05 May, 2010

ဓမ္မဂင်္ဂါဒိုင်ယာလက်တစ်ခ်(၃)

ဓမ္မရက္ခိတ “အော် ဟော ငါ့ရှင်က ဒျွိုက်ခ်ျဘာသာစကားလည်း ရပေသကိုး၊ ကျွန်ုပ်ကတော့ ဇာမဏီပြည်မှာ သာသနာတစ်ခေတ်လင်းနေတဲ့ မြတ်ရောင်နီအရှင်ရဲ့ ပထမဆုံးကွန်ပြူတာပဌာန်းပွဲက ပြန်လာစမို့ နှုတ်တက်ရ နေတဲ့ ဒွိုက်ခ်ျစကားလုံးလေးတွေ ငါ့ရှင်ကို တွေ့တာနဲ့ အလိုလိုထွက်ကျ နှုတ်ဆက်မိတာကလား၊ ကျန်တာတော့ ဘာမှတတ်ဘူးဆရာ။ ”

ဓမ္မဂင်္ဂါ “ အဟမ်း အဟမ်း အချင်းချင်းတွေပဲလို့ မှတ်ပိမ့် ငါ့ရှင်။ ဒျွိုက်ခ်ျစကားလေးတစ်လုံးစနှစ်လုံးစ တတ်ပုံက ထေရ၀ါဒတက္ကသိုလ် ''မဟာဝိဇ္ဇာတန်းပထမနှစ်သင်တန်းသားများအနေနဲ့ အင်္ဂလိပ်ဘာသာအပြင် နိုင်ငံခြား ဘာသာစကားတစ်ခု အပိုသင်ယူရမယ်'' ဆိုလို့ ခပ်တည်တည်နဲ့ ဒွိုက်ခ်ျမည်သော ဂျာမန်ဘာသာအုပ်စုထဲ ၀င်ရောက်ထိုင်မိပါရောလား ငါ့ရှင်။ '' ဥရောပသာသနာ့အရေး စိတ်မအေးသော ငါသည် ဥရောပဘာသာစကားတစ်ခုကို မုချဆတ်ဆတ် တတ်မြောက်အောင် သင်ယူအံ့'' စသည် ဘာညာပေါ့ဗျာ။ ပထမတော့ အုတ်အုတ်ကျက်ကျက် ပြီးတော့ ကြက်ပျောက်ငှက်ပျောက် ဆိုတဲ့ ရွှေပြည်သားတွေရဲ့ ထုံးတမ်းစဉ်လာထဲမှာ ရဟန်းဆိုတဲ့ ပုဂ္ဂိုလ်များလည်း ပါရိုးပါမြဲမို့ သင်တန်းသားဆယ်ဂဏန်းမပြည့်တဲ့ သင်တန်းခန်းမလေးထဲမှာ ဂျာမန်သင်တဲ့ဆရာမလေးရယ် ကျောက်သင်ပုန်းကြီးနဲ့ မြေဖြူခဲရယ်သာ ကျန်ခဲ့ပါရောလားဗျာ။

ဓမ္မရက္ခိတ “ သင်တန်းတစ်ခုရဲ့ အနိစ္စပေပဲကိုးဗျ၊ အင်း သိရသလောက် ငါ့ရှင် သင်ခဲ့တဲ့ ဘာသာစကားတွေ မနည်းဘူး မှတ်တယ်ဗျ။”

ဓမ္မဂင်္ဂါ “ ဟေးဟေး သင်တာမဟုတ်ဘူး၊ ယောင်တာဗျ၊ ရွှေပြည်ကြီးမှာနေတုန်းက “ ဘာသာမျိုးခြား၊ စာစကား ၊သင်ကြားရမည်မှတ်” တို့၊ “လူမဲ လူဖြူ အဆူဆူတို့၏ တိုင်းခြားစကား သင်မထားပါက လူကြားမ၀င် အင်တာနေရှင်နယ် မဖြစ်” ဆိုသဟာမျိုးတွေ နားဝင်တာရော၊ ပြီးတော့ သူတောင်းစားတွေရော နွားကျောင်းသားတွေရော ဘာသာပေါင်းစုံပြောကြဆိုကြတဲ့ ၀တ္ထုဘုတ်အုပ်တွေ ဖတ်မိတာရော၊ ရှိသေးသဗျ “ဒေါက်တာရာဟုလာသံကစ္စည်းလို ပုဂ္ဂိုလ်မျိုးပင် ဘာသာစကားပေါင်း ၃၄ မျိုးကို ကျွမ်းကျင်အောင် တတ်လေ မင့်ဟာ ငါ့လို ကောင်းကင်တမွတ် ကြယ်ကိုဆွတ်ကြီးက ဘယ်မှာလျှင် ၃၄၀ သော ဘာသာစကား မတတ်ခံနိုင်ရိုးလား” ဆိုပြီး တကယ့်ပါရမီရှင် ဂျီးနီးယတ်စ်(Genius)ကြီးကို တုပကပ်မြှောင်ပြီး မာန်လက်တစ် ဆစ်လေး တက်ချင်ယောင်ပြုမိတာရော (တကယ်မာန် တက်တာမျိုးလည်း မဟုတ်ဘူးဗျ)။ အဲသဟာနဲ့ ဟိုဟာတတ်ချင် ဟိုဟာသင် ၊ဒီဟာတတ်ချင် ဒီဟာသင်နဲ့ ဘယ်ဟာမှ မကုန်စင်ခဲ့ပေဘူး ငါ့ရှင်။”

ဓမ္မရက္ခိတ “ငါ့ရှင် မန္တလေး သာသနာ့တက္ကသိုလ်မှာတုန်းကတော့ ငါ့ရှင်အခန်းထဲမှာ မြန်မာဘုတ်အုပ်မှန်သမျှ မရှိရဆိုပါကလား။ ဂျပန်ဘာသာသင်စာအုပ်တွေ၊ အင်္ဂလိပ်အဘိဓါန်အထူကြီးတွေ၊ ပြီးတော့ သက္ကတ ဘုတ်အုပ် တွေနဲ့ တစ်ခန်းလုံးမပွပွအောင် ဖွထားဆိုပဲ။”

ဓမ္မဂင်္ဂါ “ အဟဲ ဒါတော့ ပြောတဲ့လူက ဖွလွန်းတာပါပဲ ငါ့ရှင်ရယ်၊၊ သာသနာ့တက္ကသိုလ်မှာတုန်းက ၀ယ်ထားတဲ့အင်္ဂလိပ်အဘိဓာန်က သုံးအုပ်လောက်ရှိတယ်ဗျ၊ ရှေ့ဆောင်အင်္ဂလိပ်အဘိဓါန် စာအုပ်ထူ ထူကြီးရယ်၊(အဲဒီစာအုပ်ကြီးကို ဘုရားကြီးအရှေ့ဘက်မုခ်က ကိုသိန်းထိုက် မတင်ရီ စာအုပ်ချုပ်ဆိုင်မှာ သားရေ ဖုံးပြီး ရွှေစာလုံးတွေနဲ့ ကမ္ဗည်းထိုးထားတာဗျ)၊ ပြီးတော့ Collin Cobuild English Dictionary စာအုပ်လေးရယ်၊ နောက်တစ်အုပ်ကတော့ Websters New World Dictionary စာအုပ်ကြီးရယ်၊

ဓမ္မရက္ခိတ “ငါ့ရှင် စာအုပ်စင်မှာ အင်္ဂလိပ်ဘုတ်အုပ်တွေကလည်း များပါဘိသနဲ့။”

ဓမ္မဂင်္ဂါ “ အိမ်းအိမ်း မျက်နှာလည်း ပူမိပါရဲ့ ။ နုစဉ်ကကိုး ။ကိုယ်ပိုင်အဘိဓာန်တွေအပြင် တက္ကသိုလ်ပိဋကတ် တိုက်က နှစ်ပေါက်ငှါးလို့ရတဲ့ အင်္ဂလိပ်ဘုတ်အုပ်ထူထူတွေကြီးလည်း အခန်းစာအုပ်စင်ပြည့်အောင် ထောင်ထားမိသေးတာကိုးလေ။ အဲဒီစာအုပ်ကြီးတွေ ဘယ်မှာဖတ်နိုင်လို့လဲဗျ၊ အမှန်တကယ်တော့ ဓါတ်ယူတဲ့သဘောပါ၊ တစ်နေ့တစ်နေ့ အဲဒီစာအုပ်ကြီးတွေ လှန်လှောပြီး မာတိကာလေး ဖတ်လိုက်၊ စကားချီး ဆိုတာလေး ကြံဆအနက်ဖော်လိုက်နဲ့ တစ်နေ့နေ့တော့ အကုန်ဖတ်နိုင်ရမယ်ပေါ့လေ။

ဓမ္မရက္ခိတ “သိရသလောက်တော့ ငါ့ရှင်တို့ သာသနာ့တက္ကသိုလ်ကျောင်းတော်သားရဟန်းကြိးတွေဟာ ပထမနှစ်မှာမှ အင်္ဂလိပ်စာသင်ပုန်းကြီး စပြီးသင်ကြရတာပါ၊ ငါ့ရှင်က တက္ကသိုလ်ပထမနှစ်မှာပဲ မြန်မာအလင်း အင်္ဂလိပ်သတင်းစာကြီးယူပြီးဖတ်သေးဆိုဗျ၊

