02 August, 2011

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ (၉)

ကျွန်တော်ကရော ဘာများတတ်နိုင်ပါဦးမည်နည်း (ဗန်းမော်တင်အောင်)

(၁)

''မောင်ပဇင်းရေ॥ ဒီတစ်ခေါက်လည်း ရွာကို အရောက်ကြွခဲ့ဖို့ အားလုံးက မျှော်နေကြလေရဲ့.. ယမန်နှစ်တုန်းကလိုမျိုး အထူးတရားပွဲကြီးလည်း မပျက်မကွက် ကျင်းပလိုကြပြန်သေးသတဲ့ဘုရား..။ ရွာဆွေမျိုးရပ်ဆွေမျိုးစုံအောင် ဖိတ်ပြီး မောင်ပဇင်း ဒိသာပါမောက္ခကြီးဖြစ်ပြီးမှ ဟောတဲ့ တရားဦးကို နာချင်ကြလို့မို့ဂေါပကလူကြီး မောင်မြသန်းတို့ စာကြည့်တိုက်မှူး မောင်သောင်းရွှေတို့က အသစ်တက်လာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကြီးနဲ့ တိုင်ပင်ပြီး မောင်ပဇင်းရဲ့ နိုင်ငံတကာဘွဲ့တွေအပြင် ဒိသာပါမောက္ခဆိုတာကြီးရော ပြီးတော့ ပြည်တွင်းပြည်ပ သာသနာပြု ဆိုတာကြီးရော ဆိုင်းဘုတ်ရေးပြီး ထောင်ကြတော့မတဲ့ ဘုရား..''

ဤကား ဤသည်ကား ဤမည်သောစကားသည်ကား လွန်ခဲ့သော တစ်ပတ်ခန့်ဆီက အထက်အညာစစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုဒိစတြိတ်ခရိုင်၊ကန့်ဘလူနဂရ၊အက်ဖ်ထီကေဂါမတွင် နေထိုင်လျက် ရှိပေသောမွေးသဖခင် ကျေးဇူးရှင်ကြီးနှင့် စီဒီအမ်အေမည်သော အသံခွက်ထဲမှ ပေါ်တစ်ချက် ပျောက်တစ်ချက် စကားပြောခွင့်ရသည်တွင် အီးယားဖုန်း(Ear phone ) နားဖြင့် ပြုံးပြုံးကြီး ကြားရပေသော အနုသန္ဓေကထာစကားပေတည်း။

လွန်ခဲ့သော နှစ်က မွေးရပ်မြေရွာလေးသို့ ခဏတာ ပြန်ကြွခိုက် နိုင်ငံတကာ (၇) ဘွဲ့ရ ကမ္ဘာကျော်အထူးတရားပွဲဆိုသဟာကို ရပ်သူရွာသားတို့ကို အလွန်ချစ်သဖြင့်သာ ဇွတ်နှစ်၍ ဟောခဲ့ရသည်။ သို့သော် ထိုတရားပွဲသည် ပေါက်ခဲ့လေဟန်တကား..။

အရှေ့ (၇) ရွာ၊ အနောက် (၇) ရွာ စည်းရိုးကို ကျော်ခွ၍ မြို့ပြနယ်နိမိတ်၊ ကမ္ဘာ့ဝန်ရိုးစွန်းနှင့် စကြာဝဠာအနားရေးသို့တိုင် ပြန့်နှံ့ခဲ့လေဟန် လေလုံးထွားကြသည့် သူ့အဆွေတို့ သဘော၊ သူ့အမျိုးတို့ မနောကို သူကား ပြုံးပြုံးတုံ့တုံ့၊ မြုံ့မြုံ့မိန့်မိန့်ကြီး လုပ်နေရုံမှ လွဲ၍ ဘာမှ မတတ်နိုင်ခဲ့လေပြီ..။

ထိုမည်သော ကမ္ဘာကျော်မဟာအထူးတရားပွဲကြီးတွင် ရပ်သူရွာသားတို့ အကြိုက်၊ ပရိသတ်စိတ်အလိုကို လိုက်၍ တရားခေါင်းစဉ်ကို ခပ်မိုက်မိုက် ခပ်လန်းလန်း၊ အဆန်းထွင်ကာ ပေးခဲ့ရ၏။ (ထိုတရားအမည်ကို ဤနေရာ၌မဖော်ပြလိုတော့ပေ)။ တရားသားခပ်နည်းနည်းတွင် ဘာသန္တရမည်သော နိုင်ငံရပ်ခြား စကားအမျိုးမျိုးကို ဆိုင်ဆိုင်မဆိုင်ဆိုင် ထည့်ပြောပေးရ၏။

ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ။ သတိပဋ္ဌာန်ရှုမှတ် ပွားများအပ်သော ဘာဝနာသည်သာ တစ်ခုတည်းသော နိဗ္ဗာန်ခင်းလမ်းပေတည်း ဟု လူကြီးသူမများအကြိုက် ဒေသနာပါဠိကို အသံနေအသံကျ ဓမ္မကထိကဟန်ပြကာ ရွတ်ဖတ်သရဇ္ဈာယ်ပြီးခိုက် ကိုလ်ကတ္တားမြို့တော်က ဟောင်ရာဘူတာရုံကြီးသည် စင်္ကြန် ပလက်ဖောင်း နှစ်ဆယ်ကျော်ခန့်ရှိကြောင်းသို့ လမ်းပြောင်းပေးရပြန်လေ၏။

သံသရာဝဋ်ဆင်းရဲတို့မှ လွတ်မြောက်ရာ နိဗ္ဗာန်သည်သာ အမြင့်ဆုံးအမြတ်ဆုံးပေတည်း ဟု လမ်းညွှန်ပြီးသကာလ မလ္လာယုကျွန်းက မျှော်စင်ညီနောင်နှင့် သီဟပူရမှ ချားရဟတ်(Flyer)တို့၏ အနိမ့်အမြင့် အကွာအဝေး ရှုခင်းသေးသေးလေးများကို မြင်ရကြောင်းကို ရပ်သပ်ရှုမော ကျောတစိမ့်စိမ့် ခေါင်းတညိတ်ညိတ်ဖြစ်အောင် လင်းရပြန်လေ၏။

ထိုမျှသာမကသေး...ကွန်ပြူတာတော်ကြီးတချက်ချက်ဖြင့် ဓမ္မစက်လှည့်သည်ကို ဖူးမြင် လိုလှသော ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတို့၏ အဇ္ဈာသယ အလိုဆန္ဒကို ဖြည့်ဆည်းရသည်မှာလည်း သူ့အတွက် အကွက်ဆိုက်လှပေ၏။ တရားဟောရင်း စာမေ့မည်ကို စိုးရိမ်ဖွယ်မရှိပြီ॥။ အော် နိပ်လှပေစွ...။ အာဂုံရမှ အာဂလူဟူသော မီမိုရိုက်ဇေးရှင်း(Memorization)နံရံကြီးကို ခေတ်က မလိုအပ်တော့ပြီ ဟု ဦးစွာ အစ ဆိုမိန့်ကြပေသော ကွန်ပြူတာဓရအရှင်ကောင်းတို့၏ ကျေးဇူပါပေတည်း။ စွမ်းရာ စွမ်းရာ သာသနာပြုကြစေ...။ ပိဋကတ်ဆောင်တော့ ပိဋကဓရ။ ကွန်ပြူတာဆောင်တော့ ကွန်ပြူတာဓရပေပ...။

(၂)

လက်မွန်မဆွ ဓမ္မဒူတအရှင်မြတ်ကြီးကတော့ ဓမ္မကထိကဟူသည် အိုးခြမ်းကွဲများကို ရေလောင်းသည်နှင့် တူသည်ဟု ပမာပုံသေ ဆိုခဲ့ဖူးပေ၏။ သူ့တရားပွဲသို့ အားခဲလာကြပေသော သပ္ပုရိသအပေါင်း အကောင်းစားပရိသတ်ကြီးသည်ကား အဆင့်မြင့်ဓမ္မကထိကဟူသော အမြင်တွင် ဆွေသံယောဇဉ် မိျုးသံယောဇဉ် အနွယ်ငင်ခြင်းဟူသော အကြောင်းတစ်ရပ် ပေါင်းစပ်လျက် အားတက်သရော တသောသော စုဝေးမိခဲ့ခြင်းသာဟု သူကတော့ နားလည်ခဲ့ပါလေသည်။

လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကိန်းဂဏန်းများစွာ ဘုန်းသမ္ဘာ ပါရမီတော်တို့ကို အသက်သွေးချွေး နှလုံးသားကို ပေး၍ ဖြည့်ကျင့်တော်မူခဲ့ရပေသည် သဗ္ဗညူရွှေဉာဏ်တော်ရှင်၏ သယမ္ဘူလက်ဖြစ် ဓမ္မစစ်ဓမ္မခန်ကို အမှန်နာယူလိုကြပါသလော စောကြောဖွယ်အတိ သံသယ ရှိလေသည်မှာ သေချာသလောက်ဖြစ်ရဘိချေသည်။

ဟိ သစ္စံ၊ ထိုစကား မှန်လှပေစွ။ ဓမ္မကထိက၏ ရှေ့မှောက် စုဝေးရောက်လာကြပေသော သူ့ဆွေတော်ရှစ်သောင်းမျိုးတော်ပေါင်းတို့သည်ကား ဓမ္မကို အခြေခံသည့်တိုင် အင်ဖော်မေးရှင်း(Information)သတင်းစကားကိုလည်း ကြားချင်၊ အင်တာတိန်မင့် (entertainment)တ၀ါးဝါးကိုလည်း ဟားချင်ကြပေသေး၏။

မစ္စတာတော်ဖလာမည်သော သကောင့်သားပညာရှိ၏ တတိယလှိုင်း(Third Wave)အရွေ့သမယ နည်းပညာယုဂခေတ်ကြီးတွင် အင်ဖိုတိန်းမင့်(Infotainment)နှင့် အက်ဂျူတိန်းမင့်(Edutainment)ဆိုသဟာတို့ဖြင့် ပရိသတ် စုကြရလေသည်ဖြစ်ရကား ဓမ္မဂင်္ဂါမောင်ရှင်တစ်ပါးအနေဖြင့် ဓမ်ဖိုတိန်မင့်(Dhamfotainment) နည်းနာ သဘောဖြင့် သောသောရုတ်ရုတ် မဆုတ်မနား စကားပေါက်ပေါက် သကြန်အမြောက် လုပ်ခဲ့ရချေသည်မှာ မဃဒေ၀လင်္ကာသစ်ဆရာရှင်၏ ''တရားတရား တဟားဟားဖြင့်'' ဟူသော ကနဦးဗျာဒိတ်ကို ဖြည့်ဆည်းပုံရိပ်ဖော်ခဲ့ရလေဟန်တည်း။

ထို့ထက် ထို့ထက်အလွန် စိတ်နယ်ကျွံအောင် မျက်နှာပူစေသော အကြောင်းတစ်ရပ်မှာကား နိဗ္ဗာန်ဆော်ဖိုးလေးမြ၏ မဟာကောင်းမှုကြောင့် ဓမ္မကထိကပလ္လင်တော်ရှေ့မျက်နှာစာ ဓမ္မပူဇာစင်မြင့်ထက်ဆီက သဒ္ဓါထက်သန်စွာ လှူဒါန်းကြပေသော ကန်တော့ပွဲများပေတည်း...။

ဘူးသီးခြောက် ဘူးသီးစို၊ဘူးသီးပျို ဘူးသီးနု ၊ ဘူးသီးပု ဘူသီးကွေး၊ ထွေးထွေးပြားပြား၊ ထွားထွားကျိုင်းကျိုင်း၊ အပြိုင်းပြိုင်းသော ဘူးသီးပုံကြီးသည်လည်းကောင်း၊၊ သုံးလုံးပုတီး ကိုးလုံးပုတီး၊ သုံးဆယ့်နှစ်လုံးပုတီး တစ်ရာ့ရှစ်လုံးပုတီး၊အဓိဋ္ဌာန်ပေါက်ပုတီး၊ စိတ်အကြံမြောက်ပုတီးများသည်လည်းကောင်း၊ ပရိတ်ချည် ပရိတ်ကြိုး ပရိတ်အိုး ပရိတ်သဲများသည်လည်းကောင်း။ သံပုရာလျက်ဆား၊ လေမျိုးရှစ်ဆယ်လျက်ဆား ၊လေပုပ်ထုတ်လျက်ဆား၊၊ ကိုးဆယ့်ခြောက်ပါး မနားတမ်းပျောက်စေသော လျက်ဆား၊ ထိုထိုဤဤ အလီလီသော လျက်ဆားထုပ် လျက်ဆားဗူးများသည်လည်းကောင်း ချွန်ထက်သောအပ်စူးဖြင့် ထိုးဘိသကဲ့သို့ သူ့မျက်လုံးများကို ၀ိုးဝါးစေခဲ့တော့သည်တကား॥။

အော်ဖြစ်ရလေ... ဘီအေ (ဘူးသီးစင်) ဘီအေ (ပုတီးအိတ်) ပရိတ်ချည် လျက်ဆား ဟူသော ဖိုးလေးမြ၏ နိဗ္ဗာန်ဆော်စကားကြောင့် စိတ်အားထက်သန် သဒ္ဓါဥာဏ်ကွန့်ကြလေသော သူ့အဆွေ သူ့အမျိုးတို့၏ ရိုးစင်းလှသော အဖြူထည်နှလုံးကို ပြုံးရမလို ငိုရမလို ဘာလိုလိုကြီးဖြစ်ခဲ့ရသေးသည်မှာ သူ့ဝမ်းနာ သူသာသိ မချိသွားဖြဲ မျက်ရည်ဝဲကြီးပါပေ॥။

အော် သဗ္ဗညူဘုရားရှင်သော်မှ ဝေနေယျတို့အကြိုက်ကို စရိုက်နှင့်လျော်အောင် အလိုလိုက်ကာ သည်းခံရပေသေးသည် မဟုတ်တုံဘိလော။ သို့ဆိုလျင် ဗန်းမော်တင်အောင် မည်သော ကလောင်နီ၊ဘောပင်နီ၊ ယခုခေတ်အလို ကွန်ပြူတာကီးဘုတ်လက်ကွက်ပင် နီလောက်သည့် ရဲရဲတောက်ဂန္ထကာရကစာရေးဆရာလင်းယုန်ကြီး၏ စကားဝါကျကိုသာ အလှူခံသုံးစွဲရချေသော်........သူ့လို အနုညာတမောင်ရှင်ကား ဘာများတတ်နိုင်ပါဦးမည်နည်း॥။

ဓမ္မဂင်္ဂါ

1 comment:

မော်ကွန်းသစ် said...

fB ထက် ဒီမှာ ဖတ်ရတယ် ပိုအရသာရှိသလိုပဲ....