အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ဗုဒ္ဓဂယာမှာရှိတဲ့ မဟာဗောဓိစေတီတော်အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာ တွေရဲ့ အခွင့်အရေးကို တောင်းဆိုဖို့ ရေငုံနှုတ်ပိတ်နေတဲ့ တိဘက်ရဟန်းမင်း ဒလိုင်လားမားကြီးကို ဗီဟာပြည် နယ်ရဟန်းတော်များက အားမလိုအားမရဖြစ်နေကြပါတယ်။
“ထုံးစံအတိုင်းပဲ ဒလိုင်းလားမားဟာ ဗုဒ္ဓဂယာမဟာဗောဓိစေတီတော်အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး ဗီဟာပြည် နယ်ဝန်ကြီးချုပ်နီတိရှိကူးမားရ်နဲ့တွေ့တာတောင် မပြောခဲ့ဘူး။ အဲဒါဟာ စိတ်ပျက်စရာပါပဲ” လို့ အိန္ဒိယနိုင်ငံ လုံးဆိုင်ရာသံဃာ့အဖွဲ့ကြီးရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဘဒ္ဒန္တအာနန္ဒာက မိန့်ဆိုပါတယ်။
တိဘက်ရဟန်းမင်းဒလိုင်းလားမားဟာ လွန်ခဲတဲ့ ကြာသပတေးနေ့က ဗီဟာပြည်နယ်၊ ပတ္တနား မြို့တော်အလယ်မှာ တည်ရှိပြီး ၂၂ ဧကကျယ်ဝန်းတဲ့ ဗုဒ္ဓသမိတိဥယျာဉ်တော်ကို ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ သီရိလင်္ကာ၊မြန်မာ၊ ထိုင်းနဲ့ ဂျပန်နိုင်ငံတွေက ကိုယ်စားလှယ် တော်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဗုဒ္ဓအရှင်ပွင့်တော်မူရာ မဟာဗောဓိစေတီတော်ကို ဗုဒ္ဓဘာသာဝင်တွေလက်ထဲ အပြီးသတ်ရောက်ရေးအတွက် မျှော်လင့်နေကြတဲ့ ရဟန်းတော်တွေဟာ ဒလိုင်းလားမားကြီးရဲ့ ရေငုံနှုတ်ပိတ်နေမှုကို အားမလို အားမရ ဖြစ်နေကြတာပါ။ လက်ရှိအခြေအနေအရ ၁၉၄၉ ခုနှစ်က ရေးဆွဲသတ်မှတ်ခဲ့တဲ့ မဟာဗောဓိစေတီတော် အုပ်ချုပ်ရေးအက်ဥပဒေအရ ဂယာခရိုင်တရားသူကြီးက ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ဗုဒ္ဓဘာသာဝင်လေး ယောက်နဲ့ ဟိန္ဒူဘာသာဝင် လေးယောက်တို့ ပါဝင်ဖွဲ့စည်းထားတဲ့ မဟာဗောဓိစေတီတော်အုပ်ချုပ်ရေးကော် မတီက ဗုဒ္ဓဂယာမဟာဗောဓိစေတီ တော်ကြီးကို အုပ်ချုပ်စီမံလျက်ရှိပါတယ်။
“ခရစ်ယန်ဘုရားရှိခိုးကျောင်း၊ မွတ်စလင်ဗလီ၊ ဟိန္ဒူဘုရားကျောင်းတွေကို အခြားဘယ်ဘာသာဝင်ကမှ အုပ်ချုပ်ခွင့်မရှိဘူးဆိုရင် ဘာဖြစ်လို့ မဟာဗောဓိစေတီတော်မှာ ဗုဒ္ဓဘာသာမဟုတ်သူတွေက ၀င်ရောက်ခြယ် လှယ်နေကြသလဲ” လို့ ဘဒ္ဒန္တအာနန္ဒာက မေးခွန်းထုတ်ပါတယ်။
No comments:
Post a Comment