18 March, 2014

သြစတြေးလျပလပ်စ်ဥရောပခရီး(၃)


(ဆစ်ဒနီကဇာတ်ရုံ)
===========



သြစတြေးလျပလပ်စ်ဥရောပခရီး(၃)
===================
၂၆-၀၅-၂၀၁၂
ညနေ ၅း၀၀ နာရီ
ဆစ်ဒနီကဇာတ်ရုံ
ဆစ်ဒနီမြို့၊သြစတြေးလျနိုင်ငံ

ဂျပ်ဇ်တေးဂီတဖြင့် သက်ဝင်လှုပ်ရှားနေသော ဆစ်ဒနီဆိပ်ကမ်းသည်
ရဟန်းတစ်ပါးနှင့် အကျွမ်းဝင်အပ်သောရပ်ဝန်းတစ်ခု ဘယ်တော့မှ မဖြစ်နိုင်ပါ..။ သို့သော် တရုတ်ခရီးသွားရဟန်းဖာဟီယန်နှင့် ဟူယင်ဆန်တို့ ကို အားကျဖူးသည့် ငယ်စိတ်ငယ်သွေးက စကြာလှေဆိပ်(Circular Quay)ရှိ စင်္ကြန်လမ်းပေါ်တွင် မိနစ်အနည်းငယ်ကြာ ဆိပ်ကမ်းငေးသူဖြစ်လာစေပါသည်။ စက်ဝိုင်းသဏ္ဍာန်လှေဆိပ်က ဆစ်ဒနီနှစ်ကူးညများနှင့် ရာသီအလိုက်ပျော်ပွဲများ
နွှဲကြသည့် သာယာပွင့်လင်းသော ညီမူရာတစ်ခုဖြစ်သည်။
စင်ကာပူမာရီနာဘေးသည် စကြာလှေဆိပ်ကို ပုံတူကူးထားဟန်တူသည်။
ဆစ်ဒနီက လိမ္မောသီးခြမ်း...။
စင်ကာပူက ဒူးရင်းသီးခြမ်း......။

(စကြာလှေဆိပ်(Circular Quay))



အမှန်တကယ်ပင် လိမ္မောသီခြမ်း(၁၄)စိပ်ကို ဆက်စပ်ပုံဖော်ထားသော ခေတ်သစ်ကဇာတ်ရုံသည် အချိန်တိုတွင်းမှာပင် ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကို၏ အသိအမှတ်ပြုခြင်း ခံရလေသည် တဲ့..။
အခြေ၊ အခွံနှင့် အတွင်းအလှဆင်ခြင်း ဟု သုံးဆင့်တည်ဆောက်ရသော ကဇာတ်ရုံသည်
ခန့်မှန်းတည်ဆောက်ကာလ (၇)နှစ်သတ်မှတ်ခဲ့သည့်တိုင် (၁၇)နှစ်ကြာမြင့်ခဲ့သလို ခန့်မှန်းကုန်ကျစရိတ်(၇)သန်းမျှဟု တွက်ချက်ခဲ့ကြသော်လည်း ဆယ့်လေးဆမျှပိုမိုခဲ့သည်။
အော် လှပေမှာပေါ့...
ဆန်းပေမှာပေါ့...
အံသြဖွယ်ကောင်းပေမှာပေါ့....။
ဒေါ်လာ(၁၀၃)သန်းမျှ ကုန်ကျခဲ့ပေသကိုး....။နှစ်ဆယ်ရာစု၏ အထင်ရှားဆုံး..။ အနုပညာဖျော်ဖြေမှုအားအကောင်းဆုံးဗိမာန်ကြီးတစ်ခုရှေ့တွင် သူ့ရပ်နေခဲ့တာပါပဲလား...။

ဖွင့်ပွဲကျင်းပတော့ ဒုတိယမြောက်အယ်လီဇဘက်ဘုရင်မကြီးကိုယ်တိုင်ကြွရောက်ကာ ရုပ်သံများက မှတ်တမ်းရိုက်ကူးကြ၊ မီးရှုးမီးပန်းတွေ ပစ်ဖောက်ကြ၊ တက်ရောက်ကြသည့် လူထု ပရိသတ်က ၀က်ဝက်ကွဲ......။ ဘီသိုဗင်ရဲ့ န၀မမြောက်ဆင်ဖိုနီက ကဇာတ်ရုံအဖွင့်တေးသွားဖြစ်လေသတဲ့....။
ပစိဖိတ်သမုဒ္ဒရာထဲမှာလည်း ကိုးန၀င်းနိမိတ်ဖြင့် အောင်အတိတ်ယူလေသည်ထင်ရဲ့...။

ကဇာတ်ရုံဖိုင်တွဲကို သူစောကြောမိတော့ စိတ်ဝင်စားဖွယ် အခန်းကိုမှ ကလစ်နှိပ်မိသွားသည်။
အနုပညာနှင့် အာဏာ....။ ကဇာတ်ရုံကြီးကို တည်ဆောက်ဖို့ တောင်ဝေလပြည်နယ်သစ်(New Southwales)အစိုးရက အိပ်မက်မက်ခဲ့တာ ၁၉၄၀ သက္ကရာဇ်များဆီကပင်ဖြစ်သည်။ ဆစ်ဒနီအနုပညာကျောင်းက ကျင်းပနေသည့် သမားရိုးကျကပွဲအတွက် မြို့တော်ခန်းမနှင့် လုံလောက်သော်လည်း မဟာဂီတဖျော်ဖြေမှုများအတွက် ကြီးကျယ်သောခန်းမတစ်ခုအမှန်တကယ်လိုအပ်နေပြီ..။ သို့နှင့် ကမ္ဘာ့ဗိသုကာပညာရှင်များကို ဖိတ်ခေါ်ကာ ဒီဇိုင်းပြိုင်ပွဲကြီးကျင်းပခဲ့သည်။ နိုင်ငံပေါင်း (၃၂)နိုင်ငံ၊ လက်ရာပေါင်း (၂၃၃)ခုထဲမှာ ရွေးချယ်ခံရသည်က ဒိန်းမတ်ဗိသုကာ ယွန်းအိုဘာဂ်အုဒ်ဆန် (Jørn Oberg Utzon)ဖြစ်သည်။

နက်နဲရှုပ်ထွေးလှပြီး တန်ဖိုးမြင့်မိုရ်ဖြစ်နေသည့် ဗိသုကာလက်ရာအတွက် အာဏာပိုင်အဖွဲ့အတွင်း အငြင်းပွားဖွယ်များစွာ ကြုံခဲ့ရသည်။ မကျွမ်းကျင်သောအင်ဂျင်နီယာများက ရေးဆွဲမပြီးသေးသော ဒီဇိုင်းများကို လက်ကိုင်ပြုကာ တည်ဆောက်ရေးလုပ်ငန်းစကြသည်။ အခြေခိုင်ခံ့မှုမရှိသည့်အတွက် ပြန်လည်ဖြိုဖျက်တည်ဆောက်ရသည်ထိ အလေအလွင့်ဖြစ်ခဲ့၏။

ကဇာတ်ရုံကြီးတည်ဆောက်ရေး မူလအဆိုပြုခဲ့သည့် ပြည်နယ်အစိုးရ၀န်ကြီးချုပ် ကွယ်လွန်သွားသည့်အခါ နောက်တက်လာသည့်ပြည်နယ်အစိုးရက အားမပေးချင်...။ သည်စီမံကိန်းကြီးကို ဝေဘန်တိုက်ခိုက်ရင်း မဲအနိုင်ရလာသည်ဟုပင် ဆိုစမှတ်ရှိသည်..။ ပိုဆိုးသည်က တာဝန်ခံရသည့်ပြည်သူပိုင်လုပ်ငန်းဆိုင်ရာဝန်ကြီးဖြစ်သူ မစ္စတာဟူးစ်(Davis Hughes)က အနုပညာ၊ဂီတ၊ဗိသုကာနှင့် အလှတရားဆိုသည်များကို နည်းနည်းလေးမှ စိတ်မ၀င်စား...။ ပြီးတော့ ဘွဲ့ဒီဂရီအတုဖြင့် လူစွာ လုပ်ခဲ့ဖူးသည့် နာမည်ပျက်ရှိသူ...။

အာဏာကို ဆုပ်ကိုင်ထားသော ပညာမဲ့ဝန်ကြီးက ဗိသုကာပညာရှင်၏ အနုပညာလက်ရာများကို မေးခွန်းထုတ်သည်၊ သရော်သည်။ ပြဿနာလုပ်သည်။ ဆောက်လက်စလုပ်ငန်းများအတွက် ငွေကြေးထုတ်ပေးရန် ငြင်းပယ်သည်အထိ အခြေအနေဆိုးဝါးလာသည်။

နောက်ဆုံးတော့
အာဏာလှိုင်းတံပိုးအောက်တွင် စိတ်လှေမှောက်ခြင်းဒဏ်မခံနိုင်သော ပညာရှင်က ဆစ်ဒနီကို တစ်သက်တာထာဝရကျောခိုင်းပြီဖြစ်ကြောင်း ကြေငြာအဓိဋ္ဌာန်ပြုကာ မိခင်နိုင်ငံသို့ ပြန်သွားခဲ့တော့သည်။ မည်သို့ဆိုစေ ၁၉၅၈ မှ စတင်ကာ ဘဏ္ဍာငွေကြေးများစွာ စိုက်ထုတ်ကုန်ကျခဲ့ပြီးသည့် အော်ပရာပရောဂျက်ကြီးကို ၁၉ ၇၃ ခုနှစ်တွင် အောင်မြင်စွာ အပြီးသတ်နိုင်ခဲ့သည်။ သတ်မှတ်ကာလနှင့် ခန့်မှန်းကုန်ကျစရိတ်ထက် အဆပေါင်းများစွာ သာလွန်သွားရသည်။

တစ်ကမ္ဘာလုံးက စိတ်ဝင်စားသော ခမ်းနားလှသည့်ဖွင့်ပွဲအခမ်းအနားတွင် ဗိသုကာကြီးကိုယ်တိုင် ဆင်နွှဲခွင့်မရခဲ့..။ နယူးဆော့သ်ဝေးလ်သားတို့ ပူဇာစ မင်္ဂလာချို့တဲ့ခဲ့ကြသည် ..။
ဂုဏ်ပြုထိုက်သည့် ဗိသုကာပညာရှင်ကြီးကို မဖိတ်ကြားခဲ့သလို အမည်ကိုပင် မကြေငြာခဲ့ကြ..။
အာဏာလက်ကိုင်ရှိနေသေးသည့် ၀န်ကြီး၏ တမင်ညစ်ထားခြင်းဖြစ်မည်..။
မစ္စတာဟူးစ်က ၁၉ ၇၃ အထိ ဗျူရိုကရက်တစ်ဦးအဖြစ် တည်ရှိနေဆဲဖြစ်သည်။
အာဏာ၏ သဘောက တွေးခေါ်ဆင်ခြင်မှုပညာကို ဆန့်ကျင်လိုပြီး သနားကြင်နာမှုကရုဏာနှင့် ဂုဏ်ယူဝမ်းမြောက်မှုမုဒိတာကို အမှောင်ချကာ မနာလိုမှုဣဿာနှင့် ၀န်တိုမှုမစ္ဆရိယများကို မီးမွှေးတတ်ကြမြဲဖြစ်သည်။ ပညာနယ်ပယ်တွင် အာဏာဖြင့် လူတွင်ကျယ်လုပ်ချင်ကြသေးသည်မဟုတ်လား...။
သို့ဖြင့် မစ္စတာဟူးစ်နှင့် အူဒ်ဆန်တို့ ကြား လူမှုရေးတံတားထိုးနိုင်ခဲ့ကြဟန်မတူ...။

မစ္စတာဟူးစ်လွန်ကာလများမှာတော့ ကဇာတ်ရုံကြီးမွမ်းမံရေးလုပ်ငန်းစဉ်များအတွက် ဗိသုကာကြီးကို ပြန်လည်ဖိတ်ခေါ်ခဲ့ပါသည်။ ၂၀၀၄ ခုနှစ်မှာတော့ အူဒ်ဆန်ခန်းမကြီးတစ်ခု ဖွင့်လှစ်ကာ ဗိသုကာကြီးအား ဂုဏ်ပြုခဲ့ကြ၏..။ အော် ကောင်းလေစွ...။


သူ ဆစ်ဒနီဆိပ်ကမ်းကို ငေးနေမိဆဲဖြစ်သည်..။ ဆိပ်ကမ်းစင်္ကြန်ပေါ်တွင် နိုင်ငံတကာခရီးသွားများ၊ အပန်းဖြေလမ်းလျှောက်ကြသူများ၊ ဗျစ်ရည်မွတ်သူများဖြင့် စည်းကားနေသည်။ မြေအောက်စင်္ကြန်ဆည်ဆာဘားဆီက ဂျဇ်တေးသွားများ လွင့်ပျံလာသည့်အတွက် ဓမ္မဂီတဝေ့စည်လှသော ရွှေပြည်ကြီးဆီက ဆည်းလည်းခတ်သံများကို လွမ်းဆွတ်မိသေးတော့သည်..။








(ဆစ်ဒနီဆွမ်းကျွေးအလှူ)


အမှန်တကယ်တော့ မစ္စတာအူဒ်ဆ်၏ အနုသုခုမဗိသုကာလက်ရာကို မြည်းစမ်းရန်
သူတည်းခိုရာယူနိုရာမြန်မာဘုန်းတော်ကြီးကျောင်းမှ
အချိန်လုကာ အရောက်လာခဲ့ရခြင်းဖြစ်သည်..။
မနက်ခင်းကတည်းက သူနားရသည်မရှိ...။ ရွှေပြည်ကြီးသားသံဃာတော်တို့ ကြွရောက်လာခိုက် ကုသိုလ်စိုက်ခင်းပျိုးလိုကြသည့် ရွှေပြည်ကြီးနွယ်ဝင်အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ ပင့်ဖိတ်ရာအိမ်ဂေဟာများသို့
အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဘုန်းပေးရန် ကြွရောက်ခဲ့ရသည်..။

ထေရ်ကြီးဝါကြီးဆရာတော်တစ်ပါးဦးဆောင်ရာနောက်သို့ လိုက်ရ၏။

ရာသီက ချမ်းလှသမို့ အနွေးထည်အထပ်ထပ်အောက်ခံထားကာ သင်္ကန်းကို အ၀န်းညီစွာ ၀တ်ရုံရ၏။

သို့သော် ပွယောင်းယောင်း...။

ထိုကုသိုလ်ပွဲများပြီးကာမှ လောကီထုပ္ဗါတ်တို့ကို ဖော်ညွန်းရာ ဆစ်ဒနီကဇာတ်ရုံသို့....။

ဒေါ်သီတာဆွေက အိမ်က ကားကို ထုတ်ယူကာ ရထားဘူတာရုံလေးတစ်ခုဆီ မောင်းပို့သည်။

“ ကဇာတ်ရုံကိုတော့ ရထားစီးသွားမယ်ဘုရာ့...။ ဒီမှာက ကိုယ်ပိုင်ကားဆိုတာ ဖိနပ်တစ်ရံလိုပါပဲ ...။ ဘူတာရုံနဲ့ ဘတ်စ်ကားဂိတ်တွေဆီ သွားဖို့ အသုံးပြုကြတာပဲ...။ နေရာလွတ်တစ်ခုမှာ

ကားကို ထိုးထားပြီး လိုရာခရီးကို ရထား သို့မဟုတ် ဘတ်စ်ကားစီးသွားကြရုံပဲ..”




(ဆက်ရန်)

ဓမ္မဂင်္ဂါ

ဆစ်ဒနီမြန်မာဘုန်းတော်ကြီးကျောင်းနှင့် ကျောင်းကမ္ဗည်း

1 comment:

sainay min said...

အရှင်ဘုရားရဲ့ စာအရေးအသားတွေက အရမ်းကိုကောင်းပါတယ်...တကယ်တော့တရားဆိုတာ လူသားတိုင်းအတွက်ကောင်းသော အကျင့်မြတ်ပါပဲဘုရား.............။