20 March, 2011

မဇ္ဈိမဟိုလီ၊အညာလွမ်းချင်း၊နွေစာသင်ခန်းများဆီ

(၁)

ဗာရာဏသီလမ်းမများပေါ်တွင် '' ရေ..ရေ ..ရေတွေ ရွှဲကုန်ပြီ.. ဟော့ တော့ '' ဖြစ်နေလောက်ပြီ။ အော် မဇ္ဈိမသင်္ကြန်တော်အခါကျချေပြီ..။

မဇ္ဈိမသင်္ကြန်ကို ဟိုးလီပွဲတော်ဟု ခေါ်သည်။ ဟိုလီ(HOLI) ဆိုသည်က နွေဦး ဟု အဓိပ္ပါယ်ရသည်။ တပေါင်းလပြည့် ဖဂ္ဂုဏမာသပုဏ္ဏိမာတွင် နှစ်စဉ်ကျင်းပလေ့ရှိသည်။ သင်္ကြန်တော်အကြိုနေ့(၁၉-၃-၂၀၁၁)တွင် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်း၊ လမ်းဆုံလမ်းခွတွင် ထင်းများပုံကာ မီးရှို့ခြင်းဖြင့် နတ်ဆိုးမ ဟိုလီကာကို ဗိဿနိုးနတ်ဘုရား၏ သာဝကဖြစ်သူ ပရဠှဒက အနိုင်ရသည့် အထိမ်းအမှတ်ပွဲပြုကြသည်။ ဟိုလီသင်္ကြန်တော်အခါသမယ (၂၀-၃-၂၀၁၁) တွင် အိန္ဒိယတစ်နိုင်ငံလုံး ဆေးရောင်စုံရေများဖြင့် ပက်ဖြန်းပျော်ရွှင်ကာ နှစ်သစ်ကို ကြိုဆိုကြပေလိမ့်မည်..။

လွန်ခဲ့သော သောကြာနေ့နံနက်ခင်းက သူသည် စောစီးစွာ အိပ်ရာထကာ တိဗက်တက္ကသိုလ်ပရိဝုဏ်ဆီ ထွက်လာခဲ့သည်။ တက္ကသိုလ်ဂိတ်တံခါးစောင့်က '' ဂုရုဂျီ နမာစတေး '' ဟု အလေးပြုနှုတ်ဆက်တော့ သူကလည်း " နမာစကာရ် '' ဟု လက်ပြခဲ့သည်။ တက္ကသိုလ်မြက်ခင်းပြင်နှင့် မြေသွားအုတ်စီလမ်းလေးပေါ်မှာ ခပ်သွက်သွက် ဖြတ်သန်းပြေးလွှားကာ စာသင်ခန်းများဆီ ဦးတည်နေသော တွေ့နေကျကျောင်းသား ကျောင်းသူများကို မတွေ့ရ..။

သူ့နောက်မှ ရုတ်တရက် ဝေါကနဲ ပေါ်လာကာ ဟီးရိုးဟွန်းဒါဆိုင်ကယ်လ်ကြီးကို ကျော်ဖြတ်မောင်းနှင်ရင်း '' ဘန္တေဂျီး တရှိ ဒေလေ့ '' ဟု အပြေးနှုတ်ဆက်သွားလေ့ရှိသော တိဘက်စာပေသမိုင်းဆရာကိုလည်း မတွေ့။ ဘာဖြစ်ပါလိမ့်...။ ဘာပဲဖြစ်ဖြစ် စာသင်ဆောင်ရှိရာ အတိရှခန်းမကြီးဆီကိုတော့ ရောက်အောင် သွားခဲ့သည်။ သူ့အား ခပ်ဝေးဝေးမှ လက်အုပ်ချီလေ့ရှိသည့် စာသင်ခန်းအကူလုပ်သား လက္ချမန်းလည်း ရှိမနေခဲ့ပါ..။

သေချာပါပြီ... သည်နေ့ ကျောင်းပိတ်ရက်ဖြစ်မည်..။ ဆရာများအတွက် တက္ကသိုလ်ပြက္ခဒိန်တစ်ခုစီ ဝေငှထားသော်လည်း သူက ဘယ်သောအခါမှ အလေးမမူမိခဲ့..။ အိန္ဒိယနိုင်ငံ၏ ထုံးစံအရ တနင်္ဂနွေနေ့တစ်ရက်သာ အများသူငါ အားလပ်ရက်(Public holiday) ဖြစ်သည်ကိုသာ မှတ်သားထားခဲ့သည်..။

အော် နွေဦးပေါက်ပြီဆိုတော့ မဇ္ဈိမသင်္ကြန်တော်ရောက်လာပြန်ပြီပဲ...။

(၂)

မဇ္ဈိမသကြန်တော်က လောကီပွဲပေမို့ သူ့လို ရဟန်းတစ်ပါးအတွက် အလှမ်းဝေးလှသည်။. အပြင်လည်း မထွက်ရဲ..။ ဆေးရောင်စုံများဖြင့် သူ့မျက်နှာကို ဖြန်းပက်လိုက်မှဖြင့် ကြောင်ဋီကာ သစ်ကျမ်းပြုအစစ်ဖြစ်သွားပေမည်..။ တကယ့် ကြောင်ကြောင်ကြားကြား..။

သည်တော့လည်း နွေဦးဂျိုးကူသံလွှမ်းနေသော အခန်းလေးကျဉ်းလေးတွင်သာ သူ ခပ်ကုပ်ကုပ်နေထိုင်ဖြစ်ပါသည်။ အင်တာနက်အွန်လိုင်းပေါ်သို့ တက်ဖြစ်သည့်တိုင် မည်သူ့ကိုမှလည်း ဧည့်ဝတ်မပြုဖြစ်..။

တိုးတိတ်စွာ ဘာသာရပ်ဆိုင်ရာစာမျက်နှာများကို သူ ကလစ်ခ်နေခဲ့သည်..။ သူ့တွင် လုံလောက်သော စာအုပ်များ မရှိလေတော့ အင်တာနက်ပိဋကတ်တိုက်ကိုသာ အားကိုးနေရသည်။ စာအုပ်တွေသာ မရှိရင် ပညာရှင်လုပ်ဖို့ အခက်သားပဲ...။

နှုတ်မဆက်မိ၍ နားလည်မှုလွဲမှားလေသော မိတ်ဆွေများ ....ပလီးဇ် ...ကျေးဇူးပြု၍...နားလည်ပေးပါ.။ (ဧည့်ပါမောက္ခဆိုသူကြီး စာကျက်နေသဗျာ..)

လွန်ခဲ့သော လများဆီက ဆေးရုံပေါ်တွင် ဂိလာနအဖြစ် ဆေးကုသခံနေခဲ့ရစဉ်က အကြွေးများကို သူ ဆပ်နေရသည်။ တိဗက်တက္ကသိုလ်အတန်းတင် စာမေးပွဲများက မေလ (၅) ရက်တွင် စတင်ကျင်းပတော့မည်။ သူ ပို့ချရမည့် သင်ရိုးညွှန်းတန်းသင်ခန်းစာများက ခုမှ စလုံးရေး စ..ရှိသေးသည်။

အပြည်ပြည်ဆိုင်ရာတိဗက်ကျမ်းစာများဘာသာပြန်ဆိုရေးညီလာခံနှင့် ၀ိနည်းညီလာခံ၊ ညီလာခံနှစ်ရပ် ကျင်းပဖြစ်ခဲ့သည့် ဇန်န၀ါရီလဆီကလည်း ဘုန်းတော်ကြီးဒလိုင်လားမား၏ တရားပွဲများကို တက္ကသိုလ်ပရိဝုဏ်တွင် ကျင်းပခဲ့သည်မို့ တက္ကသိုလ်စာသင်ခန်းများ ပိတ်ပေးခဲ့သည်။ တစ်လနီးပါးခန့် စာမသင်ခဲ့ရ..။ ညီလာခံများပြီးသည်နှင့် သူက ဆေးရုံတက်လိုက်ရပြန်သည်။နောက်တစ်လ...။

ဆေးရုံကဆင်းသည်နှင့် စာသင်ခန်းများကို သူက ဆာလောင်မွတ်သိပ်လှပြီ..။ သို့နှင့် သူ့စာသင်ခန်းလေးဆီ ပြေးလာခဲ့သည်။ သို့သော် တပည့်များနှင့် နှုတ်ခွန်းဆက်စကား ဆိုကာ သင်ခန်းစာအသစ်များနှင့် မိတ်ဆက်ဖွင့်ဆိုရှင်းပြဆဲမှာပင် တိဗက်နှစ်သစ်ကူးကာလနှင့် မဇ္ဈိမသကြန်တော်က ကျရောက်လာပြန်သည်။


(၃)

ကျောင်းသားဘ၀က သူသည် ကျောင်းပြေးနာမည်ကြီးလှသော်လည်း ဆရာဘ၀မှာတော့ ကျောင်းမှန်လွန်းနေပြန်သည်ကို အံ့သြမိရသေးသည်။ သင်္ချာပါမောက္ခကြီးဒေါက်တာခင်မောင်ဝင်းရေးသည့် ဆရာဘ၀အတွေ့အကြုံလေးကို သတိရမိသည်။ တပည့်တစ်ယောက်က ဆရာကြီးကို '' ဆရာကြီးက ကျွန်တော်တို့ကို သိအောင် တတ်အောင် သင်ချင်တာ၊ ကျွန်တော်တို့က စာမေးပွဲပဲ အောင်ချင်တာ။ အဲဒါ သိပ်ခွကျတာပဲ ဆရာကြီးရယ် '' တဲ့..။ သူလည်း ကျောင်းသားဘ၀က တစ်မိနစ်လောက် စာပိုသင်သည်ကိုပင် သည်းမခံနိုင်..။ စာသင်ခန်းထဲက ထွက်ပြေးချင်သည်။

တစ်နေ့လျှင် သင်တန်းချိန်( ၆) ကြိမ်တက်ရသည့် မန္တလေးသာသနာ့တက္ကသိုလ်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ နွေဦးပေါက်ရာသီ စာသင်ခန်းများကို ပြန်စဉ်းစားမိတော့ လတ်တလော ခါးပူ နားပူလာသယောင် ခံစားရသေးသည်။ ချွေးဒီးဒီးကျစာသင်ခန်းများထဲ သင်တန်းပို့ချချိန် (၄၅) မိနစ်အပြီး အနားရသည့် ၁၅ မိနစ်လေးသည် တဒင်္ဂနိဗ္ဗာန်ဖြစ်သည်..။ စေတနာပိုလေသော ဆရာက ပို့ချချိန်ထက် ပိုလွန်၍ နောက်သင်တန်းနှင့် ဆက်သွားသည့် အခါမျိုးတွင်တော့ ငရဲကျသလို ခံစားရသည်..။

ဟာဗဒ်တက္ကသိုလ်ကျောင်းဆင်းဆရာကြီးဦးစ၀်ထွန်းမှတ်ဝင်းကတော့ အသက် (၈၀) နားနီးသည့်တိုင် စာသင်ရာတွင် တက်ကြွတုန်း..။ ပို့ချချိန်လွန်သော်လည်း မှတ်ဖွယ်မှတ်ရာများက ပြောဟော၍ မကုန်သေး..။ ဆရာကြီး အချိန်ပြည့်ပါပြီ ဆိုတော့ '' အိမ်မှာဆို အရှင်ဘုရားတို့ ဒကာမကြီးက တပည့်တော်ပြောတဲ့ စကားနားထောင်တာ မဟုတ်ဘူး ဘုရား.. အရှင်ဘုရားလေးတို့နဲ့ တွေ့တုန်း ပြောရတာ '' တဲ့၊ မှတ်ကရော..။

မိတ်ဆွေရဟန်းတစ်ပါးက '' အင်း သတ်မှတ်ချိန်ထက် လွန်သွားပြီဆိုရင်တော့ သောတာပန်ဖြစ်မယ်ဆိုရင်တောင် အဲဒီတရားကို နာဖို့ ခက်ခက်ပါကွာ'' တဲ့..။ ထိုမိတ်ဆွေရဟန်းကပင် "' ရှူး တိုးတိုး...ငါ့ရှင်တို့ရေ ဆရာတွေ ကြားရင် အားနာစရာ '' ဟု ပြောရင်း ပြုံးပြုံးကြီး လုပ်နေသေးသည်။

ခုတော့လည်း ဆရာအရှင်များကို စာနာနားလည်စွာ တက္ကသိုလ်ကြီးနှစ်ခုက ရဟန်းပညာရှင် လူပညာရှင်ပုဂ္ဂိုလ်ကြီးများကို အမှတ်ရနေသေးတော့သည်။

(၄)

သည်ရက်ပိုင်းများတွင် သူ စာလည်း မရေးဖြစ်...။ စာဖတ်ပရိသတ်တစ်ဦးကတော့ စိတ်လိုလက်ရရှိမှသာ ရေးစေချင်ပါသည် တဲ့..။ စင်ကာပူမှ မကြာသေးမီက ပြန်လာသော မိတ်ဆွေရဟန်းတော်နှစ်ပါးကတော့ ဓမ္မဂင်္ဂါပရိသတ်တွေကို ဘယ်နေရာသွားသွား မလွဲဘူး ဆိုပဲ..။ မလွဲတဲ့နေရာတွေကို ကြွရောက်ခဲ့ကြတယ် ထင်ပါရဲ့...။ ကောင်းလေစွ..။

ရေးလက်စ ကြောင်ဋီကာသစ်ကိုလည်း ဂျပန်ငလျင်ကာလတွင် သူ ရေးချင်စိတ်မရှိ..။ ကြေကွဲသော စိတ်နှလုံးများကို စာနာသည့်တိုင် မနောကံကရုဏာသာ သူ စွမ်းနိုင်သည်။ တိဗက်တက္ကသိုလ်ကလည်း ဂျပန်ငလျင်အထိမ်းအမှတ်ဆုတောင်းပွဲပြုလုပ်ပေးခဲ့သည်။ အော် ဒုက္ခာ မုစ္စန္တု....။


ဓမ္မဂင်္ဂါ

(၂၀-၃-၂၀၁၁)

မဇ္ဈိမသင်္ကြန်တော်

10 March, 2011

ဒီပလိုမေစီကြောင်ဋီကာသစ်(၃)

သာမန်လူတို့အဘိဓာန်တွင် လူကြောင်များဟု သတ်မှတ်ခံရသည့် ထူးကဲချွန်မွန်သော ပုဂ္ဂိုလ်များသည် ကမ္ဘာ့ဥဒါန်းတွင်မူ မဟာလူကျော်များအဖြစ် ကမ္ဗည်းထိုးရလေသည်တည့်..။
(မှတ်စု)

(၄)
ဧကရာဇ်ဘုရင်ဒိုင်အိုနီရှပ်(Dionysius I or Dionysius the Elder (ca. 432–367 BC,)က လက်ထဲမှ ပုရပိုဒ်လွှာကို ယုယစွာ ကိုင်ရင်း တစ်စုံတစ်ဦးကို မျှော်နေခဲ့သည်။ ထိုပုရပိုဒ်လွှာတွင် ဘုရင်မင်းမြတ်ကိုယ်တော်တိုင် ရေးစပ်ပြီး ကိုယ်တော်တိုင် ကြိုက်နှစ်သက်လျက်ရှိပေသော ၊ ဇမ္ဗူတစ်လူမဟာ့ မဟာကဗျာများဟု စိတ်တော်သိ ဗောင်းတော်ညိတ်အမတ်များက ထပ်တလဲလဲ ချီးမွမ်းခြင်းအမှုပြုကြပေသော ခေါမလင်္ကာ မဟာကဗျာ ဆိုသဟာများရှိလေသည်။ ဘုရင်မင်းမြတ်က ကိုယ်တော်တိုင်ရေးထားသည့် ကဗျာအလင်္ကာကို ဖတ်လို့ မငြီးနိုင်အောင် ဖြစ်နေလေသည်။ သိပ်ကောင်းတဲ့ မဟာကဗျာပေပဲ...ဟဲဟဲ..။ ကောင်းဆို ငါရေးထားတာကိုး.. ဟီးဟီး..။ ကြောင်လင့်တေး ကြောင်လင့်တေး..။ သို့သော် ဘုရင်မင်းမြတ်က ကိုယ်တော်တိုင်ရေးထားသည့်ကဗျာများနှင့် ပတ်သက်၍ တစ်စုံတစ်ဦး၏ ထောက်ခံအသိအမှတ်ပြုမှုကိုတော့ အမှန်တကယ် တောင့်တနေပါသည်။

ဒိုင်အိုနီရှပ်ဧကရာဇ်က သာမန်စာရေးလေးဘ၀မှ စစ်ရေးစစ်ရာကျွမ်းကျင်မှုကြောင့် ကာသေ့ခ်ျရန်သူတော်တို့ကို အပြတ်အသတ်ချေမှုန်းနိုင်သော စစ်ဗိုလ်ချုပ်ကြီးဖြစ်လာပြီး သံခင်းတမန်ခင်းကျင်လည်မှုကြောင့် စစ္စလီကျွန်း၊ စီရာကျူရွှေနန်းရှင် ဘုရင်ဧကရာဇ်ဘ၀သို့ တက်လှမ်းခဲ့သူဖြစ်လေသည်။ အာဏာရှင်စစ်ဘုရင်ကြီးဘ၀ ရောက်လာသည့်ဒိုင်အိုနီရှပ်က တစ်ချိန်ချိန်တွင် ပြည်သူတို့က မိမိကို ရွှေနန်းမှ ဆွဲချလိမ့်မည် ဟူသော သံသယဖြင့် မသင်္ကာသူမှန်သမျှ၊ အတိုက်အခံမှန်သမျှကို သတ်ဖြတ်ညှင်းဆဲခြင်း၊ ထောင်သွင်း အကျဉ်းချခြင်းများကို မညှာမတာပြုလုပ်ခဲ့သည်။ သတ်ဖြတ်ခြင်းနှင့် ကွပ်ညှပ်ခြင်းတွင် သရဖူဆောင်းသည့် အာဏာရှင်ကြီးအဖြစ် ရာဇ၀င်မဲညစ်ခဲ့လေသည်။

သံသယရှိသူများအတွက် အကျဉ်းထောင် သီးခြားဆောက်လုပ်ကာ အကျဉ်းစံတို့၏ စကားကို ခိုးနား ထောင်နိုင်ရန် ထောင်နံရံများတွင် ဂလိုဏ်ပေါက်များပြုလုပ်ထားသည်။ စကားမှားရှာသည့် အကျဉ်းသမားအတွက် နေမထွက်တော့.။ဘုရင်မင်းမြတ်၏ မုတ်ဆိတ်ကျင်စွယ်ကို ရိတ်ဖြတ်ရသည့် လက်သုံးတော်ဆတ္တာသည်လည်း ကျုပ်ကို နှယ်နှယ်ရရလူ မမှတ်ပါနဲ့ဗျ၊ ဘုရင်မင်းမြတ်ရဲ့ လည်ပင်း နားကို ကျုပ်ဓါးက မနက်တိုင်း တစ်နေ့တစ်ကြိမ်ရောက်နေတဲ့လူပါဗျ ဟု စကားကြွား၍ အသတ်ခံဖူးသည်။ ထို့နောက် သမီးတော်များကို ဓါးအပ်ကာ မုတ်ဆိတ်မွှေးရိပ်ခိုင်းစေခဲ့ပြန်သည်။ သို့သော် ဓါးကိုင်ထားသည့် သမီးတော်များကိုလည်း စိတ်မချပြန်ပါ၊ သို့နှင့် သစ်စေ့များကို ပူအောင် ပြုလုပ်ပြီးမှ မုတ်ဆိတ်မွှေးများကို ပွတ်ပစ်ခိုင်းလေသည်။

ဘုရင်ဧကရာဇ်က အိပ်စက်လျှင်လည်း တစ်ကိုယ်တည်းအိပ်စက်သည်။ သူ့အိပ်ဆောင်ပတ်လည်တွင် ကျုံးတူးထားသည်။ ကျုံးကို ကူးရန် တံတားအရှင်ပြုလုပ်ထားပြး အိပ်စက်ရန် အိပ်ဆောင်ကူးပြီးသည့်အခါ ကိုယ်တော်တိုင် တံတားကို ခေါက်သိမ်းလေ့ရှိသတတ်...။အော် စိတ်မအေးဖွယ်..။

ဒိုင်အိုနီရှပ်ဘုရင်က စစ်ဘုရင်အာဏာရှင်ကြီးအဖြစ် အသတ်အဖြတ်ရဲသည့်တိုင် အနု ပညာမြတ်နိုးသူကြီး အဖြစ်လည်း တော်ဝင်မဟာကဗျာဟု ကိုယ်တိုင်အမည်ပေးထားသည့် ခေါမလင်္ကာများစွာကို ရေးစပ်လိုက် သေးသည်။ ဘုရင်မင်းမြတ်အပါးက မှူးကြီးမတ်ကြီးဆိုသူများကတော့ ဘုရင်မင်းမြတ်ရေးသမျှ ကောင်းလှောင့်တေး ကောင်းလှောင့်တေးကြသည်သာ..၊ ကန့်ကွက်ရန် အဆိုမရှိ ဘုန်းတော်ကြောင့် ဘယ်လိုရေးရေး ကောင်းမြတ်ကြောင်းပါ လုပ်ကြသည်ချည်း..။ သို့သော် ဘုရင်မင်းမြတ်က မကျေနပ်သေး..။ ပြည်သူကို သတ်ဖြတ်ညှင်းဆဲနေသည့်တိုင် ပြည်သူ့ရင်နှစ်သည်းခြာ မဟာကဗျာဆရာကြီးလည်း ဖြစ်ချင် သေးသည်။ ပြည်သူတို့ နှလုံးသည်းပွတ်ကဗျာဆရာက ဖီလိုဇီနပ်စ်(Philoxenus_of_Cythera) ဖြစ်သည်။ ဖီလိုဇီနပ်စ်သည်သာ ပြည်သူချစ်သော ပြိုင်ဘက်ကင်းကဗျာဆရာဖြစ်သည်။ ဖီလိုဇီနပ်စ်သာ ကိုယ်တော်ရေးထားသည့် ကဗျာကို ချီးမွမ်းထောက်ခံလျှင် ဘုရင်မင်းမြတ်သည်လည်း ပြည်သူ့ကဗျာစာဆို အလိုလိုဖြစ်ချေမည်..။

ဖီလိုဇီနပ်စ်ကို ဘုရင်မင်းမြတ်ကိုယ်တော်တိုင် ထောင်သွင်းအကျဉ်းချထားသည်။ ထောင်သွင်း အကျဉ်းချထားရသည့်အကြောင်းကလည်း ခိုင်လုံသည်။ ဧကရာဇ်ဘုရင် ကိုယ်တော်တိုင် ရေးထားသည့် ကဗျာအလင်္ကာကို အနှစ်သာရမရှိဟု ဝေဘန်ရက်ပေသည့် ငမိုက်သား..အကျဉ်းချထားစေ..။ ယခုတော့ အကျဉ်းစခန်းတွင် ကြပ်ကြပ်တည်းတည်း ဆင်းရဲငြိုငြင်စွာ နေရသမို့ ငမိုက်သားစာဆို နောင်တရလောက်ပေပြီ..။

ရှေ့တော်သို့ သွင်းစေ....။
ပြည်သူ့စာဆိုကား အ၀တ်အစားအသွင်အပြင် နွမ်းရိလျက်..၊ သို့သော် မျက်လုံးများက တောက်ပစူးလက်ကာ ပြုံးရိပ်ထင်နေသည်။ ကဗျာစာဆိုမှလွဲ၍ နန်းရင်ပြင်တစ်ခုလုံး၏ ဗဟိဒ္ဓအသွင်အပြင်က ရတနာမျိုးစုံ ပိုးဖဲကတ္တီပါအရောင်တို့ဖြင့် ဖိတ်ဖိတ်လက်နေသည်..။ မင်းပရိသတ်စုံလင်ချေပြီ...။ ဘုရင်မင်းမြတ်က ပုရပိုဒ်လွှာမှ ကိုယ်တိုင်ရေးမဟာကဗျာကြီးကို ကိုယ်တိုင်ပင် ရွတ်ဖတ်လေတော့သည်...။ နန်တော်ရင်ပြင်ကြီးတစ်ခုလုံး ပိုးပုဝါလေတိုးသံလေးပင် ကြားအံ့မထင်..။ ဘုရင်းမင်းမြတ် ရွှေစိတ်တော်ညိုလျင်ဆိုသော အရိုးစွဲ ကြောက်စိတ်က ရွှေနန်းခန်းမကြီးတွင် အေးစက်နေမြဲမဟုတ်လား..။

ဒိုင်အိုနီရှပ်ဘုရင်ကြီး၏
အော့နှလုံးနာဖွယ်ရာ ကဗျာရွတ်ဖတ်သံများ...........
z,o.$#%@^&uryhbnl;nbfdw...bbbnmiill.,/,;!@#$%

ကဗျာအလင်္ကာ ဘယ်အချိန်ဆုံးလေသည် မသိ..။ ဘုရင်မင်းမြတ်ရွှေနှုတ်တော်မှ အသံတိတ်သွားလျှင် လက်ခုပ်တီးဖို့အဆင်သင့်ပြင်ထားကြသည့်အတိုင်း (လုပ်တတ်ပါ့..) ရွှီး ရွှီး ....ဖြောင်း ဖြောင်း ..... ကောင်းချီးပေးသံများ...။ တစ်ချို့ အကဲပိုသူများက ဘုရင်မင်းမြတ်မြင်အောင် ဦးထုပ်ခေါင်းစွပ်များပါ မြှောက်ပြကြသည်။ ကြိုက်ပါတယ် ကောင်းပါတယ်ပေါ့...။ ဘုရင်ကလည်း လူအ,တော့ မဟုတ်...။ သိပေမယ့် ခံလိုက်ကွာ..။

ဒိုင်အိုနီရှပ်ကြီးအလိုရှိသည်က ထိုလက်ခုပ်သံများမဟုတ်.. ဖီလိုဇီနပ်စ်၏ ထူးကဲပါပေသည် ဟူသော ပညာရှင်မှတ်ချက်စကား..။ စိတ်နှလုံးအတွင်းသားက ပါသော အဇ္ဈတ္တအရိပ်ထဲက စကား...။ ဘုရင်ဧကရာဇ်က ကဗျာစာဆိုကြီးကို တစ်ချက်ကြည့်လိုက်သည်.။ ဖီလိုဇီနပ်စ်ကား ငြိမ်ဆိတ်လျက်..၊ ''ဒီငနဲ တစ်ခုခုတော့ ပြောလိုက်ဖို့ ကောင်းတယ်..။ ဒါ သူ့အတွက် အခွင့်အရေးပဲ..၊'' နောက်ဆုံးတော့ ဧကရာဇ်ကြီးက မနေနိုင် ..
'' ဘယ်လိုလဲ စာဆိုကြီးရဲ့ ငါကိုယ်တော်မြတ် ရေးတဲ့ မဟာကဗျာ......'' စကားမဆုံးလိုက်ခင်..။ ကဗျာစာဆိုက နောက်မှာ ရှိသည့် အရာရှိများကို လှည့်ကာ
''ကဲ အရာရှိမင်းတို့ ကျုပ်ကို အကျဉ်းထောင်သာ ပြန်ပို့ကြပေတော့ ''..။

သည်တစ်ခါတော့ အာဏာရှင်စစ်ဘုရင်ကြီးလည်း မိမိထက် ပိုကြောင်သော ကဗျာစာဆိုကြီးကို ကြည့်ကာ တ၀ါးဝါး တဟားဟားရယ်ရင်း အရှက်ဖြေရတော့သည်။
'' လွှတ်လိုက်ကြပါကွယ်တို့ရယ် ဒီငနဲက လူကြောင်ပါ '' ဟူသတတ်..။
ထိုနည်းနှင်နှင် မန္တလေးရတနာပုံနေပြည်တော်ကြီး၏ နန်းရင်ပြင်တွင်လည်း လူကြောင်ကြီး တစ်ဦးရှိခဲ့ဖူးလေသည်တကား..။

ဆက်ရန်...


08 March, 2011

ဒီပလိုမေစီကြောင်ဋီကာသစ်(၂)

ညောင်ကန်ဆရာတော်ဦးဗုဓ်က ခေတ်ပြိုင်မြင်းဝန်ဆရာတော်ကို ငယ်နာမည် ရွှေသီးဟုသာ ခေါ်ဝေါ်လေ့ရှိသည်။ ဤသည်ကို မြင်းဝန်ဆရာတော်က တင်စီးလွန်းသည်ဟု ထင်သည်။ သို့သော် တစ်ခါသားတွင် မြင်းဝန်ဆရာတော်မကြံဆနိုင်သည့် ပိဋကတ်စာပေ(မဏိဒီပကျမ်း)မှ အချက်တစ်ချက်ကို ဆရာတော်ဦးဗုဓ်က တိကျပီပြင်စွာ ရှင်းပြခဲ့သည်။

မြင်းဝန်ဆရာတော်က တပည့်များအား မိန့်မှာသည့် စကားကို နားထောင်ပါလေဦး...'' ဆရာတော်ဦးဗုဓ်က ကျုပ်ထက် အသက်ရော သိက္ခာပါ လွန်စွာ ကြီးလှသေးသည် မဟုတ်။ ပရိသတ်အလယ်မှာ ကျုပ်ကို ရွှေသီး ရွှေသီး ဟု ခေါ်နေသည်ကို ရှေးက ကျုပ်မနှစ်သက်ချင်ဘူးဗျ။ ခု မဏိဒီပနဲ့ စမ်းလိုက်မှ ကျေနပ်နှစ်သက်ကာ ကြည်ညိုလာတော့တယ်။ နောက်နောင် ရွှေသီး မကလို့ ခွေးသီးခေါ်ခေါ် အကြည်ညိုမပျက်တော့ဘူးဗျား'' ဟူသော..။

ပျို့ ကဗျာ လင်္ကာနှင့် ကျမ်းဂန်အမျိုးမျိုး ပြုစုရာတွင် နာမည်ကြီးလှသည့် မုံရွေးဆရာတော် အရှင်အာဒိစ္စရံသီ ကိုလည်း ဦးဗုဓ်က '' သဘင်သမားကြီး'' ဟုသာ ခေါ်လေ့ရှိတတ်ပါသည်။ နှစ်ပါးဆုံသည့်အခါတိုင်း '' သဘင် သည်ကြီး ဘာဇာတ်တွေများ ကနေတုန်းဗျ'' ဟု ဦးဗုဓ်က မေးလျှင် မုံရွေးဆရာတော်ကလည်း '' ကုသဇာတ်၊ ဥတေနဇာတ်များကို မြိုင်မြိုင်ဆိုင်ဆိုင် ခင်းကျင်းနေပါကြောင်းဗျား '' ဟု ခပ်သောသော ဖြေတတ်မြဲပင်..။ ဤသို့ ဆရာတော်ဦးဗုဓ်က နှစ်ပါး'ဆုံရာတွင် ရွှန်းတတ်သော်လည်း ကွယ်ရာတွင်မူ 'မုံရွေးဆရာတော်စာပေနှံ့စပ် ကြောင်းကို ရာဇောဝါဒကျမ်းကို ကြည့်က သိကြလိမ့်မည် '' ဟု ချီးမွမ်းလေ့ရှိသတတ်..။

ကျမ်းတတ်အကျော်ပြည်ဆရာတော်ဖြစ်လာမည့် ညောင်ကန်မှ ငယ်ရင်းမိတ်ဆွေရဟန်းကို ပြည်မင်းသားက ကျောင်းဆောက်ကိုးကွယ်ရန် ပင့်စဉ်ကလည်း ဦးဗုဓ်က ငယ်နာမည်ကို ခေါ်ကာ '' မောင်ကျီး မင်းကို မင်းသားက ပင့်ပြီး ကိုးကွယ်လို့ မင်းဆရာတော်ဖြစ်ပြီ။ သို့သော် ဘုရားအလိုတော်အတိုင်း ကျင့်မှ ဘုရားသားတော်ဖြစ်မည်။ မင်းလိုလိုက်၍ ကျင့်လျှင် မင်း၏ သားသာ ဖြစ်လိမ့်မည် '' ဟု ခပ်စပ်စပ်လေး သတိပေးမိန့်မှာခဲ့ဖူးသည်။

ရှေးရှေးသော ပညာရှင်ဆရာတော်ကြီးများသည်လည်း လောကီဝေါဟာ ရင်းနှီးစွာသော စကားအနှုံးများကို သုံးစွဲခဲ့ကြရိုးပေတည်း...။

(၃)

ဦးဗုဓ်ဆိုသည်က မြန်မာ့သာသနာဝင်မှတ်တမ်းတွင် ''ဗုဓ်အစ (ဗုဒ္ဓအရှင်) ဗုဓ်အလယ် (ဗုဒ္ဓအရှင်နှင့် သာဝကအဆူဆူတို့၏ တရားဓမ္မများကို အနက်အဓိပ္ပါယ်ဖွင့်ဆိုကာ အဋ္ဌကထာကျမ်းများကို ပြုစုတော်မူခဲ့သော အရှင်မဟာဗုဒ္ဓဃောသ) ဗုဓ်အဆုံး( ညောင်ကန်ဆရာတော်ဦးဗုဓ်)'' ဟု ဂန္ထ၀င်အဖြစ် စံတင်ရစ်အောင် ပြောင်မြောက်ခဲ့သည့် ကျမ်းပြုဆရာကြီးတစ်ဆူဖြစ်လေသည်။

ပိဋကတ်စာပေများကို မြန်မာစကားပြေဖြင့် နိသျပြန်ဆိုရာတွင် ပြိုင်ဘက်ကင်းခဲ့၏။ သက်တော်ငါးဆယ့်ငါးတွင် ခန္ဓာဝန်ချ၍ လွန်တော်မူရာတွင် သာသနာတော်အတွက် ကျမ်းပေါင်းငါးဆယ်တိတိ ပြုစုချန်ထားနိုင်ခဲ့၏။ သွေးဝမ်းသွန် ဒူလာရောဂါ နှိပ်စက်သဖြင့် ကုဋီ (အိမ်သာ)ထဲမှ မထွက်နိုင်အောင် ပင်ပန်းခဲ့သော်လည်း ကုဋီ (အိမ်သာ) နံရံတွင် ကျောက်သင်ပုံးကြီးချိတ်ကာ ကျမ်းဂန်တစ်စောင်ကို အပြီးသတ်ရေးသားနိုင်ခဲ့သည်အထိ ၀ီရီယဓါတ်နှင့် ခန္တီအား ကြီးမားခဲ့လေသည်။ ကျမ်းဂန်တတ်ပွန်သည်နှင့်အမျှ လောကီအရေးနှင့် ဓမ္မအရေးမရောယှက်ဘဲ သာသနာ့မျက်နှာတစ်ခုတည်းသာ ကြည့်တတ်သည့် ဆရာတော်ကြီး တစ်ပါးအဖြစ်လည်း ဘကြီးတော်စစ်ကိုင်းမင်း၊ နန်းမတော်မယ်နုနှင့် သာယာဝတီမင်း( ကုန်းဘောင်ရွှေဘိုမင်း) တို့ နိုင်ငံ့အရေးရှုပ်ထွေးေ၀၀ါးခဲ့ရာ ကုန်းဘောင်ခေတ်လယ်သမိုင်းတွင် အထင်းသား ရပ်တည်ခဲ့လေသည်။

အထက်အညာကျေးလက်ရှိ မိဘရင်ခွင်မှ မြို့တော်သို့ စုန်ရလေသည့် လော်ကယ်ရထားခရီးစဉ်တွင် ဧရာဝတီမြစ်ပြင်ကို ဖြတ်ကာ စစ်ကိုင်းတံတားကြီးကို ကျော်ဖြတ်ရလေတိုင်း ဆရာတော်ဦးဗုဓ် သီတင်းသုံးတော်မူခဲ့ရာ နန်းမတော်မယ်နုအုဋ္ဌ်ကျောင်းကြီးကို လွမ်းတစွာ ငေးမောတတ်ခဲ့မြဲ....။ သူ့ငယ်ဘ၀နေရက်များမှသည် ယခုမက်နေဆဲ အိပ်မက်များထိ ဦးဗုဓ်သည် ဘယ်တော့မှ ပြိုမကျခဲ့လေသော စံမုခ်ဦးကြီးဖြစ်သည်။

သို့သော် ထိုမုခ်ဦးတွင် သူက မှီရပ်နေရုံမျှသာ ဖြစ်သည်။ မုခ်ဦးတံခါးကို ခေါက်နိုင်စွမ်းရှိလောက်အောင်ပင် သူက မကြောင်ရဲ...။ ဦးဗုဓ်က ကုန်းဘောင်သမိုင်းတွင် နီစွေးအောင် ခပ်ရဲရဲ ခပ်မာမာ ကြောင်ခဲ့ဖူးသေးသည်။ ဗီဇအားဖြင့်ငယ်စဉ်ကတည်းက ကြောင်ခဲ့ဖူးလေသော ကိုရင်လေး မောင်ဗုဓ်ဘ၀မှ ထူးမြတ်ချွန်မြသော သာသနာ့အာဇာနည်ကြီးဖြစ်ခဲ့လေသည်က အမှန်ပင်..။
အော် ကြောင်တာက ဘယ်နှစ်မျိုးရှိပါလိမ့်...။ ဆိုးကြောင် .. ကောင်းကြောင်...ကြောင်ရူး ကြောင်ထူး...။
အဲ ကြောင်ဝက် ကြောင်ပြည့်..။
(ဂေါက်ကြောင် ဆိုသဟာကိုတော့ ဤဋီကာသစ်က တို့ထိလိမ့်မည် မဟုတ်...)

အနောက် ဥရောပဒေသ၊ တိုင်းဇာမဏီပြည်၊ ဟန်းဘတ်မည်ပေသော ၀ိဿဝိဇ္ဇာလယ (တက္ကသိုလ်ကြီး)မှ ဂန္ထန္ထရ စာပေ ကျမ်းအဆူဆူ၊ ပညာရှင်ပါရဂူကြီးအဖြစ်၊ ဒီလစ်ဘွဲ့ထူး ဆက်ကပ်၊ ပူဇော်ခြင်း ခံရအပ်ပေသည့် ဒကာတော် ဒေါက်တာသခင်ကိုယ်တော်မှိုင်းကြီး၏ ဘွိုင်းကောက်ဋီကာ၊ ဂဠုန်ပျံဋီကာ။ ဒေါင်းဋီကာ၊ခွေးဋီကာ ကြာဋီကာ...အဖြာဖြာသောကျမ်း အဆန်းထွင်သမျှကို အားကျငန်းငန်း တလွမ်းလွမ်းဖြစ်လေရကား သညာအားဖြင့် ဒစ်ပလိုမေစီ ကြောင်ဋီကာသစ်မည်ပေသည့် ဤမည်သောစာလက်တစ်သစ်ကို ဆက်လက်ရေးခြစ်လိုလှသော၊ မြမ္မရဋ္ဌ ရွှေပြည်မဟာကြီးလျှင် ဖွားရာဇာတိရှိ၍ မဇ္ဈိမဒေသ ဗာရာဏခရိုင်လျှင် နေထိုင်ရာပ၀တ္တိရှိပေသော ငါဆရာသည် ကွန်ပြူတာကီးဘုတ်ထက် လက်ကွက်များ ပျက်လောက်အောင် တချက်ချက်နှိပ်ပေတော့အံ့သတည်း။။။

ဆက်ရန်





06 March, 2011

ဒစ်ပလိုမေစီကြောင်ဋီကာသစ်(၁)

နီရိုး

အနုပညာဝါသနာပါတာတော့ မဖြစ်နိုင်ဘူး
တယောထိုးလိုက ထိုးစေ
ငကြောင်

မိနှောင်း

(၁)
ှဗာရာဏသီမိဂဒါဝုန်လမ်းထဲတွင် ဆောင်းခိုနှင်းများက ကျောပိုးအိပ်ပြင်ကြပြီ။ သူ့အခန်းကျဉ်းလေးကို နွေခေါင်ခေါင် ဒီဂရီ တစ်ရာ့ရှစ်အနီးမှာ ထီးတည်းကြီးထားခဲ့တော့မည်။ ဆောင်းနှင့်နွေတို့အကြား သံတမန်စကား မထား.. စာချုပ်စာတမ်း မကမ်းလှမ်းကြလေရောထင့်.....။ ဆောင်းသွန်လေက နွေရွက်ခြောက်များပေါ် ချွတ်နင်းလျှောက်ခါ ဥသြဂီတကို ပူးကပ်ရှောင်တိမ်းခိုက်တွင် သူ အိပ်စက်နေရင်း ချွေးတပြိုက်ကျရသည်။ ဆောင်းအရိပ်က မကုန်သေး. စောင်ခြုံတော့လည်း မအေး၊
ဟ...ဟတ် .. ဟတ်ချိုး....။ နေ့ပူညချမ်း တပေါင်းလဆန်း..ဆိုပဲ။

ဆေးရုံဆင်းပြီး နာလန်ထစ နေ့ရက်များတွင် သူ တခုတ်တရအားထုတ်ဖြစ်သည်က သူ့စာအုပ်စားပွဲလေးပေါ်မှာ ရှိသမျှ စာအုပ်မှန်သမျှကို တဖျောက်ဖျောက်ဝါးနေမိခြင်းဖြစ်သည်။ စာအုပ်မြတ်နိုးသူကြီး စာကြမ်းပိုး(ဂျပိုး)ကြီး(BOOK WORM)ဂိုက် အပြည့်ဖမ်းနေခြင်းပေလား ။ ငကြောင်...။ ဟိုမှာ ရောမမြိုကြီးက ပြာကျလုပေါ့...။ လက်ထဲမှ ဖတ်လက်စ စာအုပ်က ပြုတ်ကျသွားသည်။ သည်ရက်ပိုင်းတွင် သူ့စိတ်နှလုံးကို တဒုန်းဒုန်းကလိနေသော ကဗျာ....။ နီရိုး ....။
ရာစုသစ်ကာဗျဝိဒူ မိနှောင်း တဲ့...။ သူငယ်စဉ်က သင်ယူလေ့ကျက်ခဲ့ရဖူးသော သုဗောဓာလင်္ကာရ ပါဠိစာပေအလင်္ကာ ကဗျာဘုတ်အုပ်ကြိးကို မမှတ်မိ မသိရှိလေတော့၍ ဘာ ဂုဏ်မြောက်ကြွကာ ဘယ်အလင်္ကာ တောက်ပလေသနည်း မေးငြားအံ့ ...ဟင့်အင်း ရိုးသားစွာ ...။ အော် ကြောင်ပေစွ..။

သူပြောင်လျှင် ခေါင်ကွန့်လို
ကြောင်ဝံ့တဲ့ သူပါ။

ဦးပုည

(၂)

ရဟန်းတော်များလောကတွင် ငကြောင် ဟူသော ဝေါဟာရကို တရားဝင်သုံးစွဲရန် အဆင်ပြေလိမ့်မည် မဟုတ်မှန်း သူသိသည်။ သို့သော် ခေတ်အဆက်ဆက် ပညာရှင်ဆရာတော်များအချင်းအချင်း အရပ်သုံးစကား( COLLOQUIAL LANGUAGE) ဖြင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းစွာ ဆက်ဆံပြောဆိုခဲ့ကြဖူးသည်ကို အမှတ်ရသည်။ ကုန်းဘောင်ခေတ် ညောင်ကန်ဆရာတော်ဦးဗုဓ်၏ အတ္ထုပ္ပတ္တိကထာကို ဖတ်ရှုလျှင် လှပသော ပြောကွက်လေးများကို ကြည်မွေ့နိုင်သည်။ ထိုခေတ်ဆရာတော်များက တစ်ပါးနှင့် တစ်ပါး ရဟန်းဘွဲ့သညာကို ခေါ်ဝေါ်ခြင်းမရှိဘဲ ငယ်ဘ၀လူနာမည်ကိုသာ အာလုပ်ပြုကြရိုးရှိသည်။

ညောင်ကန်ဆရာတော်၏ ဘွဲ့တော်က အရှင်စက္ကိန္ဒဖြစ်သည်။ ငယ်မည် မောင်ပုပ်(မောင်ဗုဓ်)သာ ထင်ရှားပြီး ဆရာတော်ကြီးဦးဗုဓ်ဟု တွင်ကျယ်ခဲ့သည်။ ကုန်းဘောင်ရှာပုံတော်ကို ပြုစုသူ စာရေးဆရာကြီး ညိုမြကတော့ စကား ဘုကျကျ ခွကလန့် ပြောတတ်သဖြင့် '' ဦးဘု'' ဟု ခေါ်လျှင် ပိုမိုသင့်တော်လိမ့်မည် ဟု မှတ်ချက်ချသည်။

(ဆက်ရန်)