23 November, 2011

ရဟန်းနှင့် မဆလာလေကြောင်း(၁)

(၁)

၂၀၁၁ ခုနှစ်သည် အရွေ့သက္ကရာဇ်ဖြစ်သည်ဟု ဆိုကြသည်။ ရွှေပြည်ကြီးအပါအ၀င် ကမ္ဘာမြေတစ်ဝှမ်းလုံးရွေ့လျားနေသည်ကို သူရင်သပ်ရှုမောဖြစ်နေခဲ့ပါသည်။ ဗုဒ္ဓအရှင်ကတော့ ကမ္ဘာမြေတစ်ခုလုံးလှုပ်နေတာပဲ (သဗ္ဗော လောကော ပကမ္ပိတော။) ဟု နှစ်ဆယ့်ငါးရာစုအလွန်ကပင် ကောက်ချက်ချထားခဲ့ပြီ။ သူကိုယ်တိုင်သည်ပင် ယခု မဆလာလေကြောင်း(Spice Jet)ဖြင့် ဂဂ်ါကို ဖြတ်ကာ ယမုံနာဆီ ရွေ့လာခဲ့သည်။

သူစီးနင်းလိုက်ပါလာသောလေယာဉ်ပျံပေါ်တွင် ခရီးသည် (၁၉၂) ယောက်စီးနင်းလိုက်ပါလာသည်ကို မှတ်သားမိသည်။ မဆလာလေယာဉ်မယ်လေးများက အစားအသောက်များကို တွန်းလှည်းလေးဖြင့် ရောင်းချနေကြသည်။ အိန္ဒိယပြည်တွင်းလေကြောင်းများတွင် ယခုလိုပင် အစားအစာကို ရောင်းချလေ့ရှိသည်။

လူသွားလမ်းထိုင်ခုံတွင် ရှိနေသော သူ့အနေဖြင့် လှုပ်ရှားပြေးလွှားရောင်းချနေသော မဆလာမလေးများ၏ ''Hello Sir, Hello Sir'' လောကွတ်ကို ကျော်လွှားလိုက်ရသည်။ လေယာဉ်တိမ်တိုက်ထဲ ရောက်တော့ ၁၂း၂၀ ကျော်ပြီ။ ဗာရာဏသီမှ ဒေလီသို့ တိမ်းဖြတ်ခရီးသည် တစ်နာရီခန့်သာကြာသော်လည်း သူက နှစ်သုံးဆယ်အတိတ်နေ့ရက်များကိုပါ ကူးခတ်နေမိပြန်လေသည်။

သူငယ်ငယ်က နေခဲ့ဖူးသောရွာလေးသည် အရာရာခေါင်သောရပ်ဝန်းတွင် ရှိသည်။ မော်တော်ကားလမ်းမရှိသလို မီးရထားဘူတာရုံအိုလေးနှင့်လည်း ခရီးခြောက်မိုင်ခန့်ဝေးပြန်လေသည်။ စက်ယန္တရားတပ်ယာဉ်ကို သူစမြင်ဖူးသည်က တစ်နယ်လုံးမှာမှ တစ်စီးတည်းသာရှိသော သမ၀ါယမပိုင်ထွန်စက်ကြီးဖြစ်သည်။

ဆိုရှယ်လစ်စနစ်မိုးသားတိမ်လိမ်များအောက်တွင် ဟန်ရေးပြရုံသက်သက်မျှသာဖြစ်သော ထွန်စက်ကြီးက နယ်ကျေးလက်ရွာလေးများကို ဖြတ်သန်းခုတ်မောင်းသွားသောအခါ သူတို့နှပ်ချေးတွဲလောင်းလေးတွေ ဘိနပ်မပါ (ဘောင်းဘီလည်းမပါ)ပြေးလိုက်ခဲ့ကြသည်ကို မှတ်မိသေးတော့သည်။

သူတို့ရွာလေး၏ ကောင်းကင်တွင် ကြယ်တာရာမွှားမွှားလေးတွေလို ခဲတံချောင်းလောက်သာမြင်ရသည့် လေယာဉ်ပျံများ ဖြတ်ပျံသည်ကို ''လေယာဉ်ကြီးဟေ့ လေယာဉ်ကြီးဟေ့'' လက်ညှိုးထိုးအော်ဟစ်ငြင်းခုန်ကြရင်း လေယာဉ်မီးခိုးတန်းဆုံးသည်အထိ သူတို့ကလေးတွေ တမေ့တမောငေးကြည့်ခဲ့ကြရသည်။ ဂျက်လေယာဉ်ကြီးများ၏ မိးခိုးတန်းဖြူဖြူကြီးများကို သူအိပ်မက်မက်ကာ ခိုစီးခဲ့ဖူးသေးသည်။

(၂)

သူ့ရွာလေး၏ ပညာရေးသည် ပစ္စုပ္ပန်တည့်တည့်ပေါ်ပြုတ်ကျနေသော အိမ်မြောင်တစ်ကောင်ထက်မပို..။ မီးရောင်အောက်တွင် ဖျြုတ်ကနဲ ပြုတ်ကျလာသောအိမ်မြောင်လေးများ၏ မျက်စိသူငယ်ဟန်ပန်မူရာကို မကြာမခဏစုတ်သတ်ခဲ့ဖူးကြဖူးလိမ့်မည်။

ပွင့်ပွင့်လင်းလင်းဝန်ခံရလျင် သူသည် ကျောင်းမနေဖူးသောကလေးတစ်ယောက်ဖြစ်ခဲ့သည်။ ဘုန်းတော်ကြီးကျောင်း၏ စာသင်ဇရပ်လေးတွင် သူစာသင်ခဲ့ရသည်။ ကံကောင်းထောက်မစွာ ကံ့ကူလက်လှည့်ဆရာဘုန်းတော်ကြီးများက ယနေ့ခေတ်မှာပင် ဆွေးနွေးနေရဆဲဖြစ်သည့် ဘုန်းတော်ကြီးကျောင်းပညာရေး(Monastic Education)ကို သူတို့ဘုန်းကြီးကျောင်းနေကလေးများအတွက် ခေတ်မီစွာ မိတ်ဆက်ပေးခဲ့သည်။

သုတအမြင်ကျယ်ပြောသော ကျောင်းထိုင်ဘုန်းတော်ကြီးက အတွေးသစ်များဖြင့် ခေတ်ကို ခုန်ပျံကျော်လွှားလုပ်ဖို့ ကြိုးစားသည်။ လက်ထောက်ရဟန်းတော်များကလည်း ဆရာဘုန်းတော်ကြီး၏ ဘက်စုံရှုထောင့်အတွက် ကွက်လပ်ဖြည့်ကတ္တားပုဒ်များဖြစ်လောက်အောင် ပြည့်စုံနေကြသည်။

သူ့ငယ်ဘ၀ကို သွေးပေးခဲ့သည့် ဆရာဘုန်းတော်ကြီးများကို မှတ်တမ်းပြုလိုသည်။ အင်္ဂလိပ်စာသင်ဆရာက ဦးဝဏ္ဏိတ(ပျံလွန်တော်မူပြီး) သင်္ချာသင်ဆရာက ဦးပဏ္ဍိတ(ယခု စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊နတ်ရေတွင်းဆရာတော်) မြန်မာစာဆရာက ဦးသောနိတ(လူထွက်ကွယ်လွန်)နှင့် ပရိတ်ကြီးဆယ်စောင်တွဲဆရာက ဦစန္ဒန(မိုးကုတ်၊ဘော်ဗဒန်းကျောင်းဆရာတော် ယခု ပျံလွန်တော်မူပြီးဟု သိရ) တို့ဖြစ်ကြလေသည်။ ကျောင်းထိုင်ဆရာဘုန်းတော်ကြီးကတော့  အခြေပြုပရိယတ္တိစာပေကို ပို့ချပေးလေသည်။ ကန်တော့ပွဲမပါဘဲ စိတ်မှန်းဖြင့် လွမ်းကာ ဦးညွတ်လိုက်ပါ၏။

No comments: