21 April, 2012

ဥသြငှက်၊ဟောလီဒေးနှင့် ဗုဒ္ဓအရှင်၏ စတေးတပ်စ်

(၁)
နွေအကြောင်းမစဉ်းစားချင်ပေမယ့် ဥသြငှက်တစ်ကောင်က  အပူဒီဂရီ တနင့်တပိုးကိုက်ချီပြီး သူ့အခန်းကျဉ်းလေးထဲ ၀င်လာသည်..။ မိဂဒါဝုန်မှာလည်း လောကဓံတွေနဲ့ပါပဲလား..။
သို့သော် ပန်းနဲ့ ပေါက်တာလည်း နာချင်တယ် ဟုတော့ သူ မငြီးတွားဖြစ်.။

ဘာပဲဖြစ်ဖြစ် နွေရာသီတွင် သူအကြိုက်ဆုံးပြက္ခဒိန်စာမျက်နှာများရှိနေခဲ့ပါသည်။
ဟောလီဒေးများနှင့် ယက်လုပ်ထားသော နာရီချိုချိုများဖြစ်ပါသည်.။
တက္ကသိုလ် ကျောင်းတံခါးများ မကြာမီပိတ်တော့မည်။
အကြိုက်ဆုံးနေ့ရက်ကို ရွေးချယ်ရလျှင် ရက်ရာဇာနှင့် ပြဿဒါးအတွေးများထက် 
ဟောလီဒေးလို့ပဲ ခပ်သောသောဖြေလိုက်မိမှာ သေချာသည်။
ငယ်ငယ်တည်းက ကြိုက်ခဲ့ရတဲ့ ငယ်ကြိုက်..။ ခုထိ စွဲလမ်းနေမိဆဲ..။
ရဟန်းတစ်ပါးအနေဖြင့် ဟောလီဒေးကို ချစ်နေမိခြင်းက ရှက်နိုးဖွယ်ရာကောင်းသည်ဟုတော့ ခံစားမိသည်။

မြန်မာ့ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ၏ ဟောလီဒေးအစဉ်အလာတွင် စနေတနင်္ဂနွေရက်များမရှိ။ အဖိတ်ဥပုသ်နေ့များကိုသာ ငယ်စဉ်ကိုရင်လေးဘ၀ကတည်းက မျှော်ရသည်။ စာမကျက်ရသောနေ့..။ ကျောင်းပရိဝုဏ်နံရံအပြင်ဘက်ကို လွတ်လွတ်ကျွတ်ကျွတ်ထွက်ခွင့်ရသောနေ့..။ အနှောင်အဖွဲ့များ ပြေလျော့ခြင်း၏ အရသာက မည်သူ့အတွက်မဆို ထူးကဲနေပါလိမ့်မည်။

သာသနာ့ဝန်ထမ်းများအတွက် တစ်လတွင် ဥပုသ်ရက် လေးရက်ရှိသည်။
လဆန်းပက္ခ၊လဆုပ်ပက္ခ ရှစ်ရက်မြောက်နေ့များနှင့် လပြည့်လကွယ်နေ့တို့ဖြစ်သည်။
မစိုးရိမ်ဆရာတော်ဘုရားကြီးဦးသူရိယကတော့ ရဟန်းသာမဏေများ ဟောလီဒေးယူသည်ကို မနှစ်ခြိုက်..။
''မင်းတို့လည်းကွယ် တစ်လမှာ လေးရက်ကြီးများတောင် အလဟဿဖြုန်းတီးနေကြပါလားကွယ်ရို့။
ရှေးဆရာတော်ကြီးတွေက ဘုရင်တွေ မှူးကြီးမတ်ရာတွေ တရားဓမ္မနဲ့ ပတ်သက်ပြီး ပြဿနာမေးလျှောက်ခွင့်ရအောင် ဥပုသ်နေ့တွေမှာ စာဝါပို့ချတာကို နားတော်မူကြတာ.။ မင်းတို့ကို ဘယ်သူက ဘာတွေ လာမေးမှာမို့ နားကြသတုန်း''' ဟု
မေးမြန်းစောဒနာတော်မူခဲ့ဖူးသည်။

သာသနာသည် လောက၏ ၀န်ထုပ်ဝန်ပိုးမဟုတ်၊ လောက၀န်ကို ထမ်းသည့် မြင့်မြတ်သောအဖွဲ့အစည်းတစ်ရပ်သာဖြစ်ကြောင်း ချမှတ်လမ်းပြတော်မူခဲ့သည့် ဗုဒ္ဓအရှင်၏ ဆန္ဒတော်ကို မစိုးရိမ်ဆရာတော်ကြီးက ဖြည့်ဆည်း ဖော်ဆောင်လိုခြင်းပင်။

(၂)
ဗုဒ္ဓအရှင်က သစ္စာသာသနာတော်နှင့်အတူပေါ်ထွန်းလာသည့် သံဃာ့အဖွဲ့အစည်းကြီး၏ ရပ်တည်မှုအတွက် ပစ္စည်းလေးပါးအခက်အခဲကို အခြေံခံလက်တွေ့ကျကျဖြေရှင်းတော်မူခဲ့သည်။

သက်ဆိုင်ရာတိုင်းသားပြည်သူတို့၏ ပိုလျှံပစ္စည်းကိုသာ သုံးစွဲကြရန်  မွေးရပ်မြေပြည်တော်ပြန်ခရီးတွင် 
ကိုယ်တော်တိုင် ကျင့်သုံးပြသတော်မူခဲ့သည်ကို တွေ့ရသည်။ အခွင့်ထူးခံတော်ဝင်မင်းသားတစ်ပါးမှ ဘုရား ဖြစ်လာသည့် အရှင်မြတ်ကခမည်းတော်သုဒ္ဓေါဒနမထီးဘုရား၏ ရွှေနန်းဆောင်ကို ကျောခိုင်းကာ
ပြည်သူတို့လောင်းလှူသော ပိုလျှံဆွမ်းကို လှည့်လည်အလှူခံစားသောက်ပြတော်မူခဲ့ခြင်းဖြစ်ပါသည်။
ဆွမ်းတစ်ဇွန်းတစ်ယောင်းမ ခွဲဝေပေးလိုက်ရသဖြင့် ပြည်သူတို့ ၀န်လေးမှုမရှိနိုင်..။

ဝတ်ရုံဖို့ သင်္ကန်းအတွက်လည်း သုသာန်တစပြင်က လူသေအလောင်းလွှမ်းသည့် အ၀တ်ပိုင်းကို ကိုယ်တော်တိုင် ကောက်ယူဝတ်ဆင်ပြတော်မူခဲ့သည်။
ကျောင်းအတွက်တော့ သစ်ရိပ်ဝါးရိပ်အောက်မှာ..။ ဆေးဝါးအတွက်တော့ နွားကျင်ငယ်ရေစိမ်ထားသော သျှစ်သျှားသီး ဖန်းခါးသီးမျှ..။
မည်မျှ ခြိုးခြံတော်မူခဲ့ပါသလဲ..။ 
သို့သော် နောက်ပိုင်းကာလများတွင်မူ ချမ်းသာကြွယ်ဝပြည့်စုံကြသည့် မင်းသူဌေးကုန်သည်တို့၏ သဒ္ဓါတရားကို ငဲ့ကွက်တော်မူကာ သီးခြား ဆွမ်းသင်္ကန်းကျောင်းဆေးပစ္စည်းလေးပါး အလှူခံခွင့်ပြုတော်မူခဲ့သည်။
 သာသနာတော်ကြီးပေါ်ထွန်းလာသည့်အတွက် လောက၀န်ထုပ်ဝန်ပိုးမဖြစ်စေရ..။

(၃)
ဗုဒ္ဓအရှင်က တိုင်းသားပြည်သူတို့၏ ပစ္စည်းလေးပါးကို သုံးစွဲရာတွင် ခြုံးခြံတော်မူသလောက် လောက၀န်ကို ထမ်းရာတွင်တော့ ကိုယ်တော်မြတ်၏ ခန္ဓာကို ညှာတော်မမူခဲပါ။
ဗုဒ္ဓအရှင်၏ စတေတပ်စ်(Status)တွင် အမြဲတမ်းအနီရောင်ပြနေသည်။ BUSY!
တစ်နေ့တာလုပ်ငန်းခွင်ဇယားတွင် ထမ်းဆောင်တော်မူရမည့်  ဓမ္မ၀န်ဆောင်မှုတာဝန်များနှင့် ပြည့်နေသည်။

သဗ္ဗညုတရွှေဥာဏ်တော်ကို ရရှိပြီးနောက် (၄၉) ရက်မျှသောကာလတိုလေးတွင်သာ တစ်သံသရာလုံးဖြည့်ဆည်းခဲ့ရသော ပါရမီခရီးကြမ်းအတွက် အနွမ်းဖြေတော်မူခဲ့သည်ကို မှတ်သားရသည်။ သို့သော် ဆင်ခြင်ပွားများမှု လွှတ်ချမထားသော အနားယူမှုသာဖြစ်ပါသည်။

သို့သော် မဟာဗောဓိမှ ဗာရာဏသီသို့ တရားဦးဓမ္မစက်ဟောရန် ခြေလျင်ခရီးထွက်သွားခဲ့သည်မှ အစပြုကာ လေးဆယ့်ငါးဝါသော ကာလအတောအတွင်း ဗုဒ္ဓအရှင်အတွက် ဟောလီဒေးမရှိခဲ့တာ သေချာလှပါသည်။ အိပ်စက်အနားယူချိန်နည်းပါးလှသော ဗုဒ္ဓအရှင်၏ ၀ီရိယစွမ်းပကားက အံ့ချီးဖွယ်ရာဖြစ်သည်။ ကမ္ဘာတွင် မည်သည့်ခေါင်းဆောင်မှ လိုက်မမှီနိုင်သော စွန့်လွှတ်အနစ်နာခံမှုများဖြင့် လောကအတွက် ကရုဏာကြီးတော်မူခဲ့သည်။

ဗုဒ္ဓအရှင်၏ ဓမ္မလုပ်ငန်းခွင်အချိန်ဇယားကို ပိဋကစာပေများတွင် ဗုဒ္ဓကိစ္စငါးပါး ဟု မှတ်တမ်းခဲ့ကြသည်။
(၁) ဆွမ်းမဘုဉ်းပေးမီ ပြုလုပ်သော ပုရေဘတ္တကိစ္စ၊ (နံနက်ပိုင်း လုပ်ငန်းစဉ်)
(၂) ဆွမ်းဘုဉ်းပေးပြီး နောက်ပိုင်းအချိန်၌ ပြုလုပ်သော ပစ္ဆာဘတ္တကိစ္စ၊ (နေ့လည်ပိုင်း လုပ်ငန်းစဉ်)
(၃) ညဥ့်ဦးယံ၌ ပြုလုပ်သော ပုရိမယာမကိစ္စ၊ (ညဥ့်ဦးယံ လုပ်ငန်းစဉ်)
(၄) သန်းခေါင်ယံ၌ ပြုလုပ်သော မဇ္ဈိမယာမကိစ္စ၊ (သန်းခေါင်ယံလုပ်ငန်းစဉ်)
(၅) မိုးသောက်ယံ၌ ပြုလုပ်သော ပစ္ဆိမယာမကိစ္စ၊ (မိုးသောက်ယံ လုပ်ငန်းစဉ်)
ဘယ်မှာများနားနားနေနေရှိတော်မူခဲ့ရလို့လဲ..။

သွေးဝမ်းသွန်ဝေဒနာ သည်းတော်မူနေရှာသည့် ကုသိနာရုံနောက်ဆုံးခရီးမှာပင် နားနေသက်သာခွင့်နှင့် MC ယူတော်မမူခဲ့။ သက်တော်ရှစ်ဆယ်အရွယ် ကိုယ်တော်မြတ်၏ နှေးကွေးလေးလံသော ခြေလှမ်းတော်များကို မျက်ရည်များနှင့် သူဖူးမျှော်မိသည်။
မကြာမီမှာ ရောက်လာမည့် သူ့ကိုယ်ပိုင် ဟောလီဒေးအတွက် စတေးတပ်စ်တစ်ခု ရှိနေသင့်သည် ဟု သူစဉ်းစားမိလာသည် ။ ရွှေပြည်ကြီးကို ပြန်မည်။ ကျေးလက်က အနန္တကျေးဇူးရှင်ကြီးများ၏ ဗြဟ္မစိုရ်အရိပ်တွင် ခဏကွန်းခိုမည်။ ပြီးတော့ရော....။
ပြီးတော့ရော...တဲ့။
လောလောဆယ်တော့ Invisible လုပ်ထားတာက အကောင်းဆုံးဖြစ်လိမ့်မည်။

ဓမ္မဂင်္ဂါ
(၂၂-၄-၂၀၁၂)

No comments: