“အပြောင်းအလဲတွေမမြင်ရတဲ့အခါ သင်္ခါရတရားကို သံသယဖြစ်မိတယ်“
မောင်သစ်ဝေ(မြင်းခြံ)
မိတ်ဆွေကဗျာစာဆိုရဟန်းတစ်ပါး၏ စာသားအချို့ကို သူ အမှတ်ရသွားသည်။ သူကတော့ အပြောင်းအလဲများကို မြင်လိုသည့်အခါတိုင်း တိမ်များကိုသာ ငေးမောကြည့်တတ်သည်။ ပြိုကွဲသွားသော တိမ်များ။ ရွေ့လျားနေသော တိမ်များ၊ ပြာလွင်နေရာမှ ညို့မှိုင်းသွားသော တိမ်များ။ ပြောင်းလဲတတ်တဲ့ သဘောကို သင်္ခါရလို့ ခေါ်ရင် တိမ်တွေဟာ သင်္ခါရအစစ်ပဲပေါ့ တဲ့..။ နားထဲမှာ တိမ်တိုက်အချို့ ဖြတ်စီးသွားသည်။
သဘာဝအရ မြဲခြင်း ခိုင်ခြင်းသဘောကို လိုလားအပ်သော အရာဟု ထင်မှတ်ခဲ့ဖူးသည်။ သို့သော် မလိုလားအပ်သော အရာများက မရွေ့လျား မပြောင်းလဲပဲ ပိုကဲနှောင့်ယှက်ကြလေသောအခါ မိတ်ဆွေရဟန်းက သင်္ခါရတရားကို သံသယ၀င်သည်။ သူကတော့ တိမ်တိုက်များကိုပဲ ငေးကြည့်လိုက်ပါသည်။ တိမ်တွေ တိမ်တွေ....။
သူ သည်ရက်ပိုင်းမှာ သွားနာနေသည်။ တစ်ခုခု ၀ါးလိုက်တိုင်း သွားများက တစစ်စစ် နာကျင်နေသည်၊ နာကျင်မှုကို သူ မမြဲစေချင်၊ သင်္ခါရတရားအတိုင်းပဲ ပြောင်းလဲရွေ့လျားသွားစေလိုသည်။
ငယ်စဉ်ကိုရင်လေးဘ၀က သူသည် တိမ်များကို ချစ်သည်။ ကလေးအတွေးအိမ်တွင် တိမ်များသည် တက်မက်ငြိကပ်ဖွယ်ရာ ဖန်ဆင်းမှုရှိသည်။ ကောင်းကင်ကင်းဗတ်စ်တွင် သူ ပုံရောင်စုံများစွာကို ရေးခြစ်လိုက်သည်။ စုတ်တံမလို ဆေးမလို...။ စိတ်ကူးအရင်းမြစ်လေး စိုက်ထုတ်လိုက်သည်နှင့် သူ အိပ်မက်များစွာကို ရေးခြစ်ခွင့် ရသွားသည်။ ဘုန်းတော်ကြီး မသိအောင် ပန်းချီပုံလေးများစွာကို ခိုး ခိုး ရေးရသည့် ဒုက္ခမှ လွတ်မြောက်သွားသည်။ သူ့မှတ်စုစာအုပ်တွင် ပုံတစ်ပုံတွေ့တိုင်း တစ်ချက် အရိုက်ခံရသည့် ၀ဋ်ဆင်းရဲကလွတ်ရာ တိမ်များဆီ ပြေးထွက်မိခြင်းဖြစ်သည်။
တိမ်တိုက်များနှင့် ပတ်သက်၍ သူ့မိခင်ပြောသော စကားကို အမှတ်ရချိန်မှာတော့ အနည်းငယ်ဆွေးမြေ့သည်။ ” သားမောင်ပဇင်းက နိုင်ငံရပ်ခြားမှာ နေတာ ဆိုတော့ တွေ့ဖို့က မလွယ်ဘူးပေါ့..။လေယာဉ်တွေ ဘာတွေလည်း မစီးနိုင်တော့ တိမ်တွေသာ စီးပြီးလာလို့ ရရင်လည်း အကောင်းသား”။ ကျေးလက်သူမိခင်၏ ရိုးစင်းသော စကားလုံးများက ထိထိရှရှဖြစ်ဖွယ် သူ့စိတ်နှလုံးကို ကုတ်ခြစ်နေဆဲဖြစ်သည်။
