06 August, 2010

နယူးဒေလီဆေးရုံပေါ်က အရေးပေါ်လူနာရဟန်းတော်

ဒီရက်ပိုင်းအတွင်းမှာ ဘလော့မရေးနိုင်ခြင်းရဲ့ အကြောင်းတရားဟာ နယူဒေလီဆေးရုံပေါ်က အရေးပေါ် ဂိလာ လူနာရဟန်းကြောင့်ပဲ ဖြစ်ပါတယ်။ အိန္ဒိယမှာ ပညာသင်နေတဲ့ ရဟန်းတော်တွေရဲ့ ကျန်းမာရေး ပညာရေး အ ထောက်အကူပြုနိုင်ဖို့အတွက် အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ကြီး ရှိပါတယ်။ ပညာသင်ရဟန်းတော်တွေ အရေးပေါ်ကျန်းမာရေး ပြဿနာကြုံလာရင် ကူညီထောက်ပံ့နိုင်ဖို့ အဆင်သင့် ဖြစ်နေမြဲပါပဲ။

အဖွဲ့ကြီးရဲ့ ကျန်းမာရေးပဒေသာပင်ရန်ပုံငွေ ဆိုတာကလည်း အဖွဲ့ဝင် ရဟန်းတော်တွေ ထည့်ဝင်တဲ့ အဖွဲ့ဝင်ကြေးနဲ့ နှစ်စဉ်ကြေးကို ဘဏ်မှာ စုဆောင်းထားတာဖြစ်ပါတယ်။ ရူပီးတစ်သိန်း ၀န်းကျင်လောက်ပဲ ရှိတာပါ။ နှစ်စဉ်လည်း ဂိလာနလူနာရဟန်းတော်တွေရဲ့ ကုန်ကျစရိတ်ရဲ့ သုံးပုံတစ်ပုံကို ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ (လွန်ခဲ့တဲ့ ဇူလိုင်လကတော့ စင်ကာပူက အလှူရှင်မိသားစုက ရူပီးငွေတစ်သိန်း လှူဒါန်းခဲ့ပါတယ်။ အဲဒီအလှူငွေကတော့ ဘဏ်မှာ ကျန်းမာရေးပဒေသာပင်စိုက်ထူပြီး အတိုးအပွားကိုမှ အဖွဲ့ဝင်ရဟန်းတော်များရဲ့ ကျန်းမာရေးအတွက် သုံးစွဲမှာ ဖြစ်ပါတယ်။)

ဒီနှစ်ဦးပိုင်းမှာတော့ ဂိလာနလူနာရဟန်းတော် နှစ်ပါးရှိခဲ့ပါတယ်။ အကြီးစားကုသမှုတွေချည်းပါပဲ။ အိန္ဒိယနိုင်ငံ တောင်ပိုင်း ပူနေးတက္ကသိုလ်က ရဟန်းတော်တစ်ပါးနဲ့ ဟိုက်ဒရာဘတ်တက္ကသိုလ်က တစ်ပါး။ တစ်ပါးကို ရူပီးလေးသောင်းခန့်စီ လှူဒါန်းခဲ့ရပါတယ်။ အဖွဲ့ကြီးရဲ့ ကျန်းမာရေးပဒေသာပင်ဟာ ပါးလျသွားခဲ့ပါတယ်။ အဲဒီအချိန်မှာမှ ဗီဟာပြည်နယ်၊ မဂဓတက္ကသိုလ်က မဟာဝိဇ္ဇာတန်းကျောင်းသား အရှင်ဇောတိကအနေနဲ့ အရေးပေါ်ကျန်းမာရေးကုသမှုကို ခံယူခဲ့ရရှာတာပါ။ (သတင်းအပြည့်အစုံ) အရှင်ဇောတိက ဆိုတာက ဗီဟာပြည်နယ်၊ မဂဓတက္ကသိုလ်ကြီးမှာ မဟာဝိဇ္ဇာတန်းတက်ရင်း အဖွဲ့ကြီးရဲ့ ပညာရေးကော်မတီ သင်တန်းတွေမှာ ပိဋကတ်ဆိုင်ရာအင်္ဂလိပ်စာကို သင်ကြားပို့ချပေးနေတဲ့ ရဟန်းတော်တစ်ပါးဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ကြီးရဲ့ အဖွဲ့ဝင်ရဟန်းတော်တွေ အနေနဲ့ အရေးပေါ်ကျန်းမာရေး ကုသမှုခံယူရပြီဆိုရင် ဆေးကုသဖို့အတွက် ထောက်ပံ့လှူဒါန်းငွေနှစ်ရပ်ကို ခံစားရပါတယ်။ ဘယ်တက္ကသိုလ်က ရဟန်းတော်တော့ အရေးပေါ်ကျန်းမာရေးကုသမှုခံယူနေပြီ ဆိုတဲ့ သတင်းကြားတာနဲ့ တက္ကသိုလ်အသီးသီးက ရဟန်းတော်တွေဟာ သဒ္ဓါကြေးထည့်ဝင်လှူဒါန်းကြမြဲဖြစ်ပါတယ်။

အဲဒီသဒ္ဓါကြေး ထောက်ပံ့ငွေနဲ့တင် ရောဂါပျောက်ကင်းသွားတာမျိုး ရှိပါတယ်။ ပြီးတော့ ဆေးကုသမှုမှတ်တမ်းနဲ့ ကုန်ကျစရိတ်ကို အဖွဲ့ကြီးကို တင်ပြတဲ့အခါ အဖွဲ့ကြီးကနေ ကုသမှုကုန်ကျစရိတ် သုံးပုံနှစ်ပုံကို လှူဒါန်းပေးပါတယ်။ များသောအားဖြင့်တော့ လှူဒါန်းထောက်ပံ့ငွေနှစ်ရပ်ကို အလှူခံရရှိတဲ့ အဖွဲ့ဝင်ရဟန်းတော်များဟာ ရောဂါပျောက်ကင်းရုံမျှမက နာလန်ထ အားယူဖို့အတွက်ပါ လုံလောက် လေ့ရှိပါတယ်။

ခုလည်း အရှင်ဇောတိက နယူးဒေလီမှာ အရေးပေါ်ဆေးရုံတက်လိုက်ရပြီ ဆိုတဲ့ သတင်းကြားတာနဲ့ အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌအရှင်ပညာသာမိက တက္ကသိုလ်အသီးသီးက ပညာသင်ရဟန်းတော်တွေကို သဒ္ဓါကြေးထည့်ဝင်ကြဖို့ ဆော်သြခဲ့တဲ့အတွက် အလှူငွေ ရူပီးငါးသောင်းကျော် (မြန်မာငွေ ဆယ်နှစ်သိန်းခန့်) ၀ိုင်းဝန်း လှူဒါန်း ခဲ့ကြပါတယ်။ မိမိတို့ရဲ့ ပညာသင်စရိတ်ထဲက ဖဲ့လှူကြရတာမို့ စိတ်ထက်သန်စွာ လှူဒါန်းကြတဲ့ ရဟန်းတော်များရဲ့ ကျေးဇူးတရားကို မှတ်တမ်းတင်ရပါတယ်။

အဖွဲ့ကြီးအနေနဲ့ လှူဒါန်းထောက်ပံ့ရမယ်ဆိုရင်လည်း ရူပီးငွေငါးသောင်းထက် ပိုပြီး ထောက်ပံ့နိုင်ဖွယ် မရှိပါဘူး။ ကုန်ကျမယ့် စရိတ်က မျှော်မှန်းထားတာထက် လေးငါးဆလောက်ကုန်ကျမယ် လို့ ခန့်မှန်းပြီး စိတ်ပူနေကြရတာပါ။ အဲဒီထက်လည်း ပိုသွားနိုင်ပါသေးတယ်။ မြန်မာပြည်ပြန်ပြီး ကုသဖို့ဆိုတာလည်း အရေးပေါ်ခန်းထဲက တစ်လက်မမှ ရွှေ့မရတဲ့ အခြေအနေ ဖြစ်နေတာပါ။

မြန်မာပြည်က အရှင်ဇောတိကနဲ့ နီးစပ်ရာ မိဘဆွေမျိုးအသိုင်းအ၀ိုင်းနဲ့ ဆရာသမားထံ ဖုန်းတဂွမ်ဂွမ် ဆက်နေရတဲ့ အနေအထားပါပဲ။ အရှင်ဇောတိကနဲ့ တစ်ခန်းတည်းသီတင်းသုံးဖော် အရှင်ဇ၀နရဲ့ ဆက်သွယ်မှု ကြောင့် ကျေးလက်က မိဘဆွေမျိုးတွေနဲ့ ဆရာဘုန်းတော်ကြီးတို့ကလည်း တတ်နိုင်သမျှလေး စုဆောင်းပေးလှူဖို့ ကြိုးစားနေကြရှာတယ် ဆိုတဲ့ သတင်းပြန်ကြားချက်ကတော့ ရောင်နီဝါးဝါးလေး မြင်ရသလို ။ ဘာပဲဖြစ်ဖြစ် ကောက်ရိုးစတစ်မျှင်ဟာလည်း အားကိုးစရာပါပဲ။ “ဆန်စင်ရာ ကျည်ပွေ့မလိုက်နိုင်” ဆိုသလို ရောဂါကို ဖာထေးနိုင်တဲ့ ငွေကြေးပမာဏထိတော့ သတင်းမကြားရသေးပါဘူး။

အနီးကပ်ပြုစုနေကြတဲ့ အဖွဲ့ဥက္ကဋ္ဌဆရာတော်အရှင်ပညာသာမိ နဲ့ မဂဓတက္ကသိုလ်က သီတင်း သုံးဖော်ရဟန်းများ၊ ဒေလီတက္ကသိုလ်က ရဟန်းတော်များကတော့ ဂိလာနရဟန်းတော်ရဲ့ အခြေအနေနဲ့ လက်ထဲမှာ တစ်နေ့တစ်ခြားပါးပါးသွားတဲ့ ၀တ္ထုငွေကို တွက်ဆပြီး စိတ်ပူနေကြရပါတယ်။ ဘာပဲ ဖြစ်ဖြစ် “သဗ္ဗေ သတ္တာ ကမ္မဿကာ ” လှိုင်းထဲ သာသနာ့အာဇာနည်တစ်ပါး မျောပါမသွားဖို့ ကရုဏာဆည်တွေ တည် ဆောက်နိုင်ရေး မျှော်လင့်တွေးတောမိတော့တယ်။

ဓမ္မဂင်္ဂါ
၀၆-၀၈-၂၀၁၀

No comments: