စာသင်ခန်းမှ ပြန်ထွက်လာသည်အထိ နေပူချိန်က မကျတတ်သေး။ ပါဠိကျောင်းသားချင်ချင်ဘေး၏ တိုးတက်မှုကို တွေးတောကာ သူမျှော်လင့်နေသည့် ခေတ်မီပါဠိသင်တန်းတစ်ခုဖွင့်လှစ်ရေးအတွက် အားတက်သွားပါသည်။ ဓမ္မစကြာ၊ပရိတ်ကြီးနှင့် ပဌာန်းဝတ်ရွတ်စဉ်သင်တန်းများနှင့် ရောနှောကာ လူပုဂ္ဂိုလ် များအတွက် အချိန်တိုတိုဖြင့် ခရီးရောက်စေနိုင်သည့် ပါဠိသင်တန်းများဖွင့်လှစ်ရေးအတွေးများ လင်းသွားရ သည်။ တစ်လခွဲမျှဖြင့် ပါဠိဘာသာကို အခြေခံရအောင်သင်ပေးနိုင်သည့်နည်းစနစ်ကို သူရလိုက်ပြီ။
မော်ဒန်တောရသို့ မပြန်မီ ကိုနော၏ အခန်းလေးသို့ ၀င်ခိုလိုက်သည်။ ကိုနောအဆိုအရ “စိတ်အနေ ထူးခြားသည့်သူများသည် တစ်ဦးတည်း နေလေ့ရှိသည်”တဲ့။ ကိုနောက တစ်ကိုယ်တည်းနေခြင်းဖြစ်သည်။ သူ့လွယ်အိပ်ထဲမှ သဒ္ဓမ္မပုဏ္ဍရိကကျမ်း ဟိန္ဒီဘာသာပြန်စာအုပ်လေးကို ထုတ်ကာ ကိုနောကို ကမ်းပေး လိုက်သည်။ နံနက်ခင်းဆီက ရှင်လာဘသာမိက ကိုနောအတွက် ရည်စူးရှာဖွေလာသော စာအုပ်လေးကို သူက အလွယ်တကူကောက်ထည့်လာခြင်းဖြစ်သည်။
“ ရှိပြီးသားဗျ၊ ငါ့ရှင်ပဲ ယူလိုက်ပါတော့။ ”
“အဲဒါဆိုလည်း ငါ့ရှင်ပဲ လင်းပေတော့။”
သို့နှင့် ကိုယ်စီစာအုပ်ဖွင့်လိုက်ကြသည်။ သဒ္ဓမ္မပုဏ္ဍရိကာဆိုသည်က မဟာယာနသံဂါယနာဝင် ကျမ်းမြတ်တစ် ဆူဖြစ်သည်။ “ပရာက်ကထန်”ပထမဆုံးအမှာစကားကို ဖတ်ကြသည်။ ကိုနော၏ ရှင်းပြချက်များတွင် သူမျှောလိုက်သွား၏။ “Sadharma ki shakti paradarshi hai” (သူတော်ကောင်းတရား၏ သတ္တိကား ကမ်းကို ပြခြင်းမြင်စေခြင်းပေတည်း)။ နှစ်မျက်နှာခန့်ရှိသော အမှာစကားဖြင့်ပင် နွေအပူငြိမ်းသွားသည်။ ကြာပန်း တရားပေကိုး၊ ဤသို့ဖြင့် သင်္ကြန်တော်ကို ကြိုသတည်း။
မော်ဒန်တောရသို့ရောက်သော် “ မော်ဒန်တောရရိုးရိုးသင်္ကြန်”ပွဲတော်ကို ဘလော့မှာ နွှဲဖြစ်တော့၏။ မစ္စတာ ပါရဂူ၊ ကိုနော၊ မော်ကွန်သစ်၊မြတ်ရောင်နီ၊ရှင်သစ္စာစသောအထူးဧည့်သည်တော်ကြီးများက ရိုးသင်္ကြန်ပွဲတော် သို့ တက်ရောက်ကြ၏။ မစ္စတာမာဃနှင့် သူ၏ လေဒီများရှိုးပွဲ၊ စတုမဟာရာဇ် မော်ဒယ်လ် ယိမ်းများဖြင့် ဖျော်ဖြေရန်စီစဉ်ထားသည့်တိုင် “ပင်လယ်ကသစ်” သင်္ကြန်က ပွဲကြမ်းနေသဖြင့် မော်ဒန်တောရသင်္ကြန်သည် ရိုးရိုးဖြစ်သွားရခြင်းပင်။ ညပိုင်းတွင် အစီအစဉ်များကြေငြာ၍ မပြီးမီမှာပင် သူအိပ်ပျော်သွားခဲ့ပါတော့သည်။
မဟာသင်္ကြန်တော်အကျနေ့(၂၀၁၀ ဧပြီလ ၁၄)
အိပ်ရာနိုးသည်နှင့် သင်္ကြန်တော်ကျပစ်လိုက်သည်။ တဗွမ်းဗွမ်းရေချိုးလိုက်ပါသည်။ “ဗာရာဏသီသင်္ကြန်ပွဲတော် မကျင်းပတော့ဘူးလား” ဖုန်းသံအချို့ဝင်လာသည်။ “ အင်း စဉ်းစားတုန်းပါပဲ” ။ သူ့အသံကို တစ်ဖက်က အားရဟန်မတူပါ။ “ တစ်နိုင်ငံလုံးရဲ့ ထွေချုပ်ကြီးက သင်္ကြန်တော်လေးတော့ စီစဉ်ပေးသင့်တာပေါ့” “ အင်း ဒုက္ခပဲ”။

3 comments:
ဟောဗျာ..အခုပဲသုံးဖြစ်လိုက်...အခုပဲလေးဖြစ်လိုက်..
ဘယ့်နှာတွေတုန်း...။
တောရသင်္ကြန်ဆိုတာ မဟုတ်မဟုတ် လုပ်ထားတာတွေကို ရေမျှောပစ်တဲ့ပွဲနဲ့ တူလား။
ရွှေလမ်းငွေလမ်းဝင်းကြည်
ဆရာရှင်မော်ဒန်သင်္ကြန်အုပ်စုအဖွဲ့ ကို လာရောက်ရေလောင်းချင်လိုက်တာ..
ဆရာတို့အန္တိယမှာ သင်္ကြန်မှန်းကို မသိရပါလား.ဆရာတို့ရေ...
Post a Comment