ့အားသင့်နေဟန်ရှိသည်။ သူ့လို စာချဆရာတော်တစ်ပါးက ဘတ်စ်ကားခအလှူခံလိမ့်မည် ဟု မျှော်လင့်ထားဟန် မရှိ..။ ၀တ္ထုငွေငါးရာတန်ကို ထုတ်လှူသည်။ တော်ပြီ ငါးဆယ်ပဲ လှူ...။ ရှစ်မိုင်မှာ အခြေအနေမကောင်းလျှင် ကားပြောင်းစီးချင် စီးရမည်..။

တပည့်တော်မှာ အကြွေမရှိဘူးဘုရား အလှူခံသွားပါ..။ အိမ်း ... မနက်ဖြန် သို့မဟုတ် ဘယ်သောအခါများအတွက်ပေါ့လေ...။ သူလည်း ဖျတ်ကနဲလှူတော့ ဆတ်ကနဲ ဆွဲပြီး ကားပေါ် အပြင်းတက်ခဲ့ရသည်..။ တရံရောအခါဆီက စွယ်တော်မှတ်တိုင်မှာ..။ ထိုအချိန်မှစ၍ ထိုဒကာမလေးသည် ထိုရဟန်းအား ထိုကဲ့သို့ ကြုံတွေ့လေတိုင်း ထိုနည်းတူ လှူဒါန်းရန် အကျင့်ပါသွားလေတော့သတတ်..။

3 comments:

မောနေယျ said...

အင်းတဲ့
ဘာလဲတဲ့
သို့သော်လည်း တဲ့ပေါ့လေ..။
ခီဏံ ပုရာဏံ ဘ၀များပေါ့လေ..။

သစ္စာအလင်း said...

မချောမွေ့ မပြေပြစ်တဲ့လမ်း ကို ခက်ခက်ခဲခဲလျှောက်လှမ်း ပြီး ဘွဲ့ တွေ တစ်ဘွဲ့ပြီးတစ်ဘွဲ့ ယူခဲ့နိုင်တာ ဟာ မှတ်ကျောက် တစ်ခုပါ..။ အမြဲလေးစား ဂုဏ်ယူနေပါတယ်။

trd said...

ကျုပ်တို့လဲ ပေးခဲ့ရပါသဗျ။
၂၀ ကျပ် ထက်တော့ ပိုပြီးမယူရှာပါဘူး။
အပေါင်းအသင်းတွေကို သူကသာ အနစ်နာခံလေ့ရှိသူပါ။