06 September, 2010

ဂင်္ဂါလမ်းအကြို

ဒီရက်ပိုင်းတွေမှာ ဗာရာဏသီရဲ့ မုတ်သုံက နောက်ဆုတ်သွားခဲ့ပြန်ပါတယ်။ အစွမ်းကုန်စိမ်းလန်းဖို့ အားယူမိတဲ့ မိဂဒါဝုန်က သစ်ရွက်တွေ ယောင်ချာချာဖြစ်ကျန်ရစ်ခဲ့ပါရော။ ဘာပဲဖြစ်ဖြစ် သူ့အတွက် စာသင်ခန်း တွေကတော့ တိုးတိုးလာပါတယ်။ သင်ပေးလိုက်ရ၊ သင်ယူလိုက်ရပါပဲ။ ကိုယ်ပိုင်ပါဠိသင်တန်းတွေကို ပုံမှန်စီးဆင်းနိုင်အောင် အားထုတ်ရသလို သူတက်ရောက်နေတဲ့ တိဘက်ဘာသာစကားသင်တန်းကိုလည်း လွတ်မသွားအောင် ပြေးလွှားရပြန်ပါတယ်။

အမေးအမြန်းထူပြီး အငြင်းသန်တဲ့ မဇ္ဈိမသားတွေနဲ့ အတူ သင်ရတာ သူ့အတွက် နည်းနည်းစိတ်ရှည်နိုင်အောင် ကြိုးစားရတာကလွဲပြီး အကျိုးများတယ် လို့ဆိုရမှာပါ။ သင်တန်းသားတွေက ဘာသာရပ်ဆိုင်ရာ ပါမောက္ခတွေချည်းပဲမို့ ထောင့်(ဒေါင့်) စေ့အောင် မေးတတ်ကြလေတော့ သင်တန်းပို့ချတဲ့ ပါမောက္ခ တိဘက်လားမားကြီးရဲ့ အဖြေကို စောင့်ပြီး မှတ်သားရုံပါပဲ။ သူက တစ်ခုမှ ထမေးစရာမလိုတော့ဘူး။

တစ်ခါတစ်ခါ အသံထွက်ပြဿနာမှာတော့ တော်တော်လေးကို စိတ်ရှည်ရတတ်ပါတယ်။ မဇ္ဈိမသားတွေမှာ စ၀ဂ်လို့ခေါ်တဲ့ စလုံး ဆလိမ် ဇကွဲ ဈမျဉ်းဆွဲ ဆိုတဲ့ အက္ခရာတွေရဲ့ မြန်မာတွေ ထွက်တဲ့အသံမျိုးမရှိတာပါ။ မဇ္ဈိမသားတွေက စ၀က်အက္ခရာတွေကို စကို ကျ၊ ဆကို ချ၊ ဇကို ဂျ၊ စ်ကို ဃ် လို့ အသံထွက်ကြလေတာကိုး။ တိဘက်က မြန်မာဘာသာစကားမှာလို စ ဆ ဇ အက္ခရာအသံတွေရှိသလို ဟိန္ဒိဘာသာမှာ ရှိတဲ့ ကျ ချ ဂျ ဆိုတာလည်း ရှိနေပြန်ပါတယ်။

တိဘက်လားမားကြီးက အလွန်ပဲ စိတ်ရှည်ပါတယ်။ ဥပဓိရုပ်ကြီးကလည်း ခင်မင်စရာကြီး ။ ရွှေပြည်ကြီးက လူရွှင်တော် ဒကာမိုးဒီကြီးနဲ့ တစ်ထေရာတည်း။ ဟာသလည်း ပြောတတ်တယ်၊ ရယ်ရင်လည်း ဗိုက်ကြီး ပွတ်ပြီးရယ်တတ်သေးရဲ့။ များသောအားဖြင့် ဟိန္ဒီလို သင်ပါတယ်။ သူ့ကို ငဲ့ပြီး အင်္ဂလိပ်လိုလည်း ရှင်းပြပါ သေးတယ်။ ဒီလိုနဲ့ ဟိန္ဒီစကားပါ နားရည်ဝလာသလို ဖြစ်လာပါတယ်။(တတ်ကျွမ်းဖို့တော့ ယူဇနာများစွာ ဝေးပါသေးတယ်။ ရွာပြန်ရောက်ရင်တော့ ရွာကအမျိုးတွေအတွက် တစ်ဘာသာထပ်တိုးပြီး ဆယ့်နှစ်ဘာသာ တတ်တဲ့ မောင်ပဉ္ဇင်း ဆယ့်သုံးဘာသာတတ်ပြီ ဖြစ်တော့မယ် ထင်ရဲ့။) ဒါပေမယ့် သင်တန်းချိန်က နှစ်နာရီအပြည့်ဆိုတော့ မချောင်လှပေဘူး။ မနက်က ၈း၀၀ နာရီကတည်းက သင်တန်းတွေက ဆက်နေခဲ့တာပါ။ တစ်ပတ်မှာ သုံးရက်တည်းမို့သာ တော်ပေတယ်လို့ ဆိုရမယ်။

ဒီနေ့နေ့လည် ၂း၃၀ နာရီမှာ သူ့ရဲ့ ပါဠိအထူးသင်တန်းစပါတယ်။ သင်တန်းသား အဲ သင်တန်းသူက တစ်ယောက်တည်းပါ။ ဒီနေ့ ပုံမှန်တက္ကသိုလ်သင်တန်းတွေ ဆင်းချိန်မှာမှ စာသင်ချိန်ဇယား ကြေငြာတာမို့ သူ့ဆီမှာ သင်တန်းတက်ဖို့ စာရင်းပေးထားတဲ့ ကျောင်းသားကျောင်းသူတွေတောင် သတင်းအဆက်ပြတ်ပြီး ရောက်မလာနိုင်ခဲ့ပါဘူး။ မဇ္ဈိမကတော့ နှေးကွေးလေးလံစွာ ရွေ့လျားတတ်တာ ဓလေ့တစ်ခုဖြစ်နေခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် ထုံးစံအတိုင်း နမော တဿ သုံးကြိမ်ရွတ်ပြီး စတင်ခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ ရေးလက်စလေးတွေနဲ့ ကြိုကြားကြိုကြား ဝေးနေဦးမှာပါ။ ချစ်လှစွာသော ကွန်ပြူတာ တော်လေးက ဗာရာဏသီဟိန္ဒူတက္ကသိုလ်က မိတ်ဆွေရဟန်းတော်တစ်ပါးရဲ့ ဆားဗစ်စ်မှာ စံမြန်းနေပါတယ်။ အမာထည် ထိသွားတယ်လို့ ဆိုပါတယ်။ ထိမယ်ဆိုလည်း ထိလောက်စရာပေပဲ။ ဂင်္ဂါစီးဆင်း ဖို့ အပျော့ထည်တွေရော အမာထည်တွေရော တစ်နှစ်နီးပါး မနားတမ်း ညှစ်ထုတ်ခဲ့ရတာကိုး။ တစ်နှစ်အာမခံမကုန်သေးတော့ မျှော်လင့်ချက်ရှိပါသေးတယ်။ ခုလည်း ရှင်သစ္စာရဲ့ ကွန်ပြူတာလစ်တုန်း ဂင်္ဂါလမ်းလေးကို ဆက်ရေးဖြစ်ပါတယ်။


1 comment:

Crystal said...

အော် ဂလိုကိုး။ ဘေးက ဘုန်းဘုန်းဆိုတာ ရှင်သစ္စာကိုး။ သာဓု။