21 June, 2010

အရှေ့ကိုလည်းလျှောက်အနောက်ကိုလည်းမျှော်

ဒီနေ့ရက်တွေမှာ သူ့ရဲ့ နက်တ်ဘွတ်ခ်သေးသေးလေးဟာ နာမကျန်းဖြစ်သွားခဲ့ပါတယ်။ (ခုတော့ BHU တက္က သိုလ်ကြီးက ကွန်ပြူတာမန်းမှုတ်တတ်တဲ့ မိတ်ဆွေရဟန်းတော်တစ်ပါးရဲ့ ကျေးဇူးနဲ့ နာလန်ထသွားပါပြီ၊ ပီစီလူနာကြိုပို့ပေးတဲ့ ရွှေမျက်မှန်ကိုယ်တော်လေးကိုလည်း ကျေးဇူးတင်ရပါတယ်၊) မိတ်ဆွေရဟန်း တော်များရဲ့ အင်တာနက်အားလပ်ချိန်တွေမှာ ပီစီအလွတ်တွေကို အသုံးပြုခွင့်ရနေတာမို့ ဓမ္မဂင်္ဂါစီးဆင်းမှုက တော့ ရပ်မသွားခဲ့ပါဘူး။ ခေါင်းစဉ်ပေးပြီးသား ရေးလက်စတွေ ပစ်ထားခဲ့မိတာ ကြာပါပြီ၊ (တစ်ချို့ကိုယ်ရေး ကိုယ်တာ အကြောင်းတွေကတော့ ရာစုသစ်ရဟန်းတစ်ပါးရဲ့ကောက်ကြောင်းကို မြင်သာအောင် ကောက်ခြစ်မိ တာပါ။ ဘာသံမှ ပြန်မကြားရလို့ ဖတ်တဲ့သူတော့ ရှိဟန်မတူပါဘူး၊ )

ယနေ့ဗုဒ္ဓဘာသာဆိုတဲ့ ခေါင်းစီးလေးအောက်မှာတော့ နိုင်ငံတကာဗုဒ္ဓဘာသာသတင်းနဲ့ ဆောင်းပါးအချို့ကို တင်ဖြစ်ခဲ့ပါတယ်။ ရွှေပြည်ကြီးရဲ့ သာသနာ့သတင်းသုတတွေနဲ့တင် မလုံလောက်တော့ဘူးဆိုတာ တစ်နေ့ တစ်ခြားယုံကြည်လာတာလည်း ပါပါတယ်။ အားနည်းချက်အားသာချက်တွေ ယှဉ်ထိုးသုံးသပ်နိုင်ဖို့ပါ။ ဒိနေ့တော့ Look East or Look West? Is there a choice? ဆိုတဲ့ MSN Menon ရဲ့ ဆောင်းပါးတစ်ပုဒ်ကို ကောက်ဖတ်မိပါတယ်။ အိန္ဒိယနိုင်ငံကြီးရဲ့ လားရာကို မျှော်ကြည့်ထားတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ ဗုဒ္ဓဘာသာနဲ့လည်း ဆက်စပ်နေလို့ မျှဝေလိုက်ပါတယ်။
ဓမ္မဂင်္ဂါ
(၂၁-၀၆-၂၀၁၀)

အရှေ့ကိုလည်း လျှောက်၊ အနောက်ကိုလည်း မျှော်

ဂန္ဓီကြီးနဲ့ နေရူးတို့ဟာ အနောက်မျှော်သမားတွေဖြစ်ပြီး တဂိုးကြီးကတော့ စကြာဝဠာသားကြီးတစ်ဦးပေါ့။ ကျန်တဲ့နိုင်ငံ့ခေါင်းဆောင်အများစုဟာလည်း အနောက်ယိမ်းသူတွေပါပဲ။ ဒါပေမယ့် သူတို့အားလုံးဟာ အရှေ့တိုင်းနိုင်ငံတွေနဲ့ ထိတွေ့ဖို့လိုတယ်ဆိုတာကိုတော့ ခံစားမိကြပါသေးတယ်။

ကျွန်တော်တို့ဟာ အရှေ့နဲ့ဆိုင်သလား အနောက်က ပိုင်သလား၊ နှစ်ခုလုံးနဲ့ ပတ်သက်နေတာပါ။ ဒီကိစ္စနဲ့တော့ မကွဲလွဲပါစေနဲ့။ အမေရိကန်လွှမ်းမိုးမှုကို ကြံ့ကြံ့ခံဖို့ အရှေ့တိုင်းအင်းအားစုနဲ့ ပေါင်းစည်းရမှာ ဖြစ်သလို ငြိမ်းချမ်းတဲ့ ကမ္ဘာသစ်ကို ဖန်တီးဖို့ အမေရိကန်အင်အားစုနဲ့ စည်းလုံးရမှာဖြစ်ပါတယ်။

အာရယန်(အရိယန်)တွေဟာ အနောက်ကလာတယ်လို့ ပြောကြတယ်၊ အဲဒီအတွက် အထောက် အထားမရှိပါဘူး၊ ဒါပေမယ့် အာရယန်တွေဟာ အမြင်ကျယ်တဲ့ လူမျိုးတွေပါပဲ။ အသောကဟာ သူရဲ့သားတော် အရင်းအချာကို ဗုဒ္ဓဒေသနာသတင်းစကားဖြန့်ချီဖို့ အရှေ့ကို စေလွှတ်ခဲ့ပြီး သူ့ရဲ့ သာသနာပြုရဟန်းတော် တွေကိုတော့ ဗုဒ္ဓသာသနာဖြန့်ချီဖို့ အနောက်ကို လွှတ်ခဲ့ပါတယ်။ အသောကအတွက် အရှေ့ရော အနောက်ရောဟာ အရေးကြီးနေတာပဲ မဟုတ်လား။

ဗုဒ္ဓဘာသာ(ထွန်းကားခဲဖူးတဲ့)အိန္ဒိယနိုင်ငံတော်ဟာ အရှေ့၊ အနောက်နှစ်ခုလုံးအတွက် တူညီစွာပဲ အရေး ထားခဲ့တယ်။ ဗုဒ္ဓဘာသာရဟန်းတော်များဟာ အီဂျစ်လိုနိုင်ငံမျိုးထိ ရောက်အောင် သာသနာလမ်း ဖောက် ခဲ့ကြပါတယ်။ တရုတ်နိုင်ငံကိုလည်း ဘီစီ နှစ်ရာစုမှာ ရောက်အောင် သွားခဲ့ကြပါတယ်။ အိန္ဒိယအတွက်တော့ ကမ္ဘာကြီးတစ်ခုလုံးဟာ အမြဲတမ်း မိသားစုပမာ ဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကတော့ မူစလင်တွေ ၀င်ရောက်ကျူးကျော်တဲ့ အေဒီ ၁၂ ရာစုအထိ အမြဲတမ်း သာသနာပြုမစ်ရှင်များအဖြစ် တက်ကြွခဲ့ကြတာပါ။ မူစလင်တွေ ၀င်ရောက်ကျူးကျော်မှုကတော့ ဗုဒ္ဓဘာသာကျောင်းတော်ဝိဟာရ်များ ကျဆုံးခန်းပါပဲ။

တကယ်တော့ အဲဒီကာလတွေဟာ ဟိန္ဒူတွေကိုယ်တိုင်လည်း သိုသိုသိပ်သိပ်နေခဲ့ရတဲ့အတွက် ဟိန္ဒူတွေရဲ့ ကံကြမ္မာလည်း ဖြစ်ပါတယ်။ မူစလင်အုပ်စိုးမှုကာလအတွင်းမှာ ဟိန္ဒူတွေဟာ ကမ္ဘာ့မျက်နှာစာမှာ နေရာမရ အောင် ဖြစ်ခဲ့ရတာပါ။

ဒီအခြေအနေဟာ ဗြိတိသျှတွေအုပ်စိုးတဲ့ ခေတ်တိုင်အောင် ဆက်လက်တည်တံ့ခဲ့ပါတယ်။ ကမ္ဘာ့တံခါးချပ် တွေကတော့ ဟိန္ဒူတွေအတွက် ပွင့်တော့ပွင့်ပါရဲ့၊ ဒါပေမယ့် အ၀င်က ခက်နေခဲ့ပါတယ်။ အကြောင်းရှာတော့ အာရှနိုင်ငံအများစုဟာ ကိုလိုနီလက်အောက်မှာ ကျရောက်နေပြီး အိန္ဒိယအမျိုးသားရေး ၀ါဒီတွေကို အဲဒီနိုင်ငံ တွေမှာ ကြိုဆိုမယ့်သူမရှိဖြစ်နေခဲ့တာပါ။

အထူးအဆန်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဂန္ဓီကြီးနဲ့ နေရူးတို့ဟာ အနောက်မျှော်သမားတွေ ဖြစ်နေကြပြီး တဂိုးကြီးက စကြာဝဠာနိုင်ငံသားကြီး ဖြစ်နေခဲ့တာလေ။ ကျန်တဲ့ နိုင်ငံခေါင်းဆောင်အများစု ဟာလည်း အနောက်ယိမ်းသူတွေ ဖြစ်နေကြပါတယ်။ ဒါပေမယ့် သူတို့အားလုံးဟာ အရှေ့တိုင်းနိုင်ငံတွေနဲ့ ထိတွေ့မှုရှိရ မယ်လို့တော့ ခံစားနေမိကြပြီးသားပါ။

ဒီလိုနဲ့ လွတ်လပ်ပြီးစ အိန္ဒိယရဲ့ ပထမဆုံးအက်ဥပဒေက အာရှဆက်ဆံရေးညီလာခံကြီး ကျင်းပဖို့ ပဲဖြစ်ပါတယ်။ အဲဒီအတွက် အိန္ဒိယရဲ့ အရှေ့နဲ့ ထိတွေ့မှုဟာ ပုံမှန်တိုးတက်ခဲ့ပါတယ်။ ဘက်မလိုက် လှုပ်ရှားမှု ကလည်း အရှေ့တိုင်းနိုင်ငံခေါင်းဆောင်တွေကို အများဆိုင်စင်္ကြန်လမ်း (Common Platform)ဆီ ဆွဲခေါ်နိုင် ခဲ့ပါတယ်။

ဒါပေမယ့် အိန္ဒိယဟာ အကြောင်းအမျိုးမျိုးကြောင့် အနောက်တိုင်းနိုင်ငံတွေနဲ့ ကနဦးကပဲ အဆက်အဆံ ရှိနေခဲ့ပါပြီ။ အဲဒီနိုင်ငံတွေထဲမှာမှ အမေရိကန်ဟာ တစ်ခုတည်းသော မြီရှင်နိုင်ငံကြီးလည်းဖြစ်၊ လက်နက်က လည်း ပြည့်စုံ၊ ကမ္ဘာ့ အင်အားကြီးနိုင်ငံလည်း ဖြစ်နေပြန်တော့ အမေရိကန်ကို ခြေစုံကန်ဖို့ဆိုတာ မစဉ်းစား အပ်တဲ့အရာဖြစ်နေခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ရန်လိုတဲ့ ပေါ်လစီဟာ အရှေ့တိုင်းနိုင်ငံများကြားက ထိတ်လန့်စိုးရွံ့မှုရဲ့ အဓိက အကြောင်းတရားဖြစ်နေခဲ့ပါတယ်။ တရုတ်နိုင်ငံကြီးဟာ အာရှကြီးစိုးရေးအတွက် တာဝန်ရှိပါတယ်။ အကျိုးဆက် ကရော တဲ့။ အမေရိကန်ဟာ အာရှကို လွှမ်းမိုးနိုင်ဖို့နဲ့ အာရှနိုင်ငံတွေရဲ့ အဓိကနိုင်ငံရေးတွေပေါ်မှာ ဗီတိုအာဏာဖြန့်နိုင်ဖို့ ဆက်အားထုတ်ခဲ့ပါတယ်။ ချုပ်လိုက်ရင်တော့ အမေရိကန်ဟာ အာရှရဲ့ကံကြမ္မာကို ဆက်ပြီးတော့ လမ်းညွှန်နေခဲ့တာပါ။ ဒါကို ကြံ့ကြံ့ခံကြရမှာပါ။ ဒါတွေကြောင့်လည်း အိန္ဒိယဟာ အမေရိကန်လွှမ်းမိုးမှုကို ကာကွယ်ဖို့ ဗုဒ္ဓဘာသာနိုင်ငံတွေနဲ့ စည်းဝါးကိုက်နေရမှာ ဖြစ်ပါတယ်။

အာရှမှာ စစ်ပွဲဟာ ဖြစ်နိုင်ခြေရှိပါတယ်။ ရှောင်လွှဲလို့မရနိုင်ပါဘူး။ ဒါကြောင့်လည်း ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာတွေဟာ စစ်ကို ကာကွယ်ဖို့ တစ်လမ်းတည်းလျှောက်ကြရမှာပါ။ အများညီနေကြရမှာပါ။

ကမ္ဘာမှာ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာဝင်ဦးရေဟာ သန်းနှစ်ထောင်အထက်မှာ ရှိပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံအရေအတွက်ပါပဲ။ ကမ္ဘာမှာ အရေးပါအရာရောက်တဲ့ အရေအတွက်ဖြစ်သလို အာရှရဲ့ လွတ်လပ်ရေးကို ထိန်းသိမ်းနိုင်စွမ်းလည်း ရှိပါတယ်။

တပြိုင်တည်းမှာပဲ အိန္ဒိယဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ အမေရိကန်နဲ့လည်း လက်တွဲရမှာပါ။ အင်အားကြီးနိုင်ငံတစ်ခုအဖြစ် အိန္ဒိယဟာ သီးခြားရပ်တည်လို့မရနိုင်ပါဘူး။ အစ္စလာမ်အကြမ်းဖက်မှုက အားလုံးကို လွှမ်းမိုးထားတာပါ။ ဒါပေမယ့် အားလုံးက အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်မှာ ပါဝင်ကြတာတော့ မဟုတ်ပေဘူး။ တရုတ်နိုင်ငံကို ကျွန်တော်တို့နဲ့ အတူပူပေါင်းဖို့ မျှော်လင့်လို့မရသလို ရုရှားကလည်း ကမ္ဘာ့အရေးအခင်းတွေမှာ ပါဝင်ပတ်သက်ဖို့ စိတ်ဝင်စားမှုမရှိပြန်ဘူး။

အိန္ဒိယဟာ အရှေ့ကို လျှောက်ပြီး အနောက်ကိုလည်း မျှော်ရမှာပါ။ ဒါဟာ ကျွန်တော်တို့ မလွဲမသွေ လက်ခံပြီး ပဝေသဏီက ဆုပ်ကိုင်ထားခဲ့တဲ့ မာနတွေကို ခ၀ါချရတော့မယ့် အိန္ဒိယရဲ့ ကံကြမ္မာသစ်ပဲ ဖြစ်ပါတယ်။ ကမ္ဘာမှာ အသစ်ရှင်သန်မယ့် အိန္ဒိယနိုင်ငံတစ်နိုင်ငံတည်းက ဆန့်ကျင်ဘက်အင်အားစုတွေကို ရင်ဆိုင်နိုင် စွမ်းရှိတယ် ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ အသိအမှတ်ပြုမှုတော့ ဒီနေ့ဝါရှင်တန်မှာ ရှိနေပါတယ်

မူရင်းစာမျက်နှာ

3 comments:

Unknown said...

ကုလားရိပ်မိလာပြီနဲ့တူတယ် ကိုယ့်ဆရာ။ လုထုထဲထိ စိမ့်ဝင်နိုင်ရင်တော့ အားရစရာဖြစ်လာမှာ အသေချာပဲ။

ဒီမနက် ကော်ဖီအရသာ ရှိတယ်။

Crystal said...

ကော်ဖီကတော့ နေ့တိုင်း အရသာရှိပါတယ်။ အဲ ပိုစ့်တွေကတော့ အာရုံစိုက်လိုက် ပီတိဖြစ်လိုက် တခါတလေ လွတ်လိုက် ကျော်ဖတ်မိလိုက်ပေါ့။ ဖတ်တာကတော့ ဖတ်ဖြစ်ပါတယ်၊ အားမငယ်ပါနဲ့လေ :)

ယောနက်သန် said...

ကောမန့် မရေးဖြစ်ပေမယ့် အမြဲလိုလို လာဖတ်ဖြစ်ပါတယ် ဘုရား။