19 May, 2012

ဓမ္မဂင်္ဂါအတွက် မှတ်ချက်အဟောင်းများ

(၂၀၀၁ ခုနှစ် ကမ္ဘာအေးကုန်းမြေတွင် ကျင်းပသည့် သတ္တမအကြိမ်သာသနာ့တက္ကသိုလ်ဘွဲ့နှင်းသဘင်တက်ရောက်ကြမည့် ဓမ္မဂင်္ဂါနှင့် မိတ်ဆွေရဟန်းတော်များ ဥတ္တရကုရုကျောင်းဆောင်ရှေ့မှာ အမှတ်တရ)

(၁)
စာအုပ်ဗီရိုအဟောင်းလေးကို ဖွမိရာမှ သာသနာ့တက္ကသိုလ်နောက်ဆုံးနှစ်ဆီက မိတ်ဆွေရဟန်းတော်များ၏ ရှင်ဂင်္ဂါအတွက် အော်တိုမှတ်စုစာအုပ်လေးကို လွမ်းမောဖွယ်ရာ  ပြန်လည်ဖတ်ခွင့်ရလေသည်။ မိတ်မပျက်အောင် ရေးကြသော အောတိုစာအုပ်များ၏ ထုံးစံအတိုင်းပင် စီနီယာရဟန်းတော်များက သြ၀ါဒစကားအချို့ကို ရေးကြသလို ဂျူနီယာရဟန်းတော်များက အတွေးကဗျာလေးများကို မျှဝေကြလေသည်။

ပြောမနာဆိုမနာ လိုင်စင်ရထားသည့် မိတ်ဆွေရဟန်းတော်အချို့ကတော့ ရှင်ဂင်္ဂါ၏ မျက်နှာကို ပြုံးယောင်ယောင်မဲ့ယောင်ယောင် ဖြစ်အောင် ဖန်တီးနိုင်ခဲ့ကြပါပေသည်။
မည်သည့်အရာကိုမှ မသိမ်းပိုက်တတ်သော ရှင်ဂင်္ဂါသည် ဤစာအုပ်လေးကိုတော့ မြတ်နိုးမိလေသည်။

အဆောင်မှူးဆရာတော်တစ်ပါးက
‘’’ဘ၀ဆိုတာ သင်္ချာတစ်ပုဒ်လို ပုံသေတွက်ထားလို့ မရ၊ ပေါင်းချင်ပေါင်း၍ နှုတ်ချင်နှုတ်ရပေမည်။
မြှောက်တဲ့အခါ မြှောက်၍ စားတဲ့အခါလည်း စားရပေဦးမည်။ မရေရာလှ။ မရေရာတာတွေထဲက တစ်ခုတော့ ရှိသည်။ ကျွန်ုပ်တို့ ပြုမူဆောင်ရွက်ချက်အတိုင်း အကျိုးရလဒ်တွေကို ထွေးပွေ့ထားရမည် ဆိုတဲ့အချက်ပင်ဖြစ်သည် ’’ ဟု လမ်းညွှန်ပြသည်။

အဆောင်မှူးဆရာတော်နောက်တစ်ပါးကတော့
အရှုံးထဲက အမြတ်ကို ရယူပြီး အနိုင်ထဲက အနိုင်တွေ ထပ်ဆင့်ရနိုင်ပါစေ ဟု ဆုတောင်းပေးလိုက်သည်။

(၂)

မိတ်ဆွေရဟန်းရဟန်းတော်အချို့၏ အတွေးမှတ်စုအချို့ကို ကြည်နူးစွာ ဆက်ဖတ်မိသည်။

မော်ဒန်ဆိုတာ လျော်ကန်အောင် ဖွင့်ဆိုရင်တော့ ခေတ်မီတယ်ပေါ့။ ဒီနေရာမှာတော့ အဲဒီလို မဟုတ်ဘဲ မော်ဒန်ဆိုတာ တော်လှန်တယ်လို့ပဲ ယူဆချင်ပါတယ်။ တော်လှန်တာကို ပုန်ကန်တာနဲ့ တွဲသုံးပြီး နားလည်မှုမလွဲဖို့တော့ လိုတာပေါ့
အရှင်ရာဇိန္ဒာစာရ (တန့်ဆည်)


ရှင်မော်ဒန်ရေ
ဘ၀မှာ အနေတတ်
မကျေနပ်စရာ မရှိဘူးတဲ့
ကြိုက်တယ်ဗျာ..
ငါ့ရှင်ကော….

အားလုံးရဲ့ အရှည်ကြီး
ဦးဝိစာရဥာဏ

လှောင်ပြုံးတွေနဲ့ တွေ့ကြုံရတဲ့အခါ
အိပ်ကပ်ထဲမှာ အနာဂတ်ရှိကြောင်း
ရာစုအသစ်ထဲ မောင်းခတ်ဝင်လိုက်ရုံပေါ့.
ကဲ ရလာတဲ့ ၀တ်စုံ
ကြုံရတဲ့လမ်း
ဆင်မြန်းမယ့် ဖိနပ်
ခင်ဗျားကျေနပ်နိုင်ပါစေ..
ဝိုင်တူးကေအတွက် လောကကို
ခပ်ရင့်ရင့် ထွန်ယက်ကြပါစို့..

Empty ဒဏ်ရာ
ရှင်ဓမ္မ


အနာဂတ်ကို
နဖားကြိုးထိုးချင်ရင်တော့
အတွေးဟောင်းတွေကို သွန်ပစ်ဖို့ရယ်
ရာစုနှစ်ခါးရိုးကို ဂဟေသစ်ဆက်တတ်ဖို့ရယ် လိုမယ်လေ

အရှင်ဥာဏိန္ဒ (ရွှေကူ)

ကော့ဒ်မပါသော မှတ်စုများ
ဘာပင်မှ
စိုက်ပျိုးလို့ မဖြစ်ထွန်းတဲ့ ငါ့ရင်ဘတ်ပေါ်
လမင်းကို ကြဲချမိပေါ့..။


 သားဆိုး
အရှင်ကုမာရ


(၃)
ရှင်ဂင်္ဂါနှင့် ပတ်သက်သောမှတ်ချက်လေးများကလည်း ပီတိဖြစ်ဖွယ်… (ကိုယ့်အကြောင်းကောင်းတာလေးတွေ ရေးထားတာကိုး..)

ရှင်မော်ဒန်ပုံတူ

ရှင်မော်ဒန်၏ နှလုံးသားသည် သူ့မျက်ဝန်းလိုပင် ဖြူစင်၏။ ရိုးသား၏။ ရွှန်းလဲ့လင်းပ၏။ ဤသို့သောသူ…..။

သူ့အဇ္ဈတ္တအတွင်းက တိုးတိတ်ညင်သာစွာ စီးကျလာသော ဝေဒနာက္ခန္ဓာများစွာ၏ အသံတို့သည် တစ်ခါတစ်ခါ ကဗျာလှလှအဖြစ်.. တစ်ခါတစ်ခါ ၀ါကျပန်းခင်များအဖြစ် စီးဆင်းစေခဲ့၏။ ဤသို့သောသူ…..။

တက္ကသိုလ်ပြက္ခဒိန်များထဲကို တိုးဝင်ရင်း ………
ယုံကြည်ချက်နှင့် အိပ်မက်တို့ကို ခိုင်မြဲစေခဲ့၏..။ ဤသို့သောသူ…..။

ရင်ဘတ်ထဲက ကျည်ဆံကို ဆွဲနှုတ်ဖယ်ရှားလိုက်တဲ့အခါ အပစ်ခံရတုန်းကထက် စူးအောင့်နာကျင်မိတယ်…။ မငိုဘူး ဘယ်တော့မှ မငိုဘူး  မာနကို ပွေ့ဖက် မျက်ရည်များနဲ့ ငါဖြတ်သန်းခဲ့ပြီ။ ဤသို့သောသူ…..။

ဒီလိုနဲ့ ဖြူစင်စွာ ပြုံးရယ်တတ်သူ..
ပြုံးရယ်အောင် ပြုလုပ်တတ်တာလည်း သူ..။

သကျ


ဥပါဒါန်မှန်ဘီလူးကို ချွတ်ပြီး
ကိုယ်ပိုင်ဟန်နဲ့ အမြင်သစ်တွေ တွေးမြင်တတ်လို့ ကိုယ့်လူကို မော်ဒန် တဲ့..။
ကဲ ရှင်မော်ဒန်ရေ
အနာဂတ်စခန်းသိမ်းတိုက်ပွဲမှာ ဘယ်လို အတွေးအမြင်တွေနဲ့
အောင်ပွဲခံမလဲ..။
ပတ်ဝန်းကျင်က မှတ်ချက်ပြုမယ့် အသံအောင်လံလေးတွေကို အမြဲကြားချင်နေတယ်..

ကိုရင်ကြီး
အရှင်စန္ဒောဘာသ

ပိုက်ဆံကို ချွေတာသုံးပြီး
ဘ၀ကို ထွက်ပြေးမသွားရအောင် အတင်းချော့မော့ပေါင်းသင်းနေရတဲ့ အကာလခွေးအူသံတွေကြားမှာ ကျနော်တို့ ချစ်ကြည်စွာ နားလည်စွာ ရင်းနှီးစွာ သူငယ်ချင်းဖြစ်ခဲ့ကြတယ်..ဖြစ်နေဆဲ.(၁၉၉၉).။ ကမ္ဘာပျက်ပြီးနောက် ….ဖြစ်ဖူးတယ်..။

ကိုရင်ကြီး
(ကျောက်ပန်းတောင်း)

မြက်ဖျားနှင်းဟာ လေတိုက်ခတ်လို့ ကြေကျသွားသောအခါ ပတ်ဝန်းကျင်တစ်ခုလုံးအေးမြသွားတယ်တဲ့..။ အဲဒီလိုပဲ ဦးမော်ဒန်တိုက်ခတ်ပေးတဲ့ စေတနာလေးအေးကြောင့် ညီမောင်ရဲ့ ထင်မြင်ထားတဲ့ အရိပ်အယောင်တို့ဟာ ညီမောင်ရဲ့နှလုံးသားကို နိုးကြားစေခဲ့တယ်။ အေးမြစေခဲ့ပါတယ်..။ ဦးမော်ဒန်က ကွင်းလယ်ဖန်တီးရှင်ပါ..။
ကေသဝ
(မန္တလေး)

အနီးကပ်ဆုံးခေါင်းရင်းခန်းမှာ နံရံကို တဒုန်းဒုန်းခြေနဲ့ ကန်ပြီး အိပ်တတ်တဲ့ မောင်မော်ဒန်ရေ..
သူငယ်ချင်းက ပင်ကိုယ်အရည်အသွေးမညံ့သူဖြစ်လို့ ဖြစ်ချင်တာကို ကြိုးစားရယူဖို့ အချိန်တွေကို လွှင့်မပစ်ဖို့…နောင်တဆိုတဲ့ စကားလုံး မောင်မော်ဒန့်သမိုင်းမှာ မပါလာစေဖို့ အကြံပြုပါရစေ။
ကေအက်စ်
အရှင်ဝိဇယ(စစ်ကိုင်း)

သူနှင့် ကျွန်တော်အကြားတွင် စာမျက်နှာထူထူကြီးရှိမနေခဲ့ပါ။
သူနှင့် ဆုံသောအခါတွင်မူ စာမျက်နှာထူခြင်း ပါးခြင်းသည် မည်သို့မျှ အရေးမပါတော့။ ယခုအချိန်တွင် ခမ်းနားသော ရသများနှင့် မြစ်တစ်စင်းသည် ပင်လယ်ဝသို့ ဦးတည်နေပါပြီ။
ရှေးဟောင်းပြတိုက်တစ်ခု၏ နံရံတွင် ညနေခင်း ပန်းချီကားသည် လည်းကောင်း၊ မြင်းညိုစီးဓါးရှည်လွယ်သူရဲကောင်း ပန်းချီကားသည်လည်းကောင်း
 နေရာရလျက်…

မြက်ရိုင်းပင်သီအိုရီကို ဖွင့်ဆိုသော သူသည် လေပြေလေညင်းဖြစ်ခွင့်မရခဲ့..။ ဘ၀ခါးခါး အလွမ်းခါးခါးတို့ဖြင့် ညနေခင်းကို မျှားရင်း ပျော်ရွှင်ကျေနပ်နေခဲ့သူဖြစ်သည်။ မျဉ်းများ ဇယားကွက်များကို မုန်းသည် ဟု ဟစ်အော်နေတတ်သော်လည်း ကြက်ခြေခတ်မျဉ်းများကိုတော့ တပ်မက်စွာ ရေးဆွဲနေတတ်သူလည်း ဖြစ်သည်။

ကျွန်တော့်အတွက် အလင်းများကို ရဲဝံ့စွာ လွှင့်တတ်တတ်သူအဖြစ် အမြဲတမ်းသတိရစေမည့်သူဖြစ်ပါသည်။
Kumuda

(၃)
မိတ်ဆွေရဟန်းတော်တစ်ပါးကတော့ ရှင်ဂင်္ဂါကို ဘယ်အချိန်ကတည်းက သုတေသနပြုနေခဲ့သည်မသိ..။ ငယ်ကျိုးငယ်နာ စုံအောင် သုံးသပ်နိုင်သည်ကို တွေ့ရသည်။ မဲ့အောင်လည်း   နှိပ်တတ်…။ပျော်အောင်လည်း မြှောက်တတ်…။

မော်ဒန်…အင်း အခွင့်အရေးဆိုတာ နှစ်ခါ မရဘူး..။
တွေ့ကြသေးတာပေါ့..။
မော်ဒန်ဆိုတာ အရပ်က ခွေးပစ်တဲ့ ဒုတ်လောက်…။ အသားအရောင်က အိုးမဲခဲ…။ ရုပ်ကလာပ်က စုတ်ပြတ်..။ ဒို့တက္ကသိုလ်မှာ ရုပ်အဆိုးဆုံး…။ ဆံပင်က အမြဲတမ်းဘုတ်သိုးသိုး.. အရည်းကြီးသဏ္ဍာန်…။ အ၀တ်က အ၀ါရောင်သင်္ကန်းအမြဲဝတ်.. အသားအရောင်နဲ့ မလိုက်ဖက်..။ ပါးစပ်မှာ ကွမ်းက တဗြစ်ဗြစ်…သွားတော်က ညိုညစ်ညစ်..။ ကွမ်းဂျိုးက လက်လေးသစ်..။ မသိတာ မတတ်တာ မရှိ..။ သူမပါ ဘယ်ဟာမပြီး..။

ဒါကြောင့် မော်ဒန်လား…။ ဒီပေစုတ်စုတ် ယုတ်တုတ်တုတ်… ပုပ်သိုးသိုး..ချာတိတ်ကို အထင်မသေးလိုက်ပါနဲ့..။ ဒို့ကျောင်းတော်မှာ ဒီချာတိတ်ကို ရင်ဘောင်တန်းပြီး ယှဉ်ပြိုင်နိုင်သူ NO ONE!

လူက နှာပြီစုတ်..။ လမ်းသွားပုံက မိုးကို ဒူးနဲ့တိုက်တော့မယ့်ပုံ..။ စာအုပ်တစ်အုပ် အမြဲတမ်းကိုင်…။ လမ်းတွေ့သမျှ ဂျိုကြည့်ကြည့်..။ ဒီချာတိတ်ကို မင်းတို့ ပေါ့ပေါ့ ဆဆ မတွက်နဲ့..။ သူ့မှာ ချစ်စရာကောင်းတဲ့ အရာလေးတစ်ခု ရှိတယ်..။ စိတ်မဆိုးတတ်တဲ့ အကျင့်လေး..။ ဒါပေမယ့် ပြုံးရောင်သန်းနေတဲ့ မာနလေးတစ်ခုတော့ သူ့မှာ ရှိတယ်..။ ဒါကြောင့်ပေါ့ အနေစုတ်ပေမယ့် ရွှေထုပ်တဲ့ မြပ၀ါဆိုတာ ဒီချာတိတ်လေ..။
မော်ဒန်ရေ
ချာတိတ်ရဲ့ အတ္ထုပ္ပတ္တိကို ရေးခွင့်ပြုရင် တစ်ကမ္ဘာလုံးက အံ့သြသွားအောင် ဒို့ရေးလိုက်ချင်တယ်.။ ပေစုတ်စုတ်ကောင်လေးများအကြောင်းပေါ့..။

ကလပ်စ်က အမြဲလစ်။ မှတ်စုက နတ္ထိ..။ စာဖြေရက်မှာ ကျောက်တော်ကြီးဘုရားပွဲကြည့်..။ စာဖြေတော့ တောင်ခြစ်မြောက်ခြစ်..။ ဟောဗျာ..။ တစ်နှစ်မှ မကျ..။ အောင်မြင်လိုက်ပုံက မနာလိုစရာ..။ သရီးဒီ ဖိုးဒီ..။
အင်္ဂလိပ်မှာ ဆရာကြီးတစ်ဆူ..။ အတွေးအခေါ်မှာ အများထက်သာသူ..။ စာပေအနုပညာ အများနှင့် ရင်ဘောင်တန်းနိုင်သူ..။ ဥာဏ်ပညာ အများထက် ထက်မြက်သောသူ..။

မော်ဒန်ရေ ကိုယ်သာ ပါမောက္ခချုပ်ဖြစ်ရင် မဟာမော်ဒန်ဘွဲ့ပေးလိုက်ချင်ပါဘိ..။ လူကို မကြည့်နဲ့.. မူကို ကြည့် ဆိုပြီး လောကကြီးကို အော်ဟစ်ပစ်လိုက်ချင်ပါဘိ..။

မဟာမော်ဒန်ကို အစဉ်လေးစားပြီး
သိမ်ထပ်ချင်နေသူ
မစ္စတာနာတီပေါင်
(ရှင်သောဘနသာရ -ဆားတောင်)

(၄)

အော်တိုစာအုပ်အဟောင်းလေးကို ရှင်ဂင်္ဂါဆက်ဖတ်မိသည်။
မိတ်ဆွေရဟန်းတော်တစ်ပါး၏ ကဗျာလေးက ယခုလို ဒုတိယအရွယ်သို့ ကူးပြောင်းစအချိန်တွင် အတွေးများစွာကို ပေးလေသည်။

ကလေးဘ၀တုန်းက

မနက်ဖြန်မြန်မြန်ရောက်ချင်လို့
စောစောအိပ်ခဲ့တယ်
ဒီကနေ့ စောစော အိပ်ရင်တော့
မနက်ဖြန်ရောက်ဖို့
အကြာကြီးစောင့်ရလိမ့်မယ်။

ဖိုးရှမ်း
အရှင်နိမ္မလ


အော် မိတ်ဆွေများစွာ ......
နယ်ပယ်အသီးသီးမှာ မတွေ့တာလည်း ကြာပြီကော...။

မုဒိတာအလွမ်းများစွာဖြင့်

ဓမ္မဂင်္ဂါ
(၁၉-၅-၂၀၁၂)

No comments: