17 June, 2010

ဗီယက်နမ်ကလေးအထူးတရားစခန်းပွဲ

နွေရာသီ ကျောင်းပိတ်ရက်တွေ စပြီဆိုတော့ ဟနွိုင်းနဲ့ အခြားမြို့ကြီးတွေက မိသားစုတွေဟာ သူတို့ရဲ့ ရင်သွေးငယ်လေးတွေကို ဒုလ္လဘရဟန်းသီလရှင် အဖြစ်ခံယူကျင့်သုံးကြဖို့ ဗင်ဖူးပြည်နယ်က ထရုလန်တေသိမ် Truc Lam Tay Thein ဘုန်းတော်ကြီးကျောင်းကို ပို့ကြတော့တာပါ။


ဘုန်းတော်ကြီးကျောင်းဟာ လွန်ခဲ့တဲ့နှစ်က ဓမ္မဒါနသင်တန်းစပေးခဲ့ပြီး သင်တန်းသားငါးဆယ်လောက်ကို စွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီဓမ္မဒါနသင်တန်းရဲ့ ကျော်ကြားမှုဟာ နိုင်ငံအနှံ့ ပြန့်သွားခဲ့ပြီးတဲ့နောက်မှာတော့ ဒီနှစ်မှာ သင်တန်းတက်ရောက်သူ ၆၀၀ ဖြစ်သွားခဲ့ပါတယ်။

ကျောင်းတိုက်ရဲ့ ပဓာနဆရာတော်ကြီး သိ ကိုင် ငုယက်က “ သင်တန်းသား ၆၀၀ ကို တစ်ပြိုင်တည်း လက်ခံနိုင်စွမ်းမရှိဘူးလို့ ဆိုပါတယ်။ ခုလောလောဆယ်မှာတော့ ဘုန်းတော်ကြီးအပါးခြောက်ဆယ်တို့ဟာ နှစ်ပတ်တရားစခန်းကို ရောက်လာကြတဲ့ ကလေးသူငယ်တွေကို ထိန်းကျောင်းသင်ကြားပေးဖို့ အကောင်းဆုံးဆောင်ရွက်နေကြပါတယ်။

ဘုန်းတော်ကြီးက (ဇင်)၀ိပဿနာတရားအားထုတ်တဲ့ ကလေးသူငယ်တွေဟာ ပိုမို ဥာဏ်ရည်ထက်မြက်ကြပြီး အခြားသူထွေထက်လည်း ခံနိုင်ရည်ပိုမိုမြင့်မားကြတယ်ဆိုတာကို သိပ္ပံပညာရှင်တွေက အသိအမှတ်ပြု ထားကြကြောင်း မိန့်ကြားခဲ့ပါတယ်။ နိုင်ငံတော်တော်များများမှာ (ဇင်)၀ိပဿနာကို ကျောင်းသင်ရိုးညွှန်း တမ်းမှာ ထည့်သွင်းနေကြပြီလို့ သိရပါတယ်။

သင်တန်းပြဘုန်းတော်ကြီးတွေဟာ ကလေးသူငယ်တွေကို မနက် ၃ နာရီမှာ အိပ်ရာထပြီး အိပ်ရာသိမ်းကာ သက်သတ်လွတ်နံနက်စာစားစေပါတယ်။ ပြီးတော့ ကမ္ဘာမြေကို မေတ္တာဖြင့် ရှုမြင်ဖို့၊(မေတ္တာပွားဖို့)၊ အမှားအမှန်ခွဲခြား နားလည်ဖို့၊ ထမင်းနဲ့ အားလူးတို့ရဲ့ အဓိပ္ပါယ်နဲ့ တန်ဖိုးကို နားလည်ဖို့၊ အိမ်မှုကိစ္စ ရိုးရိုးလေးတွေကို ဆောင်ရွက်တတ်ဖို့ သင်ကြားပေးကြပါတယ်။

လူငယ်မောင်မယ်လေးတွေအနေနဲ့ အမှားသိမြင် အမှန်ပြင်တတ်အောင် သူတို့ရဲ့ တစ်နေ့တာ ဆောင်ရွက်ခဲ့သမျှတွေကို ပြန်လည်ဆန်းစစ်ကာ တစ်နေ့တာသင်တန်းကို အဆုံးသတ်ကြရပါတယ်။

မိသားစုတွေက သူတို့ရဲ့ ကလေးတွေကို အကြောင်းအမျိုးမျိုးနဲ့ ဘုန်းတော်ကြီးကျောင်းကို ပို့လေ့ရှိကြတာပါ။ တစ်ချို့ကတော့ သူတို့ရဲ့ကလေးတွေကို အတွေ့အကြုံသစ်ရစေချင်တာပါ။ တစ်ချို့ကတော့ သူတို့ကလေးတွေ ဗုဒ္ဓတရားဓမ္မကို သင်ကြားရင်း ဘ၀ရဲ့ အဓိပ္ပါယ်နဲ့ တန်ဖိုးကို နားလည်စေချင်ကြပါတယ်။ အချို့သောမိဘတွေကတော့ သူတို့ကလေးတွေ ချက်ပြုတ်တာ၊ အိမ်သန့်ရှင်းရေးလုပ်တာတွေ တတ်သိနား လည်သွားဖို့ အရေးကြီးတယ်လို့ တွေးကြပါတယ်။

ဘုန်းတော်ကြီးကျောင်းရောက်တဲ့ ပထမဆုံးနေ့မှာ ဟနွိုင်းက ဖန်ဖုန်သောက်(၁၄ နှစ်)ကတော့ သူဒီကို မိဘတွေလွှတ်လို့သာ လာရကြောင်း၊ သူ အလွန်ပျင်းရိကြောင်းနဲ့ သူကတော့ သူငယ်ချင်းတွေနဲ့ ဂိမ်းကစား တာကို ပိုစွဲကြောင်း ညီးပြပါတယ်။ သူ့အနေနဲ့ ဂိမ်းသာ ကစားနေရမယ်ဆိုရင် ရေနှစ်ပုလင်းလောက် သောက်ပြီး နေနိုင်ပါသတဲ့။

ဟနွိုင်းက ညီအမနှစ်ယောက်ဖြစ်တဲ့ ငုယင် ဗီယက်ဟ(၁၄ နှစ်) နဲ့ ငုယင် ဗီယက် ဟွန်( ခြောက်နှစ်)ကတော့ ရှက်နေကြပါတယ်။ အကြီးမဖြစ်သူ ဟက မျက်လုံးမို့မို့တွေနဲ့ “ သမီးရဲ့ ညီမလေးက မနေ့တုန်းက ဆုတောင်းချိန်လည်း ပြီးရော ငိုတော့တာပဲ။ သီလရှင်ဆရာလေးတွေက သူ့ကို တစ်နာရီလောက်ကာအောင် ချော့ရတာလေ။ ည ၁၁ နာရီလောက်မှာလည်း သူက တစ်ခါထပ်ငိုပြန်ရော၊ သမီးတို့ အခန်းဖော်တွေအားလုံး ငိုကြတော့တာပဲ။ သမီးကတော့ အိမ်ကို လွမ်းတယ်။ မေမေနဲ့ စကားပြောချင်လို့ ဖုန်းခဏငှားပါလား ”လို့ ပြောပါတယ်။

အိမ်ကိုလွမ်းတယ်

ကလေးနှစ်ယောက်ဟာ သူတို့ရဲ့ မေမေနဲ့ စကားပြောပြီး ငိုကြတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်ဖက်ထားကြပါတယ်။ တစ်ချိန်တည်းမှာပဲ သီလရှင်ဆရာလေးနှစ်ပါးဟာ ဟဂျိယင်းက ဘွီ ကွန် ဟွေးဆိုတဲ့ ကလေးကို ချော့နေကြရပါတယ်။ ဟွေးက “ သက်သက်လွတ်အစားအစာတွေ မစားချင်ဘူး၊ အ၀တ်တွေလည်း ကိုယ်တိုင်လျှော်ရတယ်၊ ထမင်းလည်း ချက်ရတယ်၊ ထမင်းစားဖို့လည်း တန်းစီရတယ်၊အဲဒါတွေ မလုပ်ချင်ဘူး၊ အိမ်ကို အမေနဲ့ အတူပြန်လိုက်မယ် ” လို့ အော်ငိုနေတာပါ။

ကလေးတွေအနေနဲ့ ဘုန်းတော်ကြီးကျောင်းမှာ နေတတ်ဖို့ မြန်မြန်ဆန်ဆန်မွေးစားယူနေကြရသလိုပါပဲ။ ဖန်သန် ဟွန် (၁၆ နှစ်) ကတော့ “ ဒါက ဒုတိယအကြိမ်ရှိပါပြီ၊ မနှစ်ကလည်း မိဘတွေက အင်တာနက်အစွဲချွတ်ဖို့ ပို့ပေးခဲ့ပါတယ်။ ဒီနှစ်ကတော့ ကျွန်တော်ကိုယ်တိုင် လိုလိုချင်ချင်လာတက်တာပါ။ အခုဆို သင်တန်းနဲ့ အသားကျနေပါပြီ။ ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေဟာ တကယ့်ကို အမြော်အမြင်ကြီးမားကြပါတယ်” လို့ဆိုပါတယ်။

ကွာငေါ့ဟွီးက သူ့ရဲ့ သမီးငယ်ကို နှုတ်ဆက်စကားဆိုနေဆဲမှာပဲ“ ကျွန်တော့်မှာ သမီးသုံးယောက်ရှိတယ်ဗျ၊ သမီးတွေအကုန်လုံး ဒီကျောင်းကို ပို့ချင်တာပဲ၊ ဒါပေမယ့် အငယ်ဆုံးသမီးက လေးနှစ်ပဲ ရှိသေးတာမို့ သူ့အမေနဲ့ အိမ်မှာ ထားခဲ့ရတယ်လေ။ ဒီမှာက လေက လတ်ဆတ်ပြီး ငြိမ်းချမ်းတယ်လေ။ ကျွန်တော်ကတော့ ကလေးတွေ ကိုယ့်တာဝန်ကိုယ်ယူပြီး လုပ်ကိုင်နေကြတာမြင်တော့ ၀မ်းသာမိတယ်ဗျ။ အိမ်မှာနေရင် အိမ်မှုကိစ္စလုပ်ရကောင်းမှန်းမသိကြဘူးလေ။ ဒီလိုသင်တန်းမျိုးတွေ အများကြီးဖွင့်စေချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။






တရားစခန်းဖွင့်ပွဲ

ပထမဆုံးသင်ခန်းစာ
ကလေးဆိုတာ ခံစားမှုကို မဖုံးကွယ်တတ်ပါ
စားချိန်ရောက်လို့ တောင်အောက်ကိုဆင်း
မုန့်စားချိန်
နေ့လည်စာစားပြီးရင် တောင်ပေါ်ပြန်တက်
ညီညီညာညာ စီကာတန်းကြကွယ်
တရားစာတွေ အတူဖတ်ကြမယ်




ဟိုဟိုဒီဒီ သာသနာ့သတင်းတွေ ဖတ်ရှုရင်း မုဒိတာစာမျက်နှာလေးက ငြိသွားစေပါတယ်။ ရွှေပြည်ကြီးမှာ ကလေးအထူးတရားစခန်းပွဲတွေ အောင်မြင်နေတဲ့ အချိန်မှာ ဗီယက်နမ်နိုင်ငံက ကလေးအထူးတရား စခန်းပွဲ လေးအကြောင်းကလည်း စိတ်တက်ကြွဖွယ်ရာပါပဲ။ ဇင်ဗုဒ္ဓဘာသာ ဆိုပေမယ့် ကလေးတွေကို သူတို့ဘာပေးချင်လဲဆိုတာက စိတ်ဝင်စားစရာပါ။ မျှဝေပေး လိုက်ပါတယ်။ဓမ္မဂင်္ဂါ
၁၈၊၀၆၊၂၀၁၀

4 comments:

Unknown said...

အာလူးနှင့် ထမင်း ဗီနမ်ထိကွင်းဆင်းနိုင်ပါလား၊

vowel said...

Interesting one!

အရှင်ဝိသာရဒ(ရမ္မာဝတီ) said...

"ယနေ့ဗုဒ္ဓဘာသာ" label တစ်ခုတိုးလာတာ
တန်ဖိုးကြီးလှပါတယ် ဆရာတော်။

အရှင်ဝိသာရဒ(ရမ္မာဝတီ) said...

"ယနေ့ဗုဒ္ဓဘာသာ" label တစ်ခုတိုးလာတာ
ကျေးဇူးများလှပါတယ် ဆရာတော်။