ဓမ္မဂင်္ဂါ “ အဟမ်း လေ့ကျင့်ခန်းဆင်းတာပါဗျာ။ သာသနာ့တက္ကသိုလ်မ၀င်ခင်ကပဲ အင်္ဂလိပ်စာထော့နဲ့ထော့နဲ့ ဖတ်နေပြီဗျ၊ ပြီးတော့ အသက်နှစ်ဆယ်ကျော်ရဟန်းနှစ်ဝါသုံးဝါမှ အင်္ဂလိပ်စာ သင်ရပေမယ့် ပိဋကတ်စာပေ အသွားအလာနားလည်ပြီးသား ရဟန်းတော်တစ်ပါးအတွက် အင်္ဂလိပ်စာရဲ့သဘောကို သိမြင်ဖို့က သိပ်မခက် လှဘူး ငါ့ရှင်ရဲ့။ အဓိကကတော့ စကားလုံးဆင်းရဲတာဗျ၊ ဒီတော့ သတင်းစာတစ်စောင်ယူပြီး စကားလုံးစု တာပါဗျာ။

ဓမ္မရက္ခိတ “ကောင်းတာတစ်ခုက မြန်မာအလင်းသတင်းစာက လူရှေ့သူရှေ့အသံထွက်ဖတ်လို့ အဆင်ပြေမယ် ထင်တယ်နော်။ သတင်းအခြင်းအရာတွေထက် ရာထူးအဆောင်ယောင်တွေကို ဖော်ပြတာကိုက တစ်မျက်နှာမကဘူးလေ။ တစ်ရက်လောက်မှတ်ထားလိုက်ရင် နောက်နေ့လည်း ဒီလူတွေနဲ့ ဒီရာထူးဒီ အဆောင် အယောင်တွေပဲဆိုတော့ ဒေါင်းဒေါင်းပြေးဖြစ်နေတော့မှာပါပဲ။

ဓမ္မဂင်္ဂါ “ဟုတ်ပေ၏ ငါ့ရှင် ။အဲဒီသတင်းစာဖတ်တာကို အဆောင်အတူနေ ရင်းနှီးတဲ့မိတ်ဆွေရဟန်းတစ်ပါးက “မဖတ်တတ်သော အင်္ဂလိပ်စာအုပ်ကြီးများကို လူမြင်သူမြင် စာအုပ်စင်မှာ ထောင်ထားခြင်း၊ အင်္ဂလိပ်သတင်း စာတစ်စောင်ကို လပေးယူကာ အခန်းရှေ့ထွက်၍ ဖတ်ချင်ယောင်ပြုခြင်းများသည် စတုတ္ထပါရာဇိကနှင့် ငြိစွန်းစေနိုင်ပါကြောင်း ”ဆိုပြီး ကျယ်ကျယ်လောင်လောင် လှောင်လေ့ရှိသေးကိုး ငါ့ရှင်ရယ်။

ဓမ္မရက္ခိတ“ လူအထင်ကြီးအောင် မိမိမှာ မရှိတဲ့ ဈာန်မဂ်ဖိုလ်အကျင့်မြတ်တွေကို ကြွားဝါပြောဆိုရင်တော့ စတုတ္ထပါရာဇိကပေပဲပ။ အခုခေတ်ရဟန်းတော်များလောကမှာ အင်္ဂလိပ်စာနဲ့ အခြားဘာသန္တရစာပေအရပ်ရပ် တတ်မြောက်ခြင်းဟာလည်း လူမြင်သူမြင်ဂုဏ်ပုဒ်တစ်ခုမို့ မရှိကို အရှိလုပ်ရင်တော့ ဥတ္တရိမနဿဓမ္မကို ဖြီးဖြန်းခြင်းမဟုတ်လို့ စတုတ္ထပါရာဇိကပုဒ်မနဲ့ မငြိစွန်းသော်လည်း အဟမ်း အဟမ်း။ ငါ့ရှင်ရေ ရိုးသားကြဖို့ပါပဲ။”

3 comments:

မော်ကွန်းသစ် said...

ဟုတ်ပေ့...ဟုတ်ပေ့....ဟုတ်ပေ့....။

vowel said...

Be honest in word and deed, both in private
and in public.
(Hindu saying)

linnhtatshein said...

တစ်ဘ၀ ဂင်္ဂါရေကြော
စာအုပ် ထွက်ရှိလာပါတော့မည်ထင့်
မျှော်လင့်ပါ၏ အရှင်