23 September, 2011

အိုင်ပက်မရှိ.. ဒုက္ခမရှိ..

မိုးရွာနေတယ်...။ လေညင်းက ခပ်နော့နော့မို့ အခန်းတံခါးကို ပိတ်ပြီး ပြန်အိပ်ဖို့ စဉ်းစားမိတယ်...။ ကျကွဲသွားတဲ့ အိုင်ပက်တူး သင်္ခါရကို ဆင်ခြင်မိတော့ နှမျောတယ်...။ စင်ကာပူဖူနန်မောလ်ထဲမှာ အိုင်ပက်ကို ၀ယ်ပြီးမှ ဗာရာဏသီရောက်ရင် အဆင်ပြေပါ့မလား တွေးပူခဲ့ရသေးတယ်..။ ဗာရာဏသီဆိုတာ ယဉ်ကျေးမှုအရ ဂန္ထ၀င်မြောက်ပေမယ့် နည်းပညာအရတော့ ခပ်နှေးနှေးမို့ ၀ိုင်ဖိုင်စနစ်မရှိရင် အိုင်ပက်ပေမယ့် ငါးရမှာမဟုတ်ပေဘူး..။

ရွှေပြည်ကြီးရောက်တော့လည်း မိတ်ဆွေရဟန်းတော်အချို့က သူ့ကို အားတက်ဖွယ်စကားစနဲ့ ဖေးမကြရှာတယ်..။ ငါ့ရှင်သွားမယ့် တောအရပ်မှာ အိုင်ပက်ဆိုသဟာ ချောင်ထိုးထားရုံသာပတဲ့..။ အိမ်း အိုင်ပက်ရှိ ဒုက္ခရှိ...။ ဗာရာဏသီရောက်တဲ့ တစ်ပတ်လောက်အထိ အိုင်ပက်ကို စာအုပ်စင်ပေါ်မှာ တကယ်ချောင်ထိုးထားရတယ်..။ ဟုတ်တယ် အိုင်ပက်ဆိုတာ ဗာရာဏသီမှာ တကယ့်ကို အသစ်ပါ..။ တိဘက်တက္ကသိုလ်မှာလည်း လုပ်ဖော်ကိုင်ဖက်ဆရာတွေက အိုင်ပက်ဆိုတာကို မမြင်ဖူးကြပေဘူး..။
တိဘက်ပါမောက္ခကြီးတစ်ယောက်ကတော့ သူ့ကို မော်ဒန်ဘန္တေကြီးတဲ့..။

ဖြစ်ချင်တော့ ဗန်ကောက်နည်းပညာဈေးခင်းထဲက အေဆာအမျိုးအစားစမတ်ဖုန်းလေး ၀ယ်ဖြစ်ခဲ့တာဟာ အိုင်ပက်အတွက် သတို့သားရသလိုဖြစ်သွားတယ်..။ Android နည်းပညာသုံးထားတဲ့ ဖုန်းမှာ ၀ိုင်ဖိုင်လွှတ်တဲ့ Wifi Portable Hot Spot လေးထည့်ထားတာကို အမှတ်မထင်နှိပ်ရင်းက တွေ့သွားတယ်..။ ယူရေကား ယူရေကား (Ureka!) ........အားခိမိဒီးကြီးလို ထမပြေးဖြစ်အောင် ကိုယ့်ခြေထောက်ကိုယ် မနည်းဆွဲထားရတယ်..။

ီဝိုင်ဖိုင်စနစ်နဲ့ ချိတ်ဆက်ပြီး အင်တာနက်အသုံးပြုလို့ ရပြီဆိုတာနဲ့ အိုင်ပက်ရဲ့ တန်ဖိုးဟာ မြင့်တက်သွားခဲ့တယ်..။ သူ့ရဲ့ စာသင်ခန်းကို စာအုပ်တွေအများကြီး သယ်သွားဖို့ မလိုတော့ဘူး...။ သူ့ကျမ်းစာတွေကို Google က သိမ်းပေးထားတယ်..။ တက္ကသိုလ်နေ့ရက်တွေဟာ အိုင်ပက်တူးရဲ့ စွမ်းဆောင်ရည်နဲ့ လတ်ဆတ်နေတော့တာပါပဲ..။ တစ်ချို့အကြောင်းအရာတွေကို စကားလုံးနဲ့ ရှင်းပြလို့ အဆင်မပြေရင် အင်တာနက်က ပုံရိပ်တွေကို ကလစ်ပြလိုက်ရုံနဲ့ သူ့တပည့်တွေ သက်ဝင်နားလည်သွားကြတယ်..။ အိုင်ပက်တူးနဲ့ စမတ်ဖုန်းဟာ မော်ဒန်ရဟန်းတစ်ပါးအတွက် မရှိမဖြစ်ပရိက္ခရာဖြစ်လာခဲ့ပါတယ်..။ ညကတော့ လွတ်ကျလို့ အိုင်ပက်တူးရဲ့ ဥပဓိလေးပျက်သွားရရှာပါတယ်...။ အော် ပစ္စည်းသင်္ခါရ အိုင်ပက်သင်္ခါရ...။

မနေ့ကပဲ တက္ကသိုလ်စာသင်ခန်းမှာ ပိဋကတ်သင်ခန်းစာ ၀ိသာခါသုတ်ကို သင်ပေးဖြစ်တယ်..။
ကျောင်းအမကြီးဝိသာခါက ဗုဒ္ဓအရှင်ဆီကို စွပ်စိုနေတဲ့ အ၀တ်၊ ဆံပင်ဖားလျားနဲ့ ရောက်လာတယ်...။ မြေးကလေး သေသွားတဲ့ အတွက် ကြေကွဲဝမ်းနည်းမှုတွေကို အရိယာမကြီးဖြစ်နေပေမယ့် မခံစားနိုင်ရှာဘူး...။ မျက်ရည်မြစ်ထဲ နှလုံးသားနဲ့ ကူးခတ်မိရက်သားဖြစ်နေပါရောလား..။

ဗုဒ္ဓအရှင်နဲ့ ၀ိသာခါတို့ရဲ့ ဒိုင်ယာလော့ကို နားဆင်ကြည့်..

သာဝတ္ထိမြို့ကြီးလောက် သားသမီးတွေ မြေးတွေ ရချင်သလား.။
ဖြစ်နိုင်မယ်ဆိုရင် သိပ်ရချင်တာပေါ့ဘုရား။
တစ်နေ့တစ်နေ့ သာဝတ္တိမှာ လူဘယ်နှစ်ယောက်သေသလဲ ။
တစ်ခါတစ်ရံ ဆယ်ယောက် တစ်ခါတစ်ရံကိုးယောက်.......၊ တစ်ယောက်မှ မသေတဲ့ နေ့ရယ်လို့တော့ မရှိပါဘူးအရှင်။
အဲဒါဆို ညီးခမျာ နေ့တိုင်းငိုနေရတော့မှာပေါ့အေ...။ ဒီမှာ ၀ိသာခါ...အချစ်တစ်ရာ ဒုက္ခတစ်ရာ...အချစ်တစ်ခု ဒုက္ခတစ်ခုပေပဲ...။ အချစ်မရှိ ဒုက္ခမရှိ...( ယေသံ နတ္ထိ ပိယံ၊ တေသံ နတ္ထိ ဒုက္ခံ။)
သောကနဲ့ မျက်ရည်တွေ ကင်းဆိတ်ဖို့ ချစ်မှုရေးရာ မပြုပါလေနဲ့ ၀ိသာခါ ။
(ပိယံ န ကယိရာထ ကုဟိဉ္စိ လောကေ) တဲ့..။

အရှင်ဘုရားရေ...အိုင်ပက်ရှိတော့ ဒုက္ခရှိ..အိုင်ပက်မရှိရင် ဒုက္ခမရှိဘူးပေါ့ဘုရား...။
ဘာပဲဖြစ်ဖြစ် အဲဒီဒုက္ခလေးကိုတော့ဒကာပိုင်စိုးဝေကြီးရဲ့ စကားအတိုင်း ဆက်ပြီး ပျော်ရွှင်နာကျင်ပါရစေဦး..။
ဆားဗစ်စ်မှာ ငါ့နှလုံးသားကို တပ်ဆင်ပေးကြပါကုန်လော့...။ သာဓု သာဓု သာဓု

ဓမ္မဂင်္ဂါ
(၂၄-၉-၂၀၁၁)

1 comment:

အင်္ဂါမောင် said...

ဘိလပ်မှာပေမဲ့ အိုင်မပက်နိုင်ပါဘူးဗျာ။ မပက်ချင်တာလဲ ပါသပေါ့လေ။ အိုင်ကြီးက ကြီးလှသကိုး။ သို့ကလိုကြောင့် ဆိုနီအဲရစ်ဆင်လေးနဲ့ဘဲ ပန်းခင်းထဲ အလွမ်းကြဲနေမိလေရဲ့။