ဗာရာဏသီသင်္ကြန်တော်အတွေးဖြင့် ဆက်စပ်ရာဖုန်းနံပါတ်များကို နှိပ်ဖြစ်သွားသည်။ ဗာရာဏသီရှိရဟန်းတော် များစုပေါင်းတွေ့ဆုံကာ သင်္ကြန်တော်အထိမ်းအမှတ်ဆွမ်းကပ်ကြမည်။ နွေရာသီပူပြင်းလာပြီမို့ အပူဒီ ဂရီမြင့်မားလာမည့်နေ့ရက်များတွင် ရဟန်းတော်အချင်းချင်းစုံညီတွေ့ဆုံဖို့ မလွယ်ကူတော့ပါ။ သင်္ကြန် တော်သည် ရဟန်းတော်များစုံညီတွေ့ဆုံနိုင်သည့် သံဃသန္နိပါတပွဲတော်မျိုးဖြစ်သွားနိုင်သည်။
“ကဲ ငါ့ရှင်တို့ သင့်သလိုသာ စီမံကြပေတော့။” အလှူငွေကောက်ခံကြမည်။ (ရဟန်းတော် အချင်း ချင်းအလှူခံခြင်းဖြစ်သည်။) ဆွမ်းနှင့်အခြားဖွယ်ဖွယ်ရာရာဆွမ်းဟင်းလျာများလှအောင်တော့သူက လိုဖြည့် သဘောမျိုးတာဝန်ယူလိုက်သည်။ (အမှန်က သူက ပွဲတော်ဖြစ်မြောက်ဖို့အတွက် မတည်အလှူရှင် သဘောမျိုး စာလုံးကြီးကြီးဖြင့်ရေးရန် ရွယ်စူးထားသည့် အကြံကို အကြောင်းသိမိတ်ဆွေရဟန်းတော်များက လက်မခံကြပါ။) အလှူရှင်ကို အမာထည်ဟု မမြင်ခြင်းဖြစ်သည်။ ဓမ္မဂင်္ဂါသင်္ကြန်တော်ဟု နာမည်ပေးဖို့လည်း သူက မတောင်းဆိုပါ။ ကုသိုလ်များကိုတော့ ဓမ္မဂင်္ဂါပရိသတ်များဆီ သံသရာအီးမေးလ်ဖြင့် ပို့ပေးလိုက်ပါမည်။
သင်္ကြန်တော်အကြတ်နေ့မှာ မဇ္ဈိမသုခကျောင်းတွင် ကြာဆံကြော်နှင့် သာကူကျိုဖြင့် စတုဒိသာ ဧည့်ခံကျွေးမွေးပါမည်တဲ့။ ရွှေပြည်ကြီးသင်္ကြန်တော်ကို အလွမ်းဖြေကြခြင်းသာဖြစ်သည်။ နှစ်ဆန်းတစ်ရက် နေ့မှာတော့ ဗာရာဏသီဆေးဝင်္ကဘာကျောင်းတွင် အလှူရှင်တစ်ဦးက ဗာရာဏသီသံဃဒါနဆွမ်းကပ်မည်တဲ့။ သတင်းဒေတာများတစ်ခုပြီးတစ်ခုဝင်လာ၏။ အော် ၀မ်းမြောက်ဖွယ်ကောင်းပေစွ။
နံနက်စာ စာပြီးသည်နှင့် တက္ကသိုလ်ဆီထွက်လာခဲ့သည်။မိဂဒါဝုန်လမ်းသည် ယခင်နေ့များလို မရှုပ်ထွေး၊ တက္ကသိုလ်ပရိဝုဏ်ထဲ ၀င်လိုက်သည့်အခါ ဆိတ်ငြိမ်နေသည်။ သူက သင်္ကန်းကို သေချာစွာရုံကာ ထီးကိုလည်း ဆောင်းထားသေးသည်မို့ ထင်းထင်းကြီးဖြစ်နေသည်။ ရွှေပြည်ကြီးမှာ ထီးဆောင်းခြင်းသည် အထူး အဆန်းမဟုတ်၊ မဇ္ဈိမမှာတော့ ထီးဆောင်းခြင်းသည် ထူးခြားသောအသွင်အပြင်ဖြစ်နေတတ်သည်။ မဇ္ဈိမသားတို့က အလွယ်တကူထီးဆောင်းလေ့ရှိသူများမဟုတ်ပါ။ လွန်ခဲ့သောနှစ်များဆီက ဂျဝါဟလာ နေရူးကြီး၏ မွေးရပ်မြေအေလာဟဗဒ်မြို့က တက္ကသိုလ်ကျောင်းသူလေးများ ထီးဆောင်းပြီးကျောင်း တက်ကြ သည်ကို သတင်းတစ်ရပ်အနေဖြင့် ဖော်ပြဖူးသေးသည်။
စာသင်ဆောင်ရှေ့သူရပ်လိုက်သည့်အခါမှာတော့ သူသိလိုက်ပြီ၊ သည်နေ့ တစ်နိုင်လုံးကျောင်းများရုံးများ ပိတ်သည်။ အမ်ဘေဒကာမွေးနေ့။ သူက သင်္ကြန်တော်အလွမ်းမပြေဖြစ်နေရသည်မို့ အမ်ဘေဒကာကြီးကို မေ့နေခြင်းဖြစ်ပါသည်။ သည်နေ့သည်ကား မဇ္ဈိမဒေသတွင် အသောကခေတ်ကဲ့သို့ သာသနာ ထွန်းတောက်စေရမည်ကြွေးကြော်ကာ ဗုဒ္ဓဘာသာပြန်လည်ထွန်းလာအောင် အားထုတ်ခဲ့သော ဇာတ်နိမ့် ခေါင်းဆောင်ကြီး၊ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးဆောင် ရေးဆွဲခဲ့လေသော လွတ်လပ် ရေးရပြီးခေတ်ပထမဆုံးတရားရေ၀န်ကြီး၊ ယနေ့ခေတ် အိန္ဒိယဗုဒ္ဓဘာသာများ၏ ခေတ်သစ်ဘုရား လောင်း (Modern Bodhisatva)ဒေါက်တာဘီမရောင်း အမ်ဘေဒကာကြီး၏ ၁၁၉ နှစ်မြောက် မွေးနေ့အခါ သမယပေတကား။
သူသည် တက္ကသိုလ်မုခ်ဦးက ၀င်လာခဲ့သော်လည်း လာရင်းလမ်းအတိုင်း ပြန်မလှည့်တော့ဘဲ မလွယ် ပေါက်လေးတစ်ခုမှ ခပ်တည်တည်ပင် ထွက်လာခဲ့ပေသတည်း။

No comments:
Post a Comment