တိမ်များက အပြောင်းလဲများသော်လည်း လွတ်လပ်တာတော့ သေချာသည်။ ကျင့်ဝတ်မလို၊ ဗီဇာမလို၊ ဥပဒေမလို ၊ တံတိုင်းများလည်း မရှိ၊ နယ်နိမိတ်ကန့်သတ်မှုလည်း မရှိ...။ ခု သူ စင်ကာပူသွားဖို့ ပြင်ဆင်နေသည်။ ဗီဇာလျှောက်ရမည်။ သူက တိမ်တိုက်တစ်ခုမှ မဟုတ်တာပဲ၊ သူ့မှာက အကန့်သန့်ရှိနေသည်။ လူသားတစ်ဦးက လူသားတစ်ဦးဆီ သွားဖို့ မျဉ်းကြောင်းတစ်ခုကို ဖြတ်ရမည်။ စစ်ဆေးရေးဂိတ်ကို ၀င်ရမည်။ စကားလုံးအချို့နှင့် တံဆိပ်တုံးထုသံတစ်ချက်ကို စောင့်စားရဦးမည်။
ပြီးတော့ သူက ရဟန်းဖြစ်နေပြန်သည်။ နေရာထိုင်ခင်းက အစ စည်းဝိုင်းရှိသည်။ အဲလ်ဘတ်ကမျူး၏ စည်းအပြင်က လူသည် သူနှင့် မဆိုင်...။ ရုတ်ရုတ်သဲသဲနိုင်လှသော စင်ကာပူမြို့ပျြတွင် ရဟန်းတစ်ပါးအတွက် အနေကျုံ့စရာ ကောင်းသည်။ ပြူးပြူးပြဲပြဲအာရုံများက နေရာတိုင်းမှာ ခလုတ်တိုက်နေကြသည်။ လွန်ခဲ့သည့်နှစ်က စင်ကာပူမှာ နှစ်လတာ ကြာခဲ့သည်။ ပင်နီဆူလာပလာဇာကို နှစ်ခေါက်ရောက်ခဲ့သည်မှလွဲ၍ ဘယ်မှ မသွားဖြစ်ခဲ့။ နှစ်လတာလုံး ဘုရားဝတ်ပြုခြင်းလည်း မပျက်ကွက်ခဲ့.။ အချိန်တန်တော့လည်း သူပြန်လာခဲ့သည်။ ရဟန်းဆိုသော်လည်း အနှောင်အဖွဲ့တွေက ရှိနေပြန်သည်။ တာဝန်နှင့် စည်းကမ်းများကို လိုက်နာရမည်။ ဆောာင်ရွက်ရမည့် အရေးအရာများရှိရာဆီ သူ ဦးတည်နေရမြဲဖြစ်သည်။
တစ်ခါတစ်ရံမှာတော့ လိုလားနှစ်ခြိုက်ဖွယ် အပြောင်းအလဲများကို သူမြင်ချင်သည်။ နိစ္စဓုဝစာမျက်နှာများကို သူ မကြိုက်တတ်ပါ။ သူ့လိုပဲ အပြောင်းအလဲများကို ဆာလောင်နေသူများလည်း တိမ်များကို ကြည့်ကာ ချင်ခြင်းဖြေကြသည်လား မသိပါ။ သူလည်း တိမ်တိုက်များကို ငေးကြည့်နေမိသည်။
ရဟန်းက တိမ်ကို အားကျနေသည်လား..။ တိမ်များကတော့ ရဟန်းကို အားကျမည်မဟုတ်..။ လွတ်လပ်ပေါ့ပါးစွာ ကခုန်းရင်း လေးဖြူဆိုချင်လွန်းလို့ အငဲဆိုရသော တေးသွားအတိုင်း...
”တိမ်လို လွင့်မျောလိုက်
တိမ်လို ပြိုလဲလိုက်
တိမ်လို နိမ့်ဆင်းလိုက်
တိမ်လို မြင့်သွားလိုက်
နာကျင်တဲ့ ငရဲလား
ကောင်းကင်ဘုံလေးလား .”
“အပြောင်းအလဲတွေ မမြင်ရတဲ့ အခါ
သင်္ခါရတရားကို သံသယဖြစ်မိတယ်“
မောင်သစ်ဝေ(မြင်းခြံ)
ဓမ္မဂင်္ဂါ
၃၀-၁၁-၂၀၁၀
1 comment:
လွန်ခဲ့သည့်နှစ်က စင်ကာပူမြို့ပြတွင် နှစ်လတာ ကြာခဲ့သည်။ ရုတ်ရုတ်သဲသဲ နိုင်လှသော ပြူးပြူးပြဲပြဲ ရဟန်းတစ်ပါး ပင်နီဆူလာ ပလာဇာကို နှစ်လတာလုံး မပျက်ကွက်ခဲ့။ စင်ကာပူမှာ နေရာတိုင်းမှာ။ အချိန်တန်တော့လည်း နှစ်ခေါက် ရောက်ခဲ့သည်မှလွဲ၍ အနေကျုံ့စရာ ဘုရားဝတ်ပြုခြင်းလည်း မသွားဖြစ်ခဲ့။ အာရုံများက ခလုတ်တိုက်နေကြသည်။ သူပြန်လာခဲ့သည်။ အတွက် ကောင်းသည်။ ဘယ်မှာမှ . . . . .
ဆက်လက်ဖတ်ရှုရန် - “ရဟန်း နှင့် တိမ်”
Post a Comment