29 September, 2011

တိဘက်တက္ကသိုလ်ဒိုင်ယာရီ

(၁)

မကြာမီမှာ ဒီဇင်ဘာက ရောက်လာချေတော့မည်။ ဒီဇင်ဘာသည် သူ့အတွက် စိန်ခေါ်မှုတစ်ခုနှင့်အတူ စောင့်နေပါလိမ့်မည်။ လွန်ခဲ့သော သြဂုတ်လနေ့လည်ခင်းတစ်ခုဆီက သူသည် အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့၊ ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်(Central University of Tibetan Studies) ရှိ ဒုတိယအဓိပတိ၏ ရုံးခန်းတွင် ရောက်ရှိနေခဲ့သည်။

ကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်သို့တိုးမြင့်ခြင်းခံရသည်မှာမကြာလှသေးသော မဟာယာနနှင့် တိဘက်လေ့လာရေးအထူးပြုကျောင်းသည် ထေရ၀ါဒဗုဒဘာသာကို လေ့လာရန် မွတ်သိပ်နေလေသည်။ ထေရ၀ါဒကို တို့ထိမည်ဆိုလျှင် ထေရ၀ါဒ၏ မိခင်စာပေဖြစ်သည့် ပါဠိဘာသာစကားမုခ်ဦးမှ ၀င်ရပေလိမ့်မည်။ ထေရ၀ါဒကို ဆာလောင်နေသည့် ကျောင်းတော်သည် ပါဠိရေချမ်းစင်လေးကို မဖြစ်မနေ တည်ဆောက်လေတော့မည်။

ထိုကွက်လပ်ကို ဖြည့်စွက်ရန် တက္ကသိုလ်အဓိပတိရုံးခန်းသို့ သူရောက်ရှိနေခြင်းဖြစ်လေသည်။ ပါဠိဘာသာကို အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားပို့ချပေးနိုင်သည့် မြန်မာရဟန်းတော်တစ်ပါးအဖြစ် ခပ်ရဲရဲ လက်မှတ်ထိုးရပေလိမ့်မည်။

“ ဘန္တေ ပါဠိဘာသာကို ကျွမ်းကျွမ်းကျင်ကျင် သင်နိုင်ပါ့မလား”

“ ကျောင်းသားတွေ နားလည်အောင်တော့ သင်ပေးနိုင်ပါတယ်”

အဓိပတိနှင့် အင်တာဗျူးက စကားအများကြီးမပြောလိုက်ရပါ။

“ ကောင်းပြီလေ မနက်ဖြန် နံနက် ၁၁း၀၀ နာရီ တစ်ခေါက်ပြန်လာစေချင်ပါတယ်၊ ဒီတက္ကသိုလ်မှာ ဂုဏ်ထူးဆောင်ပါမောက္ခကြီးအဖြစ်ခန့်အပ်ထားတဲ့ မစ္စတာထရီပါတီနဲ့တွေ့လိုက်ဦး။”

“ထိကေ ဂုရုဂျီး”

ထို့နောက် အဓိပတိလားမားကြီးနှင့်အတူ ထေရ၀ါဒနှင့် မဟာယာနယှက်နွှယ်ဆက်စပ်မှုများ၊ မြန်မာနှင့် တိဘက်အက္ခရာအရေးအသားစသည်တို့ အလွတ်သဘောပြောဖြစ်ကြသေးသည်။ ပညာရှင်တစ်ဦး၏ ဟန်ပန် အပြည့်ရှိသော လားမားကြီးသည် စကားပြောရာတွင် နုညံ့နွေးထွေးစွာ ပြောဆိုတတ်လေသည်။ နောက်တစ်နေ့ နံနက် ၁၁း၀၀ နာရီတိတိမှာတော့ ပါမောက္ခကြီး မစ္စတာထရိပါတီနှင့်တွေ့ရပါလေသည်။

(၂)

ဂုရုကြီးက ဟင်ဒီဘာသာစကားဖြင့်နှုတ်ဆက်စကားဆိုသည်။ အိန္ဒိယတွင် သုံးနှစ်တာဖြတ်သန်းနေထိုင်ခဲ့ဖူးသည့် တိုင် ဟင်ဒီဘာသာစကားကို ခါနားပီနား(ထမင်းစားရေသောက်)ထက်ပိုအောင် မပြောတတ်သည့်သူ့ကို ကူညီဘာသာပြန်ပေးမည့် ရဟန်းတော်တစ်ပါးက အသင့်ရှိနေခဲ့ပြန်သည်။ ယခင်နှစ်က MMWAI အဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့သူ အရှင်စန္ဒိမာက သူ့အနားမှာထိုင်နေသည်။ အင်္ဂလိပ်ဘာသာ(သို့မဟုတ်) ပါဠိဘာသာစကားပြောနိုင်ပါသည်ဟု အရှင်စန္ဒိမာက မိတ်ဆက်ပေးမှသာ ပါဠိဘာသာဖြင့် စကားစသည်။ ရံခါအင်္ဂလိပ်လို ညှပ်ပြော၏။

အသက်ရှစ်ဆယ်ကျော်အဘိုးကြီးဆိုသော်လည်း အာရုံခံကိရိယာများက ထက်မြက်နေကြဆဲပင်ဖြစ်သည်။ အဘိဓမ္မာနှင့်ပတ်သက်သော မေးခွန်းအချို့မေးသည်။ အတိအကျဖြေရသည့်မေးခွန်းများတော့ မဟုတ်။ ဖြေချင်သလိုဖြေ၍ အမှတ်ပေးချင်မှ ပေးလို့ရသော မေးခွန်းများဖြစ်သည်။ အဘိဓမ္မာဆိုတာ ဗုဒ္ဓအရှင်တကယ်ဟောမဟောဆိုတာမျိုးဖြစ်သည်။

သည်ဂုရုကြီးက လွန်ခဲ့သောနှစ်အနည်းငယ်က အင်္ဂလန်နိုင်ငံ ဘာမင်ဂန်မြို့တွင် ခေါင်းချသွားတော်မူသည့် ဒေါက်တာအရှင်ရေ၀တဓမ္မ၏ ဆရာဖြစ်သည်တဲ့။ စကားပြောကြရင်း ဒေါက်တာရေ၀တဓမ္မ ပညာထူးချွန်ကြောင်း၊ အဘိဓမ္မတ္ထသင်္ဂဟ(သင်္ဂြိုဟ်)ကျမ်းကို ဟင်ဒီဘာသာသို့ ပြန်ဆိုစဉ်က သူများစွာကူညီခဲ့ရကြောင်း၊ ထိုဘာသာပြန်စာမူဖြင့် ဒေါက်တာအရှင်ရေ၀တဓမ္မ ကာလီဒါသစာပေဆုကို ဆွတ်ခူးရယူခဲ့ကြောင်း၊ ဒေါက်တာအရှင်ရေ၀တဓမ္မ အင်္ဂလန်ရောက်ပြီးကတည်းက အတွေ့နည်းသွားပြီးဖြစ်ကြောင်း၊ သူကြွလာမှသာ တွေ့ရတော့ကြောင်း စသည် ချိတ်ဆက်မိသမျှ စကားများ......

သူကလည်း ဒေါက်တာအရှင်ရေ၀တဓမ္မ မြန်မာနိုင်ငံသို့ ကြွရောက်ကာ ထေရ၀ါဒတက္ကသိုလ်တွင် အဘိဓမ္မာနှင့် ၀ိပဿနာတရားတော်များလာရောက်ပို့ချစဉ်က ပို့ချချက်များကို နာယူဖူးပါကြောင်း၊ ဆရာတော်လွန်တော်မူသည့်အခါ ဆရာတော်၏ မွေးရပ်မြေတွင် တည်ဆောက်ခဲ့သည့် ဆရာတော့်အထိန်းအမှတ်စာသင်ကျောင်းဆောင်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရသေးကြောင်း စသည် ဆက်စပ်မိရာ......။ ဒေါက်တာအရှင်ရေ၀တဓမ္မ လွန်သွားပြီကို ဂုရုကြီး သိပါသလား မေးမိတော့ တက္ကသိုလ်ဆီနိတ်ကပင် ၀မ်းနည်းကြောင်းသ၀ဏ်လွှာပေးပို့ခဲ့သေးသည်ဟုဆိုပါသည်။

ဒေါက်တာအရှင်ရေ၀တဓမ္မဆိုသည်က ဗာရာဏသီ ပညာတတ်ဗြဟ္မဏအ၀န်းအ၀ိုင်းတွင် လင်းပခဲ့သူဖြစ်သည်။ ဗာရာဏသီဟိန္ဒူတက္ကသိုလ်၊ ကာသိဝိဒျာပိဌ်(မဟတ္တမဂနီ)တက္ကသိုလ်နှင့် သက္ကတတက္ကသိုလ်တို့တွင် ပါဠိကထိကအဖြစ်တွင်ကျယ်ခဲ့သည်။ သူ၏ မှတ်တိုင်တစ်ခုမှာ သက္ကတတက္ကသိုလ် ဗုဒ္ဓကျမ်းစာဆိုင်ရာ အထွေထွေအယ်ဒီတာချုပ်အဖြစ်တာဝန်ယူကာ ပါဠိစာပေကျမ်းစာများစွာကို ဒေ၀နာဂရီအက္ခရာဖြင့် တည်းဖြတ်ထုတ်ဝေခဲ့ခြင်းပင်ဖြစ်သည်။ ဂုရုကြီးနှင့် ၄၅ မိနစ်ခန့် စကားပြောပြီးသည့်အခါ နောက်ဆုံးမေးခွန်းတစ်ခုကိုတော့ ဂုရုကြီးက မှတ်မှတ်ရရမေးလေသည်။ ဓမ္မာစရိယအောင်ခဲ့တယ် မဟုတ်လား တဲ့။

(၃)

ဂုရုကြီး မစ္စတာထရိပါတီနှင့် တွေ့ဆုံပြီး တစ်ပတ်ခန့်အကြာ တစ်ခုသော တနင်္လာနေ့တွင် တက္ကသိုလ်အဓိပတိရုံးခန်းမှ ဖုန်းခေါ်သံတစ်ချက်ဝင်လာသည်။ အဓိပတိနှင့် နံနက် ၁၁ နာရီတွင် လာရောက်တွေ့ဆုံပါရန်တဲ့။ အဓိပတိရုံးခန်းသို့ ဒုတိယအကြိမ်ရောက်ရပြန်လေသည်။

ဟင်ဒီဘာသာဖြင့် ကုလပတိဟုခေါ်သော တက္ကသိုလ်အဓိပတိတာဝန်ကို ထမ်းဆောင်နေသောပုဂ္ဂိုလ်ကြီးမှာ တိဘက်လားမားကြီးတစ်ပါးဖြစ်သည်။ ဘာသာစကားတော်တော်များများကို ပြောဆိုနိုင်သည်။ ထုံးစံအတိုင်းပင် သူနှင့်အတူ အရှင်စန္ဒိမာလိုက်ပါလာသည်။ အရှင်စန္ဒိမာကိုတော့ လားမားကြီးက ဟင်ဒီဘာသာဖြင့် စကားပြောသည်။ သူနှင့်ကတော့ အန်ဂရေဂျီး(အင်္ဂလိပ်)ဘာသာ။

လားမားကြီးက ချိုမြသောအပြုံးဖြင့် ကြိုဆိုသည်။ လက်အုပ်ကိုယ်စီချီက နှုတ်ဆက်ကြ၏။ မဟာယာနနှင့် ထေရ၀ါဒဟူသည်က အဖေတူသားများပင် မဟုတ်ပါလား။ ပါဠိဂုရုကြီးမစ္စတာထရိပါတီ၏ ထောက်ခံချက်ကို သူအပြည့်အ၀ရခဲ့ပြီဖြစ်ကြောင်းသေချာလှပါသည်။ ဓမ္မာစရိယအောင်ခဲ့တယ် မဟုတ်လား ဟူသောမေးခွန်း၏ အဓိပ္ပါယ်ကို လားမားကြီးနှင့် စကားပြောဖြစ်သည့်အခါမှ သဘောပေါက်သွားရလေသည်။

လာမားကြီးက သူ၏ ကိုယ်ရေးအကျဉ်းကို ပြန်ကောက်ကြည့်ကာ ပါဠိဘာသာနှင့် ပတ်သက်လျှင် ထိပ်တန်းကျလှသော မြန်မာနိုင်ငံမှ ဓမ္မာစရိယရဟန်းတော်တစ်ပါးအနေဖြင့် အိန္ဒိယတက္ကသိုလ်တွင် ပါဠိဘာသာ အထူးပြုတက်ရောက်ဖွယ်မလိုဟု ထင်မြင်မိပါသည်တဲ့။ အိန္ဒိယပါမောက္ခများသည်ပင် မြန်မာဓမ္မာစရိယ ရဟန်းတော်များနှင့် နှိုင်းယှဉ်ဖွယ်မရှိနိုင်ပါ ဟုလည်း ဆိုသေးသည်။ အိန္ဒိယတွင် မြန်မာရဟန်းတော်များ ပါဠိဘာသာလာရောက်သင်ယူနေသည်ကို အံ့သြဟန်လည်း ပြပါသည်။

ရိုးရာစနစ်နှင့်နှိုင်းယှဉ်ကာ နိုင်ငံတကာသင်ကြားနည်းကို လေ့လာရန်ဖြစ်ကြောင်းနှင့် တက္ကသိုလ်ပညာရေးကိုလည်း စောကြောရန်ဆန္ဒတစ်ရပ်လည်း ရှိသေးကြောင်းစသည် စသည် အဖြေတစ်ခုတော့ ပေးရပါလေသည်။ ဟုတ်လည်း ဟုတ်ပေသည်၊ မြန်မာနိုင်ငံတွင် ရဟန်းတော်တစ်ပါးအနေဖြင့် တက္ကသိုလ်ပညာကို သင်ကြားခွင့်ရရန် အခွင့်အလမ်းနည်းပါးလှပေသည်။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးနှစ်ခုရှိသော်လည်း နှစ်စဉ်တက်ရောက်ခွင့် ရသည့် ရဟန်းတော်က အပါးတစ်ရာပင်မရှိ၊ သူတက်ရောက်ခွင်ရခဲ့သည့်နှစ်က မန္တလေးသာသနာ့တက္ကသိုလ်တွင် ပထမနှစ်သင်တန်းသားက ၇၂ပါးမျှသာ။အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကြီးတွင် တက်ရောက်ခွင့်ရပြန်တော့လည်း သူနှင့်ကျောင်းတက်ဖော် ရဟန်းတော်များက ၁၂ ပါးတိတိမျှသာ။

ယခုတော့ သီတဂူဆရာတော်ကြီဖွင့်လှစ်သည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ဗန်းမော်ဆရာတော်နှင့် ဆရာကြီးဦးမြင့်ဆွေ(မဟာဝိဇ္ဇာလန်ဒန်) တည်ထောင်သည့် ဗုဒ္ဓတက္ကသိုလ်( ရန်ကုန်၊မန္တလေး)၊ ကမ္ဘာအေးကုန်းမြေတွင် ဖွင့်လှစ်ထားသည့် အဘိဓမ္မာမဟာသိပ္ပံ စသည် တက္ကသိုလ်အမည်ခံကျောင်းများ ပေါ်ပေါက်လာခြင်းကိုတော့ ကြိုဆိုရပေမည်။ ရဟန်းတော်များ တက္ကသိုလ်ပညာဆိုတာ ဘာလဲ သိမြင်နိုင်ကြစေ၊ သိသည့်အတိုင်း ဖြန့်ဝေနိုင်ကြစေ။ ကမ္ဘာလုံးလိုက် ပြားလိုက်ကြီးထဲ အလိုက်သင့် စီးမျော သာသနာပြုနိုင်ကြစေပေါ့။

အဓိပတိလားမား ကြီးက ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်အနေဖြင့် ထေရ၀ါဒပိဋကတ်စာပေကို သင်ကြားပို့ချပေးနိုင်သည့် ဌာနတစ်ခုဖွင့်လှစ်ရန်ရည်ရွယ်ထားပါကြောင်း၊ ထေရ၀ါဒပိဋကတ်ကို လေ့လာရန်မှာ ပါဠိဘာသာကို မဖြစ်မနေသင်ယူရမည်ကို နားလည်သဖြင့် ပါဠိဘာသာကို အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချပေးနိုင်သည့် မြန်မာရဟန်းတော်တစ်ပါးကို ဖိတ်ကြားရခြင်းဖြစ်ကြောင်း ၀မ်းမြောက်ဖွယ် စကားဆိုလေသည်။

ယခုနှစ်တွင်တော့ ပညာသင်နှစ်တစ်ဝက်စွန်းနေပြီဖြစ်သည့်အတွက် မေဂျာဘာသာအဖြစ်မဟုတ်ဘဲ အထူးသင်တန်းတစ်ရပ်အနေဖြင့် ပို့ချပေးစေလိုကြောင်း၊ သင်တန်းကို ဒီဇင်ဘာလတွင် စတင်စေချင်ကြောင်းလည်း မှာကြားပြန်လေသည်။ သူနှင့်ချိတ်ဆက်ပေးသည့် အရှင်စန္ဒိမာကိုလည်း ကျေးဇူးတင်စကားတဖွဖွဆိုလေသည်။

ယခုတစ်ခေါက်ခရီးစဉ်သည် သူ့အတွက် လာခြင်းကောင်းစေခဲ့ပါသည်။ ယမန်နှစ်က လွဲချော်ခဲ့သော ပီအိတ်ခ်ျဒီ ကျမ်းပြုခွင့်ကိုလည်း ဗာရာဏသီ သက္ကတတက္ကသိုလ်တွင် ချောချောမောမော ရရှိခဲ့သည်။ ဗာရာဏသီ ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်တွင်လည်း ပါဠိစာပေဌာနတည်ထောင်သူ ဧည့်ပါမောက္ခအဖြစ် နိုင်ငံနှင့် လူမျိုး၏ ဂုဏ်ကို ဆောင်ခွင့်လည်း ရပြန်သည်။ ကောင်းလေစွ။

အကြွားသန်သောအမျိုးများအတွက် လက်ဆောင်စကားပါးရပေတော့မည်။ ဖခင်ကြီးကတော့ သူစာမေးပွဲတစ်ခုအောင်လေတိုင်း “ ငါ့သားကတော့ အောင်ပြန်ပြီတဲ့ဟေ့” ဟု အားရပါးရ ကြွေးကြော်တတ်သည်ကို လွမ်းဆွတ်မိသေးတော့၏။ အခုလည်း အဖေရေ“ ဖြစ်ပြန်ပြီတဲ့ဟေ့”လို့သာ လုပ်ချလိုက်ပေတော့။ ပီတိကို စား အားရှိပါ၏။

ဓမ္မဂင်္ဂါ

(၂၃-၁၁-၂၀၀၉)

(တိဘက်တက္ကသိုလ်တွင် စတင်၍ ဧည့်ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်ရန် ဖိတ်ကြားခံရစဉ်က ရေးခဲ့သောအဟောင်း...မဖတ်ရသေးသူများအတွက်...)

No comments: