(၁)
ဘုန်းကြိးအား ဘုရားပြောင်းလို့ပဲ ကြားဖူးရဲ့။ ခုတော့ ဘုန်းကြီးမအားပေမယ့် ဘလော့ဂ်တော့ ခဏ ခဏပြောင်းမိသေးတယ်။ သူ့ဘလော့လေးကို ဖွင့်လိုက်တိုင်း မျက်စိထဲမှာ ရှင်းရှင်းလင်းလင်းဖြစ် မသွားသေးတာက သူ့ကို အာရုံနောက်စေတော့တာပဲ။ ဒီလိုနဲ့ ဟိုဟာလေး ပြင်လိုက် ဒီဟာလေး ဖျက်လိုက်နဲ့ ဘလော့သမာဓိ ထူထောင်နေရတာ။
ဂယာကို ရောက်တာ တစ်လပြည့်တော့မယ်။ နေပူတာကိုက ဂယာရဲ့ ခပ်ရှိန်းရှိန်းရသတစ်ခုပါပဲ။ စာကြည့်ခန်းထဲမှာ ရှိတဲ့ စာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ် ဆွဲဖတ်ဖြစ်တယ်။ ဥပမာသမူဟဂီရက္ကမ သင်္ဂဇာဆရာတော်ရဲ့ စကားပုံစာအုပ်က ခုမှ ပိုဖတ်လို့ကောင်းတယ်။ ငယ်ငယ်တုန်းက ဆရာဘုန်းတော်ကြီးရဲ့ စာတိုက်ဘီဒိုထဲက ပိုးကိုက်ခြစားနေတဲ့ စာအုပ်လေးကိုပဲ ယုယုယယ ကြွေမကျအောင် ဖတ်ခဲ့ရတာကိုး။
(၂)
ူသင်္ဂဇာဆရာတော်ကြီးက စကားပြောအရာမှာတော့ ကုန်းဘောင်ခေတ်နှောင်းမှာ အထင်ရှားဆုံးပဲ။ စကား ကတ်ဖဲ့ အရွဲ့တိုက်တဲ့ အရာမှာ ဗန်းမော်ဆရာတော် ကျော်ကြားသလို ဥပမာစကားအလှနဲ့ ဟာသ မြောက်အောင် ပြောတဲ့နေရာမှာ သင်္ဂဇာဆရာတော်က ထင်ရှားတယ်။ ဗန်းမော်ဆရာတော်ကြီးဆိုတာ ၀ါသနာတော်အရ စကားအကတ်အဖဲ့တွေ ပြောတတ်ပေမယ့် သာသနာတော်အရေးနဲ့ ကြုံတဲ့အခါတိုင်း ဝေဘန်ရေး စာအချိုးတွေ အရေးကောင်းလို့ မင်းတုန်းမင်းကြီးနဲ့ သုဓမ္မာထိပ်ခေါင်တင်ဆရာတော်ကြီးတွေ မကြာခဏ စိတ်မသက်မသာ ဖြစ်ကြရပါတယ်။ နောက်ဆုံးဗန်းမော်ကို ပို့ခံရတဲ့အထိပဲ။
သင်္ဂဇာဆရာတော်ကတော့ စကားအပြောကောင်းလွန်းလို့ ဗန်းမော်ဆရာတော်ကြိးကိုယ်တိုင် ခပ်ပြုံးပြုံးနဲ့ နားထောင်ရတတ်ပါသတဲ့။ ရတနာပုံနေပြည်တော်က ဆရာတော်ကြီးတွေ ကျေးလက်ဘုန်းကြီးပျံပွဲတစ်ခုကို အသွားမှာ သင်္ဂဇာ ဆရာတော်က ''ဗန်းမော်ဆရာတော်ကြီးထံမှာ ဘုရားတပည့်တော်က ပညာသင်ဖူး ကျေးဇူး ကြီးလေတော့ ဗန်းမော်ဆရာတော် အရှေ့မှာ သီတင်းသုံးရင် အရှေ့၊ အနောက်မှာ သီတင်းသုံးရင် အနောက် တောင်မြောက်စသည် ဘယ်ဆီမှာပဲ သီတင်းသုံးသုံး၊ သီတင်းသုံးရာအရပ်ကိုမှန်းပြီး ဦးချအိပ်လေ့ရှိပါတယ်၊ အကယ်၍ ဗန်းမော်ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ရင်လည်း တပည့်တော်ကတော့ နှစ်သိန်းလေးသောင်း အထုရှိသော ဤမဟာပထ၀ီမြေကြီးကိုပဲ ဦးချကာ အိပ်စက်ရပါမယ်'' လို့ စကားစလေး ကမ်းပါတယ်။
ကျန်တဲ့ဆရာတော်တွေကလည်း သင်္ဂဇာဆရာတော့်စကား ဘယ်လှမ်းနေပြီးဆိုတာ သိတော့ ထောင် ပေးလိုက်ပါတယ်။ '' ဒီလိုဆိုတော့ သင်္ဂဇာက ဗန်းမော်ကို အ၀ီစိကျမယ်လို့ ဆိုရာရောက်နေပါပကော'' တဲ့။ ''ဒီလိုတော့ မဆိုဝံ့ကြောင်းပါ။ ဆရာ့ဂုဏ်အထူး ကျေးဇူးတရားသည် မဟာပထ၀ီမြေအထုကဲ့သို့ ကြီးမြတ်ကြောင်း နှိုင်းယှဉ်ကာ ရှိခိုးဦးချမည် လို့သာ ဆိုလိုရင်းပါ'' တဲ့။ ဗန်းမော်ဆရာတော်ကြီးခမျာ ''အိမ်း သင်္ဂဇာက စကားရှားတဲ့ လူမဟုတ်ဘူးဗျ။ အစက ဒါကို ရည်ရွယ် ပြောတာမဟုတ်ပေဘူး။ အလွန်ပင် ရှုပ်ပြီး မဟုတ်တာ ကြံဖန် မမှန်တာ ပြောဖို့နေရာမှာတော့ ဘုရားရှင်လက်ထက်သာဆိုရင် ဧတဒဂ်ရလောက်ကဲ့ဗျ '' တဲ့။
(၃)
ရတနာပုံမြို့တည်နန်းတည် မင်းတုံးမင်းတရားကိုယ်တိုင်က သင်္ဂဇာဆရာတော့်စကားတွေ နာချင်လို့ ခဏ ခဏဆွမ်းပင့်ကပ်လေ့ရှိတယ်။ တစ်ခါတစ်ရံမှာ သင်္ဂဇာဆရာတော်စကားထွက်အောင် မင်းတရားကိုယ်တိုင်က စကားညှစ်လေ့ရှိတာပါ။ မင်းတုန်းမင်းကြီးက ဆရာတော်စကားပြောပြီဆိုရင် ပီတိနုမော် သာဓုခေါ်ဖို့ အသင့်စောင့်နေတတ်ပါတယ်။ ကြည့်ပါဦး ဆရာ ဒကာ နှစ်ဦးသား စကားညီညွတ်နေကြပုံများ။
မင်းတုန်းမင်းတရားက ရတနာပုံရွှေမြို့တော်ရှိ လေးပြင်လေးရပ်မှာ ရှိတဲ့ ကျမ်းတတ်အကျော် ဆရာတော်တွေကို ပင့်ပြီးဆွမ်းကပ်ပါတယ်။ ဆွမ်းအနုမောဒနာပြုပြီးတဲ့အခါ မင်းတရားက ''အရှင်ဘုရားတို့ ကျောင်းတော်သို့ ပြန်ကြွသည့်အခါ အနောက်ဆောင်တန်းလျားက ကြွသွားလျှင် လမ်းသာယာဖြောင့်ဖြူးရုံမျှမက ကြည့်ရှုဖွယ်ရာ အာရုံများလည်း ဆန်းကြယ်စွာ တွေ့ရပါမည်ဘုရား'' လို့ လျှောက်ထားခဲ့ပါတယ်။ အနောက်ဆောင် တန်းလျားဆိုတာက မိဖုရားမောင်းမမိဿံ အခြွေအရံအလှပဂေး နန်းသွေးနန်းယဉ်များ နေထိုင်ရာမှန်း သိတော်မူတဲ့ ဆရာတော်ကြီးများက စကားမတုံ့ ရှက်စနိုးနဲ့ ခေါင်းငုံ့ပြုံး၍သာ နေတော်မူကြပါသတဲ့။
သင်္ဂဇာဆရာတော်ကတော့ သွက်ပါတယ်။ ''အရှင်မင်းကြီး နန်းတော်ရဲ့ အရှေ့တစ်ခို တောညိုညို တောင်ညို့ညို့ စို့စို့စိမ်းစိမ်း တိမ်းညွတ်ဖွယ်ရာ သဘာဝအလှများကို မြင်ပါ၏လော''တဲ့။ ''မင်းကြီး ထိုသို့ပင် လှ၍ တိမ်းညွတ်ဖွယ်ကောင်းသော်လည်း တစ်ခါမှ မရောက်ဖူးသောသူများ သွားသော် တစ်ခေါက်တည်းနဲ့ ငှက်ဖျားသင့်ပြီး သေတတ်တယ် ဒကာတော်''တဲ့။
မင်းတုန်းမင်းကြီးက ပြုံးပြုံးရယ်ရယ်ပါပဲ ထပ်လျှောက်ပြန်တယ်။ ''အရှင်ဘုရားက ငယ်ဖြူလား၊ တောထွက်လား'' တဲ့။ ''ငယ်ငယ်လေးထဲက ၀တ်တဲ့ငယ်ဖြူရဟန်းပါ '' လို့ ဆရာတော်က ဖြေပါတယ်။ ''မှန်ပါ အရှင်ဘုရားက ငယ်ဖြူရဟန်းဖြစ်လေတော့ ဒကာတော့်နန်းတော်ထဲ ဆွမ်းစားအမြဲကြွလေတိုင်း မိဖုရား မောင်းမမိဿံ ခြွေရံ အသင်း အဆင်းရူပါ လက္ခဏာလွှမ်းခြုံ လှမျိုးစုံတွေကို မြင်ပြီး ကျောင်းပြန်ရောက်တဲ့အခါ ဆရာတော့်မှာ ဒုက္ခသာ များရှာပေတော့မည် ထင်ပါသည်ဘုရား '' တဲ့။ နောက်တိနောက်တောက် ပေါက်ပေါက်ရှာရှာ မေးလည်း မေးတတ်ပါပေသော ဒကာတော်မင်းတရားပေပဲ။
ဆရာတော်ကလည်း ဖြေတတ်တယ်။ '' ဒီလိုလည်း မဟုတ်ပေဘူး ဒကာတော်။ ဥပမာပြရလျှင် ထန်းပင်တစ်ပင်မှာ ထန်းနို့ ထန်းစဆိုတာ ရှိပေရဲ့။ ထန်းတက်သမားပြုပြင်စီမံထားတဲ့ ထန်းနို့ ထန်းစများဟာ လှီးတိုင်း လှီးတိုင်း တိုးလို့သာ ထွက်တတ်မြဲ ဖြစ်ပြီး ထန်းတက်သမား ပြုပြင်ခြင်းမရှိ၊ မသုံးဘဲ ထားသော ထန်းနို့ ထန်းစများဟာ တဖြည်းဖြည်း ပိန်လိမ် ခြောက်သွေ့သွားကြရိုးထုံးစံ ဥပမာဟန်ကိုသာ မှတ်လေတော့ ဒကာတော်'' တဲ့။ မင်းတုန်းမင်းကိုယ်တော်တိုင် ရာဇိနြေ္ဒမဆောင်နိုင်အောင် လက်ခုပ်လက်ဝါးတီးပြီး ရယ်မောကျန်ရစ်ခဲ့ပါသတဲ့။
(၄)
စကားပြောလှသလို သတ္တိကလည်း မခေတဲ့ဆရာတော်ပါ။ အောက်ပြည် အောက်ရွာ သာသနာပြုခရီးစဉ်အတွင်း တရားဟောပလ္လင်တော်မှာ သေနတ်နဲ့ ပစ်တာတောင် မတုန်မလှုပ် သည်းခံတော်မူနိုင်တဲ့အပြင် ပစ်တဲ့တရားခံ ကိုတောင် အရေးမယူဖို့ အရေးပိုင်ကို တောင်းဆိုတဲ့အထိ သဘောထားလည်း ကြီးမြတ် သူတော်ကောင်းဓါတ် လင်းပတော်မူတဲ့ဆရာတော်ကြီးပါပဲ။
ဟင်္သာတမြို့တရားပွဲမှာပါ၊ ဆရာတော်ကြီးကို သေနတ်နဲ့ အသေအချာ ချိန်ရွယ်ပစ်ခတ်ပေမယ့် ဆရာတော်ကြီး သီလဘုန်းတော်ကြောင့် ထိခိုက်နာကျင်မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ပစ်ခတ်တဲ့ မောင်ဝဆိုတဲ့ တရားခံကိုတော့ ပရိသတ်တွေက ၀ိုင်းဖမ်းပြီး အရေးပိုင်မင်းရုံးကို စစ်ဆေးဖို့ ပို့လိုက်ကြပါတယ်။ ဒါကို ဆရာတော်က သိသွားခဲ့ပါတယ်။ ချက်ချင်းပဲ ထမ်းစင်နဲ့ အရေးပိုင်မင်းရုံးကို ပို့ခိုင်းစေပါတယ်။
အရေးပိုင်မင်းနဲ့ တွေ့တဲ့အခါ ဆရာတော်ကြီးက ''အရေးပိုင်မင်းကို မြန်မာစာသင်ဖူးသလား'' လို့ မေးပါတယ်။ ''အနည်းအကျဉ်းတော့ သင်ဖူးပါတယ် '' ဆိုတော့ '' နတ်ပြည်နဲ့ ဗြဟ္မာ့ဘုံကို ရေးသောအခါ ၀ အက္ခရာများပါသလား'' လို့ ထပ်မေးပါတယ်။ ''မပါပါ'' လို့ အရေးပိုင်မင်းက ဆိုတော့ ''ဒါဆိုရင် အ၀ီစိလို့ ရေးရင်ကော ၀အက္ခရာနဲ့မရေးရဘူးလား'' တဲ့။ ''ရေးရပါတယ်'' လို့ လျှောက်တဲ့အခါ ဆရာတော်ကြီက အရေးပိုင်မင်း၊ ယခု ဖမ်းဆီးထားသော သေနတ်သမားမောင်ဖိုးဝသည် လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံများနှင့် လားလားမှမဆိုင်၊ အ၀ီစိမှတစ်ပါး အခြားလားရာမမြင်၊ သို့အတွက် မောင်ဖိုးဝအမှုကို မောင်ဖိုးဝပင် စီရင်ပေလိမ့်မည်။ ယခု ဖမ်းဆီးချုပ်နှောင်ထားသော ပစ္စက္ခမင်းဒဏ်မှ လွှတ်ပေးစေချင်ပါသည် တဲ့။
ဆရာတော်ကြီးရဲ့ မေတ္တာဓါတ်နဲ့ ကရုဏာအားကြီးမြတ်မှုကြောင့် မောင်ဖိုးဝ လွတ်ငြိမ်းချမ်းသာခွင့်ရသွားခဲ့ပါ တယ်။ ဆရာတော်က ခွင့်လွှတ်သည်းခံနိုင်စွမ်း မြင့်မားပေမယ့် တပည့်ရဟန်းများက ကျေနပ်ကြတာတော့ မဟုတ်ပေဘူး။ ''တရားဟောနေတုန်း သေနတ်နဲ့ ၀င်ပစ်ရလောက်အောင် အလွန်မိုက်မဲတဲ့ လူကို ဆရာတော်မို့ ကယ်တင်တယ်။ ကယ်ရကျိုးမနပ်၊ ကျေးဇူးလည်း တင်တတ်လိမ့်မယ် မထင်ပေဘူး ''တဲ့။
ဆရာတော်ဘုရားက ဒီလို နှစ်သိမ့်ရပါတယ်။ ''ငါ့ရှင်တို့ ဒီလို သတ္တ၀ါများရဲ့ နောင်တမလွန်အရေးမျှော်တွေးပြီး သနားခြင်းကရုဏာသာ ဖြစ်ထိုက်ပါပေရဲ့။ ငါတို့ ငါ့ရှင်တို့မှာ မျက်ရည်ယိုစီးလျက် ကျေးဇူးကြီးလှသော မိဘဆွေမျိုးအပေါင်းကိုပင် စွန့်လွှတ်ပြီး သာသနာတော်ထမ်းရဟန်းပြုနိုင်ခဲ့ပါလျှင် အကျိုးမဲ့ကိုသာ ကြီးစွာပေးတတ်တဲ့ အမျက်ဒေါသကို ဘဇာကြောင့် မွေးမြူနေကြမတုန်းတဲ့။ ငါ့ရှင်တို့ မနာကြလေနဲ့။ ငါ့မှာသာ နာလည်းနာသေး တရားလည်း ဟောရသေးမို့ အဘိုးကြီးအဘွားကြိး ရန်ဖြစ်သလို နာလည်း နာ နံလည်း နံဖြစ်ရသကွဲ့ '' မိန့်ပြီး စကားစကို ဖြတ်ပါတယ်။ တပည့်တွေက အကြောင်းစုံလင်းပါဦးဆိုမှ ဆရာတော်က ရှင်းပြတာပါ။
ဓမ္မဂင်္ဂါ ထွင်ဆရာ မဖြစ်ရအောင် ဆရာတော့်မူရင်းအတိုင်းပဲ ဖော်ပြလိုက်ပါရစေတော့။
'' ငါ့ရှင်တို့ ရှေးက အဘိုးကြီးနှင့် အမယ်ကြီးနှစ်ယောက်သား လင်မယားတို့သည် စကားပြောရင်း အခင်းဖြစ်ပွားကြပြီးလျှင် ထ၍ ကန်ကြောက် တစ်ယောက်၏ ပေါင်ကို တစ်ယောက်ကုန်း၍ နပမ်းလုံးရင်း ကိုက်ကြကုန်သတတ်။ ထိုနောက် ရန်အေး၍ တဖြည်းဖြည်း စိတ်ကျေပြီလျှင် အဘိုးကြီးက ပြောသည်မှာ အမယ်ကြီး ညည်းနှင့် စိတ်ပေါက်၍ တစ်ယောက်၏ ပေါင်ကို တစ်ယောက်ကိုက်ကြသည်မှာ နာသလော ဟု မေး၏။ ထိုအခါ အမယ်အိုက ကိုယ်လာ၍ မပြောပါနှင့် ငါဒေါသဖြစ်ပါသည်။ မနာဘဲ ရှိမည်လော ဟု ဆိုသော် အဘိုးကြီးက ညည်းမှာ နာရုံသာ နာသည်။ ငါ့မှာ နာလည်း နာသေး၏။ နံလည်း နံသေး၏ ဟု ဆိုသတဲ့ ငါ့ရှင်တို့ရဲ့။ ဤအတူ ငါ့ရှင်တို့မှာ နာရုံသာ နာသည်။ ငါ့မှာ တရားလည်း ဟောရသေး၏။ နာလည်း နာသေး၏။'' တဲ့။
အော် ကုန်းဘောင်ခေတ်ဓမ္မကထိကအကျော် ဆရာတော်တစ်ပါးရဲ့ လောကဓံမှာ သေနတ်ပစ်ခံရတာလည်း ပါသကိုး။ (သေနတ်အပစ်ခံရတဲ့ အကြောင်းတရားကတော့ ဂိုဏ်းဂဏအကွဲအပြဲ အစွဲပြင်းထန်သူ တွေကြောင့်လို့ပဲ သာမန်သိရပါတယ်။)

ဓမ္မဂင်္ဂါ
၁၂၊၀၆၊၂၀၁၀
၁၂၊၀၆၊၂၀၁၀
2 comments:
ဥပမာဟူ၍သာ မှတ်ထားလိုက်ပါသည်။
သေအောင်မပစ်တာ နံနာကြီးကို ညှာထားဟန်တူရဲ့၊
ကြည်ညိုလေးစားပါသည်။
Post a Comment