20 January, 2013

ရဟန်းနှင့် အပြုံးတောအုပ်

(၁)
ကျေးငှက်တေးသီသံတွေကို နာပျော်မှုမရှိတော့တာ ဘယ်လောက်ကြာပြီတဲ့လဲ..။
ဗာရာဏသီရောက် ရဟန်းတစ်ပါးရဲ့ သွေ့ခြောက်လှတဲ့ နေ့ရက်တွေအတွက် နောင်တရဖို့ လိုလေမလား...။
သူသည် အခန်းကျဉ်းလေးထဲတွင် ထိုင်ကာ ကွန်ပြူတာကီးဘုတ်ကို တချက်ချက်ရိုက်ရင်း ၀ါကျအချို့ စရေးဖြစ်သည်။
မကြာမီ ရွှေပြည်ကြီး၏ အပြုံးတောအုပ်တွင် သူ့စိတ်နှလုံးကို ပြန်လည်ရောနှောစိုက်ပျိုးခွင့်ရတော့မည်။

အပြုံးငတ်သူအတွက် အမဲ့တဒင်္ဂသည် ကြာရှည်၏။
မဇ္ဈိမတွင် ခြောက်နှစ်တာအပြုံးမဲ့နေ့ရက်များကို သူ ဖြတ်သန်းခဲ့ရပြီးပြီပဲ..။
ပိဋကတ်စာမျက်နှာများပေါ် ဖြတ်သန်းရစဉ်က ခံစားမြင်သိခဲ့ရသော ဘီစီခြောက်ရာစုမဇ္ဈိမ၏ ခမ်းနားသော အသွင်အပြင်နှင့် သိမ်မွေ့သော စိတ်နှလုံးပိုင်ရှင်တို့၏ သိတ၊ဟသိတအပြုံးများက ကာလကတ္တားမြို့တော် ဆူဘတ်ချန္ဒရာဘို့စ်လေဆိပ်မှ ထွက်သည်နှင့် ပျောက်ရှသွားပြီးဖြစ်ကြာင်း သေချာခဲ့သည်။

မူလပကတိရွှေပြည်ကြီးသားမြန်မာတစ်ယောက်၏ စိတ်အခြေခံနှင့် တိုက်ဆိုင်မှုမရှိ၊ ကွဲပြားခြားနားလှသော ခေတ်သစ်မဇ္ဈိမ၏ ဖော်ရွေမှုကင်း၊ ရိုင်းပင်းမှုမရှိသည့် ယဉ်ကျေးမှုအခင်းအကျင်းကို သူ ဘ၀င်မကျခဲ့...။
ခုတော့ မဇ္ဈိမ၏ မပျော်ခြောက်နှစ်၊ပျော်ခြောက်နှစ်ကာလ ကုန်ဆုံးသွားခဲ့ပြီ..။
Yeah ...Freedom from the Smile-less days! :D

သို့ပေမင့် ရွှေပြည်ကြီး၏ ပစ္စက္ခအရေးအရာအသိုက်အမြုံအပြောင်းအလဲများက
အဲဒီအပြုံးတွေကို ခုတ်ထွင်ထားခဲ့လျှင်ရော...။
သိုက်ဆရာတွေက လှေပေါ်မှာ တဲ..။ ရွှေပြည်ကြီး၏ အသွေးအသားမှန်သမျှကို တူးဆွနေကြသည်။
အပြုံးငုတ်တိုများဖြင့် ဗြဟ္မစိုရ်စိမ်းလန်းမှုပြုံးတီးနေသော တရံရောဆီကအပြုံးတောအုပ်ကြီး..။
သူ နည်းနည်းတော့ ပူစပ်စပ်ဖြစ်သွားသည်။ ဝေဒနာက္ခန္ဓာများလည်း မလုံမခြုံဖြစ်သွားရ၏။

ရွှေပြည်ကြီးက ပြောင်းလဲနေသည် နှင့် ပြောင်းလဲနေပြီကြားထဲ ခပ်မူးမူးလျှောက်နေရဟန်တူသည်။
သတင်းစာမျက်နှာများကို ဖတ်ကြည့်မိလေတိုင်း မနာလိုဝန်တိုမှု၊ ပဋိပက္ခ၊ ၀ိရောဓိနှင့် ရန်လိုချင်သော စကားလုံးတို့ဖြင့် ရွှေပြည်တော်ကို မျှော်နေကြသည်။
ရွှေပြည်တော်ရယ် မျှော်လေတိုင်း ဝေး........
ဓူဝံကြယ်စင် မြင်နေလည်း ဝေး........။

ဗြဟ္မစိုရ်တန်ဖိုးများနဲ့ ဘာဖြစ်လို့များ အုတ်မြစ်မချနိုင်ကြသေးပါလိမ့်...။
ကိုယ့်ကိုယ့်ကိုယ် ခွင့်မလွှတ်တတ်တော့ သူတစ်ပါးကိုလည်း ခွင့်မလွှတ်တတ်တော့လေပြီလား...။
အိပ်ရာက နိုးထလေတိုင်း အကြိတ်အခဲတစ်ခုက ရင်ဘတ်တိုင်းကို ဆောင့်တိုးနေကြဆဲပဲ ထင်သည်..။
အာဃာတတရားဆိုတာ အနှောင်အဖွဲ့တစ်မျိုးပါပဲလေ...။

ဗုဒ္ဓအရှင်ရဲ့ အက္ကောဓေန ဇိနေ ကောဓံ ရန်လိုမှုကို မေတ္တာနဲ့ အနိုင်ယူ  ဒေသနာဆိုတာ
ဓမ္မကထိကနှုတ်ဖျားက ထွက်ကျလာတဲ့အခါသာ သာဓုခေါ်ကောင်းရုံပဲ ဖြစ်မယ် ထင်ရဲ့...။
တကယ်တော့ မိတ်ဆွေရဟန်းတော်တစ်ပါးပြောဖူးသလို ငါတို့ အမျိုးတွေက
စက္ကူပေါ်က ဗုဒ္ဓဘာသာဝင်တွေ (Buddhists on the paper) တဲ့..။

လွန်ခဲ့သောနှစ်က မြောက်ဝန်ရိုးစွန်းက စကင်ဒီနေဗီယန်းနိုင်ငံများကို နှံ့လုနီးပါးရောက်သွားခဲ့သည်။
ဗုဒ္ဓတရားတော်နှင့်ညီညွတ်သည့် နေထိုင်မှုအနုပညာ( The Buddhist Art of Living) ထွန်းကားသီးပွင့်နေတာ ငြိမ်းချမ်းပျော်ရွှင်ဖွယ်ရာ ကိုယ်တိုင်မြင်ခဲ့ရသည်။
ဗုဒ္ဓဘာသာဆိုသော ဆိုင်းဘုတ်ကြီးများ မတွေ့ခဲ့ရ...။

ထိုနိုင်ငံ၊ ထိုလူမျိုးတို့က ဗုဒ္ဓအရှင်၏ မင်္ဂလာတရားတော်များကို လက်တွေ့ကျင့်သုံးဆောက်တည်နေကြသည်။
မင်္ဂလာတရားတော်များသည် ထိုနိုင်ငံများတွင် လမ်းပြမြေပုံ(Road Map) အစစ်
ဖြစ်နေသည်။  အေးချမ်းလှသော စကင်ဒီနေဗီယန် အပြုံးများကို  သူ မမေ့..။ After you ကျင့်ဝတ်ကို သူ မြတ်နိုးခဲ့ရသည်။
ဒီကမ္ဘာပေါ်မှာ လူသားတစ်ဦးနဲ့ တစ်ဦး နူးညံ့ခြင်းပြိုင်ပွဲမရှိတာကိုတော့ ကျနော်က ရယ်သွမ်းသွေးလိုလှပါတယ် ဟု ရေးဖွဲ့ခဲ့သောကဗျာဆရာကြီး မောင်ချောနွယ် သည် ရွှေပြည်ကြီး တစ်ခုတည်း၏ အခင်းအကျင်းကိုသာ စိတ်မောစွာ  မြင်သွားတာပဲဖြစ်ပေမမည်။။
(မော်ဒန်ကဗျာ က၀ိကြီးခမျာ ကျားတံဆိပ်တစ်လုံးနဲ့ မြောက်ဝင်ရိုးစွန်းမှာ မုဒိတာ စကားလုံးေ တွ ရေးဖွဲ့ မသွားရရှာ..။)

နော်ဝေနိုင်ငံသားတို့၏ စိတ်ရှုခင်းကို ကြည့်ပါလေဦး..။ နိုင်ငံအညွန့် အညှောက်လူငယ်မျိုးဆက်လေးများကို အစုအပြုံလိုက်သတ်ဖြတ်ခဲ့သည့် လူသတ်သမားကိုပင် ခွင့်လွှတ်နိုင်ကြလေသည် တဲ့ ။ ဥပဒေကသာ အပြစ်ကို သုတ်သင်ပေးလိမ့်မည်..ဟူသောအတွေးအခေါ်ဖြင့်
တိမ်းပါးသွားကြရှာသည့် လူငယ်မျိုးဆက်လေးများ၏ ကျန်ရစ်သူမိသားစုများကို ဘယ်လိုနှစ်သိမ့်ကြမလဲ ဆိုသည်ကိုသာ ဦးတည်ခဲ့ကြသည်.။ ကျန်ရစ်သူတို့၏ မျက်ရည်များကိုသာ သောကစင်အောင် သုတ်ပေးဖို့ ကြိုးစားခဲ့ကြသည်..။

နောက်ထပ်သေနတ်သံများ မကြားရလေအောင် လူသတ်သမား၏ နောက်ကြောင်း ဘ၀ကို ခြေရာခံကြသည်။။ ဘယ်လိုစိတ်ဒဏ်ရာတွေနဲ့များ ကြီးပြင်း ခဲ့ပါသလဲ...။ ဒီလို စိတ်အနာမျိုး လူဘယ်နှစ်ဦးဆီ ကူးစက်နေခဲ့ပြီလဲ...။
ကြိုတင်ကာကွယ်ဖို့ ပြင်ဆင်ကြသည်။

ရွှေပြည်ကြီးမှာလည်း စိတ်အနာတွေက များလှပါပကော...။
စိတ်အနာတွေပေါ် ဖိဖိမနင်းကြဖို့.....။
နာနေသူတွေကိုယ်တိုင်လည်း မေတ္တာဆေးဝါးသောက်သုံးကုသကြဖို့...။

မလွယ်မှန်းသိပေမယ့်
တစ်ခြားနည်းလမ်းတွေက မိးခိုးတွေ အူလွန်းတယ်..။
ထမင်းအိုးလေးတွေ မှောက်လွန်းတယ်...။
စာသင်ခန်းလေးတွေ မှောင်လွန်းတယ်...။

ဘာပဲဖြစ်ဖြစ်.. ရွှေပြည်ကြီး၏ ပျောက်ဆုံးလောင်ကျွမ်းနေသော အပြုံးေ တာအုပ် များကို ပြန်လည် စိုက်ပျိုးကြရပါဦးမည်။
သူကိုယ်တိုင်မှာရော... အပြုံးအခက်အလက်တွေ ဝေဆာနေပါသေးရဲ့လား..။
သစ်ပင်တစ်ပင်၏ ရယ်သံကို ကြားမိသလိုလို....။

ဓမ္မဂင်္ဂါ
(၂၀-၁-၂၀၁၃)

2 comments:

Thithi Moe said...

very good post par pa yar . Thanks. _/\__/\__/\_

Thithi Moe said...

:) very good post par pa yar.