16 July, 2013

ရဟန်းနှင့် ပါရီ

ရဟန်းနှင့် ပါရီ
========
မိုးစက်များကြောင့် အတွေးများ ရေစိုသွားသည်။ လွန်ခဲ့သောနှစ်က ရန်ကုန်မြို့တော်နှင့် ကီလိုမီတာ ရှစ်ထောင်ကျော်ခန့်ဝေးသည့် ပါရီ၏ အအေးမိနေသောလမ်းများပေါ်တွင် သူနှာစေးနေခဲ့သည်။
အမှတ်အသားနည်းလှသော သူသည် လမ်းများနှင့် ပတ်သက်၍ ဘယ်တော့မှ ကျွမ်းကျင်လိမ့်မည်မထင်..။ ပါးစပ်ပါ ရွာရောက်ဥပဒေသနှင့် ကမ္ဘာပတ်လည် ရက်ရှစ်ဆယ်လုပ်ခဲ့သည်က များသည်။

ချားလ်ဒီဂေါလေဆိပ်သည် သူ ပထမဆုံးခြေချဖြစ်သော ဥရောပမြေဖြစ်သည်။ အဖြူထဲမှာ အမဲတွေ ထူထူထပ်ထပ်ရှိသော လူနေမှုအသိုက်အအုံကြီးကို ဘွားကနဲ တွေ့လိုက်ရ၏။ အဖရိကန်ငနဲတို့၏ လက်ကို မှီနွဲ့ချိတ်တွဲထားသော ပါရီသူဖြူဖြူလေးများက ဂေါလတို့၏ အနာဂတ်ကို ခြိမ်းခြောက်နေလေသလား..။
မသီတာထွေးဂယက်နှင့် ဘာသာခြားကမ္ဘာတွင် မထိတ်သာ မလန့်သာအကြည့်များ ရှိနေသလို မသိုးမသန့်ဖြစ်မိသေး၏။ ယခုနှစ်လိုဆိုလျင်တော့ အရှေ့အနောက်ဝဲယာကမ္ဘာ့နံရံတံခါးများကို ရဟန်းအသွင်ဖြင့် ခေါက်ရန် မ၀ံ့ရဲ..။ 

ပါရီတွင် သူ သုံးရက်ကြာသွားသည်။ 
အီဖယ်လ်မျှော်စင်တက်ဖို့ သုံးနာရီကြာအောင် စောင့်ရသည့် ၀ဋ်ဒုက္ခသည် ကဗျာ တစ်ပုဒ်ဖြစ်လာဖို့ကောင်းသည်
သို့သော် သူက အက်စ်ပရက်ဆိုကော်ဖီခါးခါးများကိုသာ တစ်ခွက်ပြီးတစ်ခွက်သောက်တတ်လာလေသည်။
ပါရှန်းမျိုးနွယ်မိသားစုနှင့်အတူ အပြုံးချင်းဖလှယ်ထားကာ ရေအိမ်ပြေးဝင်လိုက်၊ ကော်ဖီသောက်လိုက်ဖြင့် အီဖယ်လ်ကိုေ မာ့မော့ကြည့် ရသော စောင့်မျှော်ခြင်း နာရီများကို ဖြတ်သန်းစဉ် နေရာမပျောက်အောင် မိတ်ဖွဲ့ရသည်။ ဘာသာမတူ၊ လူမျိုးကွဲပြားသော ရပ်ဝန်းတွင် ငြိမ်းချမ်းရေးဂျိုးဖြူငှက်များ လွတ်လပ်စွာ  ပျံသန်းကြပါစေ..။

 အီဖယ်လ်မျှော်စင်ထိပ်မှ ပါရီကို ခံစားသည်။
 ပြင်သစ်တော်လှန်ရေးကို သံဝေဂယူသည်။
မေရီအင်တွိုင်းနက်၏ ကိတ်မုန့်ကို ပြန်စားသည်။
ဒါးတညံ့တို့ အဖွဲ့၏ သူရဲကောင်းဝတ်စုံကို ၀တ်ကြည့်သည်။
 နော်တာဒမ်ဘုရားကျောင်းက ခေါင်းလောင်းသံကို စိတ်နားစွင့်သည်။

ရှောင်ဇေးလီဇေးလမ်းမကြီးပေါ်တွင် မိုးတွေ သဲနေတဲ့ကြားက ပါရီမုခ်ဦးဆီ ဦးတည်ကာ ငါးမိနစ်ခန့် လျှောက်ပစ်လိုက်သည်။
စိန်းမြစ်ကမ်းဘေးတွင် ထိုင်မိသော ရဟန်းတစ်ပါးသည် ပါရီ၏ ဖက်ရှင်တစ်မျိုးဖြစ်ကောင်းဖြစ်နိုင်သည်။
လူဗရေးပြတိုက်ထဲ မိုနာလီဇာ၏ အပြုံးကို ဓါတ်ခွဲရှုမှတ်ဖို့ ခပ်သုတ်သုတ်ပြေးဝင်မိချိန်တွင်
''ဒီနေ့အတွက် နောက်ကျသွားပါပြီ မွန်ဆီညော်...။"

ဓမ္မဂင်္ဂါ
(၁၆-၇-၂၀၁၃)

No comments: