09 May, 2010

ရှင်ဓမ္မမော်ဒန်ကြွရောက်လာခြင်း


(၁)
အမှန်တကယ် ဓမ္မရက္ခိတအရှင်နှင့် စကားထိုင်ပြောနေကြသည်မှာ မိနစ်အနည်းငယ်မျှသာ ကြာသေးသည်။ သို့သော် သူ့ဘလော့တွင် ပြက္ခဒိန်စာမျက်နှာများခြားသွားသည်။ ဓမ္မဂင်္ဂါဒိုင်ယာလက်တစ်ခ်ဟူသော စကားဝိုင်းတွင် မေးခွန်းများစွာကို ပွက်ပွက်ထအောင်ဖြေဆိုရမည်ဟု သူက ယုံကြည်ထားသေးသည်။ ဖွလိုက် ပွလိုက်ဖြင့် အဖြေထွက်နိုင်မည်ဟူသော မျှော်လင့်ချက်မျိုးဖြစ်ပေ၏။

မေလပထမပတ်တစ်ခုလုံး ဗာရာဏသီ၏ ပူလောင်ဆူညံမှုများကြားတွင် သူက တိဘက်တက္ကသိုလ်ပရိဝုဏ်ထဲ ပြေးလွှားကာ ကျောင်းတက် လက်မှတ်ထိုးလိုက်၊ စာဖတ်စာရေးလိုက်၊ အင်တာနက်စာမျက်နှာများကို ဖြတ်သန်းကလိလိုက်ဖြင့် နေပူခံနိုင်အောင် ကြိုးစားနေလေသည်။ သည်ရက်ပိုင်းဖတ်ရသော သတင်းစာများကမူ သူ့ရင်ဘတ်ကို ဒီဂရီလေးဆယ်လွန်နွေအပူရှိန်နှင့်အတူ တလှပ်လှပ်ဖြစ်စေကြသေးသည်။ အင်း ပူလောင်စေကြပါဘိ။

ဓမ္မရက္ခိတအရှင်အနေဖြင့် သူနှင့် အတူထိုင်ကာ နံနက်ခင်းတစ်ခုကို ဖြတ်သန်းနေသည်ဆိုသော်လည်း တရိပ်ရိပ်တိုးမြှင့်ပူလောင်လာသော ဗာရာဏသီနွေအလှကို ခံစားတတ်ဟန်မတူပါ။ ပြောဖြစ်သည့်စကားလက်စ များမပြတ်နိုင်မီမှာပင် ထွက်ခွာလိုဟန်အမူအရာပြနေသည်။ အားလူးနှင့် ချပါတီသာ အကောင်းဆုံးနံနက်စာ အဖြစ် ဧည့်ဝတ်ကျေပွန်နိုင်သည့် မော်ဒန်တောရလေးတွင် ကြာရှည်သီတင်းသုံးဖို့ သူကိုယ်တိုင်ကလည်း မဖိတ်ခေါ်ရက်ပါ။ အော် ပူလောင်သောဗာရာဏသီ၊ ဧည့်ဝတ်မကျေပွန်နိုင်သော မော်ဒန်တောရ။

ပိဋကတ်ဂန္ထ၀င် တောင်မြို့ဆရာတော်အရှင်၏ မဟာဂန္ဓာရုံကျောင်းသင်္ခန်းပြတင်းတံခါးလေးဆီသို့ ဦးပိန်တံတားဆီမှ တသုန်သုန်ဖြတ်တိုက်လာသည့် တောင်သမန်လေညှင်း၏ သန္တရသဖြင့် အေးငြိမ့်စိမ့်ချိုကာ အနှစ်သာရပြည့်ဝသည့် “တစ်ဘ၀သံသရာ” မေးခွန်းများဖြင့် ဂုဏ်တက်ဖူးလေသော အရှင်ဓမ္မဂုတ္တ၏ သမိုင်းမျိုးကို သူ၏ မော်ဒန်တောရတွင် ရေးထိုးခွင့်မရနိုင်မှန်းသိနေပုံမျိုးဖြင့် ဓမ္မရက္ခိတအရှင်သည် သူ့ကို နှုတ်ဆက်သွားလေတော့သည်။ သူကတော့ လက်ဖြစ်ဒိုင်ယာလက်တစ်ခ် ရောဂါအသစ်ဖြင့် ကျန်ရစ်ခဲ့ရလေတော့မည်။ ပလေတိုးကြီး၏ ရောဂါလက်ကျန်ကား အမြစ်မလှန်နိုင်အောင်ပင် ကပ်ငြိလွန်းပေစွတကား။

(၂)

“ဘန္တေဂျီ ကိုက်ဆေး ဟိုး”
ဓမ္မရက္ခိတအရှင်အား မိဂဒါဝုန်မှ တစ်ဆင့် ဟိမ၀န္တာသို့ဆက်လက်ခရီးထွက်ခွာနိုင်ရန် ဗုဒ္ဓပူရဏိမာ(ဗုဒ္ဓနေ့) အကြိုပြေးဆွဲသည့် အထူးရထားဆိုက်ရောက်ချိန်အမီပို့ဆောင်အပြီး ဗာရာဏသီဘူတာကြီးမှ သူထွက်လာ ချိန်တွင် လွန်စွာညံဖျင်းလှသောဟင်ဒီအသံထွက်ဖြင့် ကျယ်လောင်စွာပင် သူ့အားနှုတ်ဆက်နေသော အမျိုး အမည်မသိရဟန်းတစ်ပါးကို တွေ့ရလေသည်။

“ ဘန္တေဂျီ နမားစကားရ်၊ ကိုက်ဆေးဟိုး” ဟု သူက ယဉ်ကျေးဖွယ်ရာ ဟင်ဒီစကားဖြင့် ပြန်လည်နှုတ်ဆက်လိုက်သည်နှင့် သူ့အနားသို့တိုးကပ်လာကာ သူစီးရန်ငှါးထားသည့် အော်တိုကားလေး ပေါ်သို့ စွေ့ကနဲတက်ရောက်လာတော့သည်။

“ဘန္တေဂျီ ကဟမ် ဂျာယင်ဂေး (အရှင် ဘယ်ကို ကြွမှာပါလိမ့်) ” ဟု သူက မေးရတော့သည်။ ထိုအခါ ရဟန်းတော်သစ်က အံ့သြဖွယ်ရာပင် ရွှေဘိုဗုံကြီးသံကဲ့သို့ အညာသံပါလှသော မြန်မာစကားဖြင့် သူ့အား ဤသို့ပြောဆိုလေတော့သည်။

“လာပါ ငါ့ရှင်ရယ် ။ ငါ့ရှင်ကို ကျုပ်က သိပါတယ် ဓမ္မဂင်္ဂါကြီးရယ်။ ခုပဲ ငါ့ရှင်ရဲ့ အင်တာဗျူးဝါး ဓမ္မရက္ခိတ(ဓာရ်မ ရက်ခရှိတာ)ကြီး ချပါတီနဲ့ အားလူးဒဏ်မခံနိုင်လို့ထွက်ပြေးပြီ မဟုတ်လား။ ငါ့ရှင်ရဲ့ ဓမ္မဂင်္ဂါ လက်ဖြစ်ဒိုင်ယာလက်တစ်ခ်ကြီး ပျက်စီးလုလုဖြစ်နေပြီဆိုလို့ ဟင်ဒီဂုရုဂျီတစ်ဆူဖြစ်ရေး အားသစ်မွေးနေတဲ့ ဘလော့ဂါကိုနောနဲ့ မိတ်ဆွေကြီးမစ္စတာပါရဂူတို့ တိုင်ပင်ပြီး ကိုနောရဲ့ လက်ယားအဘိဓာန်ထဲက ကျုပ်ကို ထုတ်ယူဖန်တီးပြီး ငါ့ရှင်နဲ့မတွေ့တွေ့အောင် အကွက်ချစီမံ စေတမန်လွှတ်လိုက်တဲ့ ဒိုင်ယာလော့ခ်မိတ်ကား (Dialogue maker) လက်သစ်တစ်ပါးပေပဲဗျ။

“ အနို့ ငါ့ရှင်က ”
“မေရာ နာမ် ဓမ္မမော်ဒန်”
ထိုရဟန်းတော်၏ ဘွဲ့အမည်မှာ ဓမ္မမော်ဒန်ဖြစ်လေသတတ်။ ပို၍ ထူးခြားသည်မှာ သေခြာစေငုကြည့်ရှုလေမှ သူနှင့် အပိုအလိုမရှိ ကွက်တိတူနေခြင်းပင်ဖြစ်တော့သည်။ ပုံတူမျိုးပွားထားသော နိမ္မိတရုပ်မျိုး ပင်ဖြစ်ပေလိမ့် မည်။ အော် ဓမ္မဂင်္ဂါကလုန်း(CLONE)ပေလော။

1 comment:

မော်ကွန်းသစ် said...

ဘန္တေဂျီး...ဟုတ်ကဲ့...ဟုတ်ကဲ့...ဟုတ်ကဲ